ပင်တိုင်ကဏ္ဍ မာမာအေး

Mar Mar Aye – 412

“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၄၁၂)
မာမာအေး
ဖေဖော်ဝါရီ ၂၄၊ ၂၀၁၂



သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။ မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … တလောက အကြောင်းအရာတူပြီး အသံခွဲ စာခွဲ ရေးစပ်ခဲ့တဲ့ ဆရာမြို့မငြိမ်းရဲ့ ‘မင်းလက်ဝဲသုန္ဒရ’ နဲ့ ‘မဲဇာရွှေလီ’ကို အခုမှ ကွဲကွဲပြားပြား သိရလို့ သေချာ မှတ်ထားလိုက်နိုင်ပါပြီ ဆိုတဲ့ စာတွေ ရောက်ပါတယ်။ တလက်စတည်း ‘ဇာတိနွယ်’ သီချင်း နာမည်ကနေပြီး ဘာဖြစ်လို့ ‘လက်ရေတပြင်တည်း’ ဆိုတာ ပြောင်းသွားတာလဲ ပြောပေးပါဦး လို့ BBC နားထောင်နေကျ မောင်ဟန်ဆန်းက မေးထားတာမို့ ပြောလိုက်ပါဦးမယ်။

‘ဇာတိနွယ်’ သီချင်း ကနေ ‘လက်ရေတပြင်တည်း’ လို့ နာမည်ပြောင်းတာ မဟုတ်ပါဘူး။ ရှေ့မှာ ပြောနေတဲ့ ဆရာမြို့မငြိမ်းသီချင်း ၂ ပုဒ်လိုဘဲ အကြောင်းအရာတူပြီး အသံနဲ့စာသား တချို့ ကွဲပြားစွာ ဖွဲ့စပ်ထားတဲ့ သီချင်း နှစ်ပုဒ် ဖြစ်ပါတယ်။ တခါလဲ BBC မှာ ပြောဖူးပြီလေ၊ မကြားလိုက်ရလို့ ဆိုရင်တော့ နှစ်ထပ်ရှိမှ မှတ်မိတဲ့သဘော မတူပုံလေး နည်းနည်းလောက် ပြောတာပေါ့။


မာအေးကတော့ ဆရာနန်းတော်ရှေ့တင်ကြီးဟာ ‘လက်ရေတပြင်တည်း’ ကို အရင် စပြီး ရေးတယ်လို့ ထင်ပါတယ်။ မြို့မအဖွဲ့မှာ ဦးလေး ဦးဖူးအံ့ ဆိုတာကို ကြားခဲ့ရတာပါ။ လေပါတီမြရင်တုန်းကလိုဆိုရင် ‘လက်ရေတပြင်တည်း၊ နှီးဒေါင်းလန်းကြီးရယ်နဲ့ ၀ိုင်းဖွဲ့ကါ – စားကြသည်ရှင် မြမဒီခင်ခတ်ငယ်ငယ်’ အဲဒီလို ဆိုရပါတယ်။ ‘တေးဆိုကြ၊ မြူးပျော်ကြ’ ခြေဆင်းကို အဲဒီတင် အဆုံးသတ်ပြီးတာနဲ့ ‘ဟေ့ သူငယ်ချင်းရေ’ ဆိုတဲ့ စာမှာ ကရောင်းစည်းနဲ့ သီချင်း ၀င်ရပါတယ်ရှင်။ သီချင်း (၅)ပိုဒ် ပါတယ်၊ ‘တောရွာသူတို့အိမ်မယ်မောင်ရယ်’ အဲဒီအပိုဒ်နဲ့ ‘တံစို့ပေါ်မျာ ကင်တယ်မောင်ရယ်’ ဆိုတဲ့ အပိုဒ်တွေက အသံတူ စာကွဲ (၂)ပိုဒ်ပါ။

‘ဇာတိနွယ်’ သီချင်းက အမေမကြည်အောင် ဓါတ်ပြားသွင်းခဲ့ပါတယ်ရှင်။ သူ့ခြေဆင်းက ပိုရှည်ပြီး ပြည့်စုံတယ်၊ ‘မိုးသက်ကယ်ဆင်’ ဆိုတဲ့ စာသားကိုရောက်မှ နရည်စည်းမှန်နဲ့ သီချင်းစရပါတယ်၊ နားထောင်ကြည့်ပါနော်။

(ဇာတိနွယ်မှ)
xxx လက်ရေတပြင်တည်း နှီးဒေါင်းလန်းကြီးရယ်နဲ့ သိုင်းချဲ့ကာ၊ ဝိုင်းဖွဲ့ကာ၊ စားကြသည်မောင် မကြည်အောင် ခပ်ငယ်ငယ် ဒေါင်းလန်းကြီးရယ်နဲ့ ထမင်းတွေပုံ ဟင်းဇလုံ အလယ်မြုပ်ပါလို့ တလုပ်စီမောင်နှမတွေရှင် စား စားကြပျော်ရွှင် တေးဆိုကြ မြူးပျော်ကြ ဟေ့သူငယ်ချင်းရေ တို့နယ်ပယ်တွင် မိုးသက်ကယ်ဆင် ရှစ်ခွင်ကမဲ အိုး … ရွာမလိုလိုနဲ့ပင် xxx


ကဲ – စာသားလဲကွဲ ဟန်လဲ ခွဲထားတာ ကြားတယ်မို့လား၊ အခု ရောနေတဲ့ ကိစ္စက သံပြိုင်ပိုဒ်မှာ ဖြစ်နေတာပါ၊ လက်ရည်တပြင်တည်းမှာက “ညီညွတ်ရေးနဲ့ အသက် ရှည်ရှည် ခင်ခင်မင်မင်၊ လက်ရေတပြင်တည်း ရှေးကတော့ ပိုချစ်ကြတယ်” လို့ ဆိုရပါတယ်။

ဇာတိနွယ်မှာကျတော့ “ညီညွတ်ရေးနဲ့ အသက် ရှည်ရှည်နေချင်တယ် မောင်ရယ် လက်ရေတပြင်တည်း ရှေးကတော့ ပိုချစ်ကြတယ်” တဲ့။ သီချင်းရဲ့ အလိုက်ကိုက မတူတော့တာပါ။ အသက်ရှည်ရှည် ခင်ခင်မင်မင် မဟုတ်တော့ဘူးနော်။ “အသက် ရှည်ရှည်နေချင်တယ် မောင်ရယ်” တဲ့။ ဒါနဲ့ဘဲ မကွဲမပြား နားမျက်စေ့လည်နေကြတာပါ။ တချို့ ဂီတသမားတောင် ယောင်မှားနေတုန်းပါ။ အကိုသန်းလှိုင် ထုတ်ခဲ့တဲ့ ခေတ်ဟောင်းစာအုပ်ကြီးထဲက “ဇာတိနွယ်” V.E 2135, 1938 APRIL လို့ ဖေါ်ပြထားတဲ့ စာကလဲ မကြည်အောင်ရဲ့ ဓါတ်ပြားထဲက စာနဲ့ မတူပါဘူး၊ ခြေဆင်းက လက်ရေတပြင်တည်းက စာမျိုး၊ သံပြိုင်ပိုဒ်က အသက်ရှည်ရှည် နေချင်တယ် မောင်ရယ် မဟုတ်ဖူး၊ ဒါကြောင့် ရောကုန်တာတွေ ဖြစ်လာနိုင်တဲ့သဘောလဲ တွေ့ရပါတယ်။

နောက်ပရိသဒ်တယောက်ကတော့ ‘အောင်ကေါက်’ တဲ့။ မေးလိုက်တာကလဲရှင် ‘အမေအေး ဆိုထားတဲ့ ပင်လယ်ကဗွီးပင်ကြီးတွေလို့ စတဲ့ သီချင်းရဲ့ တေးပြုစာဆိုနဲ့ သမိုင်းနောက်ခံ အကျဉ်းလေး ပြန်ကြားပေးပါ’ တဲ့၊ နာမည်မသိ ဘာမသိနဲ့ ‘ပင်လယ် ကဗွီးပင်ကြီးတွေ’ နဲ့ စတာဆိုတော့ ကိုယ့်သီချင်း မဖြစ်နိုင်တော့ဘူး။ ဒီအပင်နဲ့ စတဲ့ သီချင်း၊ ကိုယ်ပိုင်ထဲမှာ မရှိတာ သေချာတယ်၊ ဒီ ပင်လယ်ကဗွီးပင် ဆိုတဲ့ အပင်ကိုတော့ လေတိုက်ရင် လေချွန်သံလို အသံထွက်တာ သဘောကျလို့ စိုက်ထားမိတာ ဘာမှ မကြာသေးတာကို စဉ်းစားမိတော့ ဟိုးတုန်းက သီချင်းတော့ မဖြစ်နိုင်ဘူးလို့ တွက်ပြီး လူငယ်ပိုင်းထဲက ကိုယ်ပြန်ဆိုတဲ့ သီချင်းတွေထဲ လိုက်ရှာမှ တွေ့တော့တယ်။ “နေရာဟောင်းကို သတိရတယ်” ဆိုတဲ့ သီချင်းလေးရဲ့ အစမှာပါဘဲ၊ မေးတဲ့သူက တေးပြုစာဆိုလဲ သိချင်တယ်၊ သမိုင်းနောက်ခံ အကျဉ်းလေး ဆိုတာက ဘာသိချင်တာလဲ မပြောတတ်ဖူးရှင့်၊ တေးပြုစာဆိုကတော့ ရွယ်တူ လူရင်းထဲကပါဘဲ။ ကိုလေးလွင် ရေးခဲ့တဲ့ သီချင်းလေးပါ။ အရင် ဒီသီချင်းကို သီဆိုခဲ့တဲ့သူက “မိုင်” လို့ ခေါ်တဲ့ နာမည်ကျော် တေးသံရှင်တယောက် ဖြစ်ပါတယ်။ မြန်မာ့အသံမှာ အသံလွှင့်ခဲ့စဉ်တုန်းက ‘ဓည၀တီရွှေကြည်’ ဆိုတဲ့ နာမည်နဲ့ပါ။ ကက်ဆက်ခေတ် ထွန်းပေါက်လာတဲ့အခါမှာ “မိုင်” ဆိုတဲ့ နာမည်နဲ့ ပြောင်းလွဲလိုက်ပြီးတော့ မြန်မာသံနဲ့ ဘိုအလိုက် တွဲပြီး ဖန်တီးလိုက်တဲ့ ‘မလွမ်းပို’ သီချင်းများနဲ့ ကျော်ကြားခဲ့သူလေးပါဘဲ။ ‘ကိုလေးလွင်’ ဆိုတဲ့ ဂီတစာဆိုဟာ အောင်မြင်တဲ့ တေးသီချင်းတွေ အများကြီး ရေးသွားပါတယ်ရှင်။ ကိုအောင်ကေါက် မေးထားတဲ့ ဒီသီချင်းလေးရဲ့ နောက်ခံကိုတော့ မာအေး အသံသွင်းတဲ့အချိန်မှာ စာဆိုက မရှိတော့တါနဲ့ သီချင်း နားထောင်ပြီးတော့သာ အဖြေထုတ်ပေတော့ လို့ ပြောပါရစေရှင်။

 

*(နေရာဟောင်းကို သတိရတယ်)
ရေး – ကိုလေးလွင်

ပင်လယ်ကဗွီးပင်ကြီးတွေ လေတိုးတိုင်း ယိမ်းနွဲ့လို့နေ၊ စကါးပွင့်ဖြူဖြူလေးတွေ မြေနီလမ်းပေါ် ကျဲပြန့်လွင့်ကြွေ၊ အုံ့ဆိုင်းနေတဲ့ မိုးကေါင်းကင် ပြန်လည် ကြည်လင်စကလေးမှာလေ xx အချစ်ရေ – အချစ်ရေ ဟိုတုန်းက သွားခဲ့ကြတဲ့ ကျောင်းနေတုန်းက လျှောက်ခဲ့ကြတဲ့ လမ်းကလေးတွေ မှတ်မိသေးလား မေးပါရစေ xx

တိတ်ဆိတ်နေတဲ့ ငြိမ်းအေးခြင်းကို ပထမဆုံး ခံစားပြီး သူစကါးပြောတဲ့ နေရာလေးကို ခုနေ တခေါက် ရောက်သွားချင်လဲ ဆန္ဒဘဲ ရှိတော့တာဘဲလေ xx

မွေးတော့ တနေရာကြီးတော့ တနေရာ ဘ၀ခရီးသွားသူ ငါတယောက်ထဲ အဖေ အမေ ညီအကို မောင်နှမ ဆွေမျိုးသားချင်း သူငယ်ချင်းများနဲ့ ဝေးတဲ့မြေ၊ မကြွေခင် တခေါက် အလွမ်းပြေ ပြန်ရောက်ချင်နေ xx

 


ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts