ပင်တိုင်ကဏ္ဍ မာမာအေး

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၅၁) – Mar Mar Aye


အောင်လင်း (သို့မဟုတ်) ကိုတင်ဖေ
မာမာအေး
ဒီဇင်ဘာ ၂၀၊ ၂၀၁၂


သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေးကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။သောတရှင်တို့ရေ … အရင်တပါတ်က မာအေးရဲ့မောင်ထွေးလေး နေဇါရဲ့ မေတ္တာရွှေစေါင်းသံကို ကြားမိတာနဲ့ သူ့ကိုရော သူ့အမေကိုရော ကြီးကြီးဒေါ်ခင်ကြည်နဲ့ ကြီးကြီး ဒေါ်သန်းအေးရော၊ မလီလီကြာညွန့်ရော၊ ငွေစက္ကူ ရှိတာလေး ပလုံခဲ့ရတာတွေရော အများကြီး ဆက်စပ်ပြောလိုက်ပါတယ်နော်။ ဒါတောင်မှ ကျန်သွားခဲ့တာ ရှိသေးတယ်ရှင့်။ အံ့ရော အံ့ရော မာအေးတို့များ ကျန်စရာရှားသလား၊ အဓိက ပင်မ သတိရရမယ့် ဂီတစာဆို၊ စာရေးဆရာ၊ နိုင်ငံရေးမှာပါ အကျော်ဒေးယျ ဖြစ်ခဲ့ဖူးတဲ့ ဆရာ ‘အောင်လင်း’ ကိုမှ ပြောပြဘို့ ကျန်ပလေလို့ စာပေက ဆရာတွေ အပြစ်တင်မစောရအောင် ပြောဦးမယ်နော်။ဆရာအောင်လင်းရဲ့ လှုပ်ရှားခဲ့မှုတွေကို သတိထားကြည့်ခဲ့ရင် ‘စာရေး’တဲ့ ၀ါသနာဟာ အဓိကလို့ မြင်ရပါတယ်။ မာအေးက စာရေးဆရာ အောင်လင်းကို မတွေ့ဖူးခင် မရင်းနှီးခင်ကဘဲ သူ့စာတွေကို ဖတ်ခဲ့တာရှင့်။ ဂီတကို အခြေခံတဲ့ ‘အရိုင်းစပယ်’ နဲ့ ‘မန်ဒါလီ’ ၀တ္ထုတွေကို ကိုယ့်လောကနဲ့ နွှယ်နေတာမို့ ပိုပြီး စွဲလန်းခဲ့ပါတယ်။

‘အရိုင်းစပယ်’ ကို မင်းသားကြီးထွန်းဝေနဲ့ ၀ါဝါ၀င်းရွှေတို့ ခေါင်းဆောင်ပြီး ရုပ်ရှင်ရိုက်ခဲ့ရာမှာလဲ အောင်မြင်ခဲ့ပါတယ်။ အဲဒီ ဇါတ်ကါးထဲမှာ မင်းသားက ပြိုင်ပွဲမှာရတဲ့ဆုကို လွှင့်ပစ်၊ သူပြိုင်ခဲ့တဲ့ တူရိယာပစ္စည်းကိုလဲ ရိုက်ချိုး ဖျက်ဆီးပစ်တဲ့တခန်း တကွက် ပါခဲ့တာကိုး၊ ဒါဟာ ဆရာအောင်လင်း တကယ်ဖြစ်ခဲ့တဲ့ ပေါက်ကွဲခဲ့တဲ့ ကိစ္စ လို့ ကေါဠာဟလ ဖြစ်ခဲ့တာပေါ့ရှင်။

သူဟာ ဂီတမှာလဲ ၀ါသနာထုံတဲ့အတွက် ဂီတစာဆို အကျော် ဂီတနက်သန် ကိုစောငြိမ်းနဲ့ ရင်းနှီးတဲ့ ဂီတနက်သန် ၀ိုင်းတော်သားတဦးလဲဖြစ်ပါတယ်။ ဂီတနက်သန်အဖွဲ့ရဲ့ အဆိုတော်ပါ။ သူက ‘ကိုတင်ဖေ’ ဆိုတဲ့ နာမည်နဲ့ အသံလွှင့်ခဲ့သူဘဲ၊ အောင်လင်းနဲ့ ကိုတင်ဖေ ဆိုတာ တယောက်ထဲဖြစ်တဲ့အကြောင်း မသိသေးတဲ့အချိန်မှာကို သူဆိုတဲ့ ‘မိုးသက်လေနှင်’ သီချင်းကို သဘောကျလို့ မကြာခဏ အသံလွှင့်မိ နားထောင်မိပါတယ်။ မြန်မာအထာ အပီအပြင် ဆိုတတ်တဲ့ပုံစံဟန်ပန်မျိုးမို့ ဖြစ်ပါတယ်။ မာအေး သူငယ်ချင်း အဆိုတော် မောင်မောင်ညွန့်ဟာ ဂီတနက်သန်ကိုစောငြိမ်းရဲ့ သီချင်းတွေကို အကေါင်းဆုံး ဆိုနိုင်တဲ့ အဆိုတော်ဖြစ်တယ်လို့ ဂီတလောကသားတွေက သတ်မှတ်ကြတာ မာအေးလဲ ပါတယ်။
ဒါပေမယ့် ကိုတင်ဖေ ဆိုတဲ့ ‘မိုးသက်လေနှင်’ တပုဒ်ကိုတော့ မာအေးက အကျောပေးချင်ပါတယ်ရှင်။
သူ့ကို ဂီတနက်သန် ဦးအုန်းလွင်နဲ့ ပတ်သက်ပြီး တွေ့ခဲ့တာပါ။ စာရေးဆရာ အောင်လင်းက သူ ရုပ်ရှင်ဒါရိုက်တာ လုပ်မယ့် ဇါတ်ကါးတကါးအတွက် မာအေး ဆိုပေးရမယ့် ဇါတ်ဝင်သီချင်းကို သူကိုယ်တိုင် ရေးထားတယ်။ အသံမသွင်းခင် ကြိုတင် သီချင်းတိုက်ရအောင်လို့ ဦးအုန်းလွင်က လာခေါ်တာကြောင့် တာမွေလမ်းမကြီးပေါ်က အိမ်တအိမ်မှာ သွားတွေ့ရပါတယ်။ ဗမာသံ ဂီတက်သန်ဟန်မျိုး သီချင်းနှစ်ပုဒ် တိုက်ခဲ့ရတယ်။ မာအေးတောင် မြီးကေါင်မပေါက်သေးဘူး။ ဘယ်လောက် စောသလဲ စဉ်းစားကြည့်။
အောင်လင်းစာ ရူးကြတဲ့ တပည့် လူငယ်တသိုက်နဲ့ အတူ ပျော်ပိုက်နေတဲ့ပုံကို ကြုံခဲ့ရပါတယ်။ သီချင်းတိုက်တော့လဲ ကိုယ်တိုင် အသံပြဆိုပေးနိုင်တာ တွေ့ရပါတယ်။ နောက်တော့ သူ့စိတ်ကြိုက်မဖြစ်သေးလို့ ဆိုပြီး မရိုက်ဖြစ်တော့ဘူး တဲ့။ ကိုယ်လုပ်ချင်တာ မလုပ်ဖြစ်ရင် မလုပ်ချင်တဲ့ ညာဉ် ရှိတယ်လို့ ပြောကြတာဘဲရှင်။

သူက ဂီတနက်သန် ကိုစောငြိမ်းတို့နဲ့ တခေတ်ထဲ ကျတဲ့သူ ဆိုတော့ မာအေးတို့ရဲ့ ရှေ့ကျတဲ့ ဂီတသမားပေါ့။ စာပေနယ်သား မိတ်ဆွေများက သူရေးတဲ့ ‘မာန်’ သီချင်းကို ဒေါ်မြင့်မြင့်ရှိန် ဆိုခဲ့တယ်၊ မာအေး ပြန်ဆိုထားပေးပါဦးလို့ တိုက်တွန်းတာနဲ့ ပြန်ဆိုခဲ့ပါတယ်။ စကါးပြေအရေးအသား မောင်ဖွဲ့တခုကို သီချင်းဖြစ်အောင် အလိုက်ထည့်စပ်ဆိုထားတာမျိုးမို့ တမျိုးထူးခြားတယ် လို့ ထင်မိပါတယ်။ နည်းနည်း နားထောင် မြည်းစမ်းကြည့်ပါနော်။

* (မာန် – သီချင်းမှ)

နေလုင်ကဲ့သို့ ထက်မြက်တင့်တယ်သော ဟန်ပန် အသွင်အပြင် ရှိသော မာန်၊ စစ်သားကဲ့သို့ ယောက်ျားပီပီ ဟန်ချီ ၀င့်ကြွား မျက်မာန်တော် ထားတတ်တဲ့၊ အို …… ချစ်သောမောင် xxx အနာရှိသူအား နတ်၌ ဖြစ်သော ဆေးကို ပေးလျက်၊ ရောဂါ ဝေဒနာမှ ကင်းငြိမ်းစေသကဲ့သို့၊ ချစ်သောမောင်တော်သည်၊ အကျွန်မအား အချစ်ကိုပေး၍ ဤဒုက္ခမှ အမြန်ပင် အေးသင့်ပြီ  xxx


သီချင်းလို ဖွဲ့တဲ့ စာမျိုး မဟုတ်တာကို ခံစားရတယ်မဟုတ်လား သောတရှင်။ ဆရာအောင်လင်းကို နောက်ဆုံး တွေ့ခဲ့တာကတော့ ပဲရော့ရုပ်ရှင်ခြံမှာပါ။ သူရေးတဲ့ နာမည်ကျော် ‘ဗေဒါ’ ၀တ္ထုမှာ သူကိုယ်တိုင် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်တဲ့ ‘ဗေဒါ’ ဇါတ်ကါး ပဏါမသီချင်း အသံသွင်းဘို့ သွားတုန်းကပါရှင်။ သီချင်းစာသားကို သူရေးပြီး သီချင်းအလိုက် အသံကို – အလင်္ကါကျော်စွာ ရွှေပြည်အေးက ထည့်သွင်းပေးခဲ့ပါတယ်။ အိုင်ကုဏ္ဍလာက ခိုင်ပဒုမ္မာရွှေကြာပွင့်တို့ရဲ့ ပဏါတင့်ပုံနဲ့ ရှေဇလာတခွင်က တပင်ပမ်းပမ်း ဘ၀ကြမ်းတဲ့ ဗေဒါပန်းကလေးတို့ စီးမျော အတောမသတ် ကမ်းကပ်စရာ မသေချာတဲ့ အလွှာနှစ်ခုကို ပုံပြုထားတဲ့ စာမျိုးပါဘဲ။ ပထမပိုဒ်က ရွှေကြာကို ဖွဲ့ထားပါတယ်ရှင်။

* (ဗေဒါ နဲ့ ရွှေကြာမှ)

လှိုင်ထုံစွာ ပန်းပဒုမ္မာ ရွှေကြာ ရွှေကြာ xx ရေကန်သာအောက်ခြေမှာ အမြစ်လျှောက်တွယ်ကါ၊ ထယ်ဝါပင်နန်း လန်းဆန်းလှစွာ ခန်းနားလှတဲ့ ပန်းရွှေကြာ xxx (အနုအလှနဲ့ သူ့ဘ၀နေရာ လေလာပြေးဝှေ့လို့ ရွှေ့မရဘယ်ခါ) ၂ x (တည်ငြိမ်စွာ ရေဇလာထက်မှာ အလှသက်သက်ပွင့်လျက်နေတာ) ၂ x မြင်သူတတ်မက် နှစ်သက်စေရာ၊ အိုင်ကုဏ္ဍလာ ဘုံလွှာကျငှန်း၊ ထုံကါလျှမ်း စိုးမိုးစံကါ မြန်းရတဲ့ ပန်းရွှေကြာ၊ ပန်းရွှေကြာ၊ ပန်းရွှေကြာ နေခြည်ဖြန်း လန်းလျက်ဖြာ ရွှေကြာ ရွှေကြာ xxx



ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

စာစီစာရိုက် လုပ်အားပေး- မျိုးဇော်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts