သရော်စာ

ဖွတ်ကလေးနှင့် ခက်သေးရွာ ယုန်ကန်ဆေးရုံကြီး အဆင့်မြင့်မားရေး (အပိုင်း -၂)

အီကြာအော်
ဒီဇင်ဘာ ၂၃၊ ၂၀၁၂

သူကြီးတစ်ယောက် ယုန်ကန်ဆေးရုံကြီးသို့ သွားရောက် ကွင်းဆင်းလေ့လာသောသတင်းမှာ ခက်သေးရွာ တစ်ရွာလံး တောမီးပမာ ပျံ့  နှံ့သွားလေတော့သည်။ သူကြီးက ဆေးရုံကြီးကို အဆင့်မြှင့်မည် ပြောထားသည် မဟုတ်ပါလား။

ယုန်ကန်ဆေးရုံကြီးတွင် အလုပ်ရပြီးကတည်းက ပျောက်ချက်သားကောင်းနေသော ဖွတ်ကလေးတစ်ယောက်လည်း ဒီနေ့မှ ပေါ်လာတော့ သည်။

“ဆရာအော်ကို ပြန်ပြီး ဖောက်သည် ချရဦးမယ်”

အီကြာအော်မှာ သိချင်စိတ်က တစ်ပိုင်းသေ နေသော်လည်း ဟန်ဆောင် လိုက်ပြီး

“ဘာများထူးလို့လည်းကွ ဖွတ်ကလေးရ”
“ထူးတာမှ ရှယ်ထူးထူးတယ် ဆရာရေ့ ”

အီကြာအော်လည်း ဆက်ပြီးဟန်မဆောင်နိုင်တော့ပဲ

“ဘာများလည်း၊ မြန်မြန်ပြောစမ်းပါကွာ”

ခက်သေးရွာသားတို့ ထုံးစံအတိုင်း ကိုယ်တိုင်က ဘာမှမလုပ်ပဲ တစ်ခုခုဆိုလျှင် ကိုယ်ဝန်ဆောင်က လက်သည်ကို ကို အားကိုးသလို သူကြီးကိုသာ အားကိုးချင်တော့သည်။ ကိုယ်တိုင်ကတော့ ညှစ်ဖို့ကို နည်းနည်းတာင် မစဉ်းစားကြ။ အခုလည်း ဆေးရုံကြီးတိုးတက်ဖို့ သြုံဖွဆိုပြီး သုကြီးက လုပ်နိုင်မည် ထင်ကြသည်။သနားစရာပေတကား။

“သူကြီးက ဆေးရုံတစ်ခွင်လုံး ပြဲပြဲစင် ကြည့်သွားတယ်ဗျ”
“အိမ်သာတွေ ရေချိုးခန်းတွေတောင် မကျန်ဘူး”

အီကြာအော်လည်း အံ့သြစွာဖြင့်

“ဟုတ်လားကွ”
“ဟုတ်တယ်ဗျ၊ လူနာတွေရော၊ အောက်ခြေ အလုပ်သမားတွေပါ သေချာ ဗျူးသွားတာ”

အရင်တုန်းက လုကြီးများလာလျှင် လိုအပ်သည်များကို ညွှန်ကြားသည်ကိုသာ သတင်းစာထဲတွင် ဖတ်ဘူးသည်မို့ အီကြာအော်အတွက် အထူးအဆန်း သတင်းကြီးတစ်ရပ် ဖြစ်တော့သည်။

“ဘာတွေ တွေ့သွားသေးလည်းကွ”
“ဆေးရုံမှာ ပတ်တီးတို့ အပ်တို့ကအစ မရှိတာတွေ တွေ့သွားတာပေါ့”

“ဒါတောင် အောက်စီဂျင်ကအစ ၀ယ်ရှုရတော့ ငွေမရှိရင် ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ အလှုရှင် လိုက်ရှာရတာ မြင်မသွားဘူး”

အီကြာအော်လည်း စိတ်မကောင်းစွာဖြင့်

“ယုန်ကန်ဆေးရုံကြီးက တို့ရွာရိုးတစ်လျောက် ထိပ်တန်း ဆေးရုံကြီး တစ်ရုံမဟုတ်ဘူးလားကွ”
“လူကြီးတွေကတော့ အဲဒီလိုပြောခဲ့တာပဲလေ ဆရာအော်ရ”

“အေးလေ အနူတောတော့ လူချောပေါ့ကွာ၊ ပျက်အစဉ် ပြင်ခဏလို့ ဆိုရိုး ရှိတယ် မဟုတ်လား”
“ခဏပဲ မပြင်ဖို့တော့ အရေးကြီးတာပေါ့”

“ဒါနဲ့ ဆရာဝန်ကြီးတွေကိုရော ဘာပြောသွားသေးလည်း”
“ဆရာဝန်ကြီးတွေကိုတော့ မသိဘူး၊ ဆရာဝန်လေးတွေကိုတော့ ပြောသွားတာ ကြားလိုက်တယ်”

အီကြာအော်လည်း အရမ်း စိတ်ဝင်စားသွားပြီး

“ဘာများ ပြောသွားပါလိမ့်”

ဖွတ်ကလေးက ခေါင်းကုပ်ပြီး

“ချမ်းသာချင်ရင် စီးပွားရေးလုပ်၊ ဆရာဝန် မလုပ်နဲ့လို့ ပြောသွားတာ”
“ဟေ”

“ငါသိသလောက်တော့ ဆရာဝန်ကြီးတွေ ငွေကိုအိတ်နဲ့ ထမ်းပြီးအိမ်ပြန်ရတယ် ကြားဘူးတာပဲ”
“အဲဒါ အနည်းစုပါ ဆရာအော်ရယ်”

“အများစုက ကျုပ်တို့ ရွာသားတွေလိုပဲ ပိန်မသာ၊ လိမ်မသာပါ”
“ဟောက်ဆာဂျင် လေးတွေဆိုရင် တချိန်လုံး ဟောက်ခံနေရတာပဲ”

“သူကြီးက ပြောလို့ဆိုပြီး ဆရာဝန်ငယ်မလေးတစ်ယောက်တောင် ငိုယိုသွားသေးတယ်”

အီကြာအော်က မယုံနိုင်သော မျက်နှာဖြင့် ခေါင်းရမ်းပြီး

“သူကြီးပြောတာကို အကောက်လွဲသွားတာ နေမှာပါကွာ”
“လူကြီးတွေကို တိုက်ရိုက်ပြောရင် မကောင်းလို့ လူငယ်တွေကို စောင်းပါးရိပ်ခြေ ပြောတာနေမှာပေါ့”

“သူကြီးရဲ့  စေတနာလည်းလည်း သိကြတဲ့အတိုင်းပဲ”
“သူ့အသက်အရွယ်နဲ့ မမောနိုင် မပန်းနိုင် လုပ်ရတာ၊ သူ့အတွက် ဘာများရတာကျလို့”

“ဒါတောင် တို့ရွာသားတစ်ချို့ က ဘေးထိုင်ဘုပြောတွေ ရှိသေးရဲ့ ”

ဖွတ်ကလေးက ခေါင်းတညိတ်ညိတ်ဖြင့် ဆက်ပြီး

“ဒါတောင် ဆရာဝန်ငယ်တွေနဲ့ စကားပြောတာ အချိန်ကောင်းကောင်းမရလို့ ဆေးရုံရဲ့  ပြသနာ အသေးစိတ်တွေ သိမသွားဘူး”
“ဆရာဝန်ငယ်လေးတွေက လူနာတစ်ယောက်ဆေးရုံရောက်လာရင် ဘာတွေလိုမယ်၊ ဘယ်ဆေးပစ္စည်းက ဘယ်လောက်ကျမယ်၊ ဘယ်မှာဝယ်ရမယ် ပြောရတာ အမော၊ သူတို့က ပေါက်ဈေးအကုန်သိတယ်လေ”

“အလုပ်ရဖို့၊ ဘွဲ့လွန်တက်ဖို့၊ ရာထူးတက်၊ နေရာပြောင်း သူ့ဈေးနဲ့ သူရှိတယ်လို့ပြောတယ်”
“အဲဒါတွေအားလုံးသာ သိသွားရင်တော့ သူကြီးငိုရမဲ့ အလှည့်ဖြစ်သွားမယ်”

အီကြာအော်လည်း သူကြီးကို သနားမိဟန်တူသည်။

“သူကြီးက အဲဒီ ဈေးရောင်း ဈေးဝယ်တွေကို ပြောတာနေမှာပါကွာ”
“နေပါဦး၊ ဒါနဲ့ ရွာလူကြီးတွေက ဒီကိစ္စတွေ မသိကြဘူးလား”

“သူတို့လည်း အများစုက ဒီလိုဈေးတွေုနဲ့ အဲယောင်လို့ ငယ်ရာက ကြီးလာကြတာပဲလေ ဆရာရဲ့ ”
“နိုင်ငံတော်ပိုင် ကေ့စ်တွေ၊ မတတ်နိုင်သူတွေဆိုရင် တော့ ဆရာဝန်တွေ ဦးဏှောက်ခြောက်ကြတော့တာပဲ ဆရာအော်”

အီကြာအော်လည်း နားမလည်သဖြင့်

“နိုင်ငံတော်ပိုင် ကေ့စ်ဆိုတာ ဘာကိုပြောတာလည်း”
“လမ်းဘေးကနေ ဘယ်သူ ဘယ်ဝါမှန်း မသိ ဆေးရုံရောက်လာတာတွေပေါ့ ဆရာအော်”

“ပြီးတော့ ဆရာပြောသလို ရွာလူကြီးတွေ ဆေးရုံလာမတက်တာပဲကောင်းတယ်

အီကြာအော်က အံ့သြစွာဖြင့်

“ဟေ ဘာဖြစ်လို့လည်း”

“ရွာလူကြီးတွေ ဆေးရုံလာတက်ရင် သူတို့ကို ဆေးရုံစားရိတ်ထဲကနေ မျှပေးရတာဗျ၊ သူတို့က စားရိတ်မျှစားတွေလေ”
“သူတို့ ရောက်လာရင် အထူးကု ဆရာဝန်ကြီးတွေလည်း အလုပ်ပျက်တာပေါ့”

“ဘယ်လို အလုပ်ပျက်တာလည်း”
“အပြင်ဆေးခန်း ကောင်းကောင်းမထိုင်ရတော့ဘူးလေ”

“ကျွန်တော်လည်း မကြိုက်ဘူး”
“ဟေ၊ မငိးက ဘာဖြစ်လို့ မကြိုက်တာလည်း”

“ဗွီအိုင်ပီတွေ လာရင် လာဘ်တိတ်တယ်လေ”

အီကြာအော်က ဖွတ်ကလေးကို နောက်ပြီး

“ဆေးရုံကို ဖွတ်တက်တာပေါ့ကွာ၊ ဟားဟား”
“ဆရာရေ မနောက်နဲ့”

“အခု အုပ်ကြီးတွေ အုပ်ကလေးတွေက ကျွန်တော့ကို “ဖွတ်ကလေး မင်းကိုလည်း အလုပ်ခန့်ပြီးရော ငါတို့ ၀င်ငွေတွေ နည်းကုန်တယ်” လို့ပြောနေတာ”
“အေးကွာ၊ ငါလည်း တို့ ခက်သေးရွာသား အများစုလိုပဲ ဖွတ်ကြီးတွေကိုရော၊ ဖွတ်ကလေး မင်းတို့ကိုရော စားတာရော၊ ရိတ်တာပါ မျှမပေးနိုင်သေးလို့ ကျန်းမာရေးလိုက်စားနေတာ လမ်းလျောက် သွားလိုက်ဦးမယ်”

ထိုသို့ပြောပြီး အီကြာအော်သည် ရွှဲစူနေသော သူ့ဗိုက်ကိုပွတ်ကာ ဝေါကင်းရှုးကိုဝတ်ရန် ပြင်ဆင်နေတော့လေသည်။

ထိုအခါတွင် ဖွတ်ကလေးသည် အုပ်ကလေးကို ပသရမည့် ဝေစု ငါးထောင်တန်ကို  လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ အီကြာအော်၏ ဖေးဘရိတ် အဆိုကျော် ကိုထီးဆိုခဲ့သော “ယုန်ကန်မှာ သာတဲ့လ” ဆိုသောသီချင်းကိုဆိုကာ ဆေးရုံု့ကြီးဘက်သို့ ခြေဦးလှည့်လေတော့သတည်း။

“ယုန်ကန်တော့ ဖြည်းဖြည်းပေါ့”
“ယုန်ကန်တော့ ဖြည်းဖြည်းပေါ့”
“ယုန်ကန် အုပ်ကလေး ထွက်မပြေးပါဘူးး”။  ။

ခက်သေးရွာသူ၊ ရွာသားများ ကျန်းမာကြပါစေ

သဗ္ဗေသတ္တာကမ္မသကာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts