ရသဆောင်းပါးစုံ

လူနှင့်စနစ်ဘာလဲ.. မှားတော့ မှားနေပြီ

သော်တာ (မကွေး)
နိုဝင်ဘာ ၂၇၊ ၂၀၁၂
 “အကြီးကောင် ၁၀-တန်း အောင်တာကိုက မှားတာ’’

အဖေ့အသံ ကျနော်ကြားလိုက်မိတယ်၊ ဘယ်လိုဖြစ်တာလဲ။ မိဘတိုင်း ဂုဏ်ယူဝင့်ကြွားရမယ့်ကိစ္စ။ ကျနော့်အဖေကျမှ တစ်ခုခုတော့လွဲနေပြီ။ အဖေကရုံးတစ်ရုံးက ၀န်ထမ်းတစ်ယောက်ပါ။ တွေးခေါ်မျှော်မြင်မှုတော့ ရှိပါတယ်။ မချို့ငဲ့ပါဘူး။  Globel ခေတ်မှာ ရေစီးကိုစုန်မျှောရင်း နားလည်မှုရှိပါတယ်။ သူဘ၀နဲ့သူတော့ သုံးသပ်မှုတွေ လွဲမှားခဲပါတယ်။

အမေက မွေးမြူရေးလုပ်တယ်။ အကြီးအကျယ်စီးပွားဖြစ်တော့ မဟုတ်ပါဘူး။ ၀က်ကလေးတစ်ကောင်စ၊ နှစ်ကောင်စ၊ ကြက်ကလေးနှစ် အုပ်စ၊ သုံးအုပ်စနဲ့ အဖေ့လစာကို အားကိုးလို့မရလို့ ထလုပ်ရတာ။ ကျနော်တို့ ညီအစ်ကိုတစ်တွေ ကျောင်းစရိတ်ကလေး (ကျူရှင်ဖိုး) ဖြည့် နိုင်အောင်လေ။

ညီအစ်ကိုတွေဆိုလို့ ပြောရဦးမယ်။ အမေက ကျနော့်ကိုအရင်ဆုံးမွေးတာ။ နောက်မှ ညီကလေး (၃) ယောက် ထပ်ရတယ်။ ဒုတိယကောင်က အထက်တန်းတက်နေပြီ။ နောက်တစ်ယောက်က အလယ်တန်း၊ အငယ်ဆုံးညီက မူလတန်းတက်နေတယ်လေ။

ကျနော်လား … ငယ်ငယ်ထဲက အထူးချွန်ကြီးတော့မဟုတ်ပါဘူး။ တစ်နှစ်တစ်တန်းတော့ မှန်မှန်လေးတက်နိုင်ခဲ့တယ်။ ပညာပါရမီခံကတော့ မဆိုးဘူးလို့ပြောကြပါတယ်။ တက္ကသိုလ်ဝင်တန်းရောက်ထဲက ပြဿနာစတာ စာဖတ်ဝိုင်းတွေ၊ ဘော်ဒါတွေအနားမကပ်နိုင်ပါဘူး။ သင့် တင့်တဲ့ကျူရှင်တခုတက်ပြီး အောင်ခဲ့ရတာလေ။

အမေက ကျနော်ပြောရင် အကုန်လုပ်ပေးပါတယ်။ သားဦးဖြစ်လို့ အချစ်ဆုံးထင်တယ်။

“ဖေကြီးရေ အကြီးကောင်ကို ဘော်ဒါပို့ရအောင် ၀က်ကလေးတွေဖိကျွေးပါ’’ တဲ့။ ဒီတုန်းက အမေ့အသံ ခုထိနားထဲကထွက်မသွားဘူးဗျ၊ ကျနော်ကုသိုလ်ကံကလည်းဆိုးပါတယ်။ ဘော်ဒါတက်ဖို့ဖိကြွေးနေတဲ့ ၀က်ကလေး (၂) ကောင် နားရွက်ပြာရောဂါဝင်ပြီး သေပါရော။ ရောင်းလည်း မရ၊ စားလည်းမရ  တူးပြီးမြှုပ်လိုက်ရတယ်။ အရင်းထဲကဖဲ့ထွက်သွားတာလေ (၂) ကောင်ဆိုတော့ အရင်းတင် တသိန်းကျော် တာ။ အမေလေငိုလိုက်တာ ကျနော်အတွက်လား၊ သူ့အတွက်လား ဝေခွဲနိုင်စွမ်းမရှိပါဘူး။ ကျနော်တော့ ဘော်ဒါနဲ့ဝေးပြီလို့ဘဲ တွေးနေမိ တယ်။ အမြင့်ကြီးတော့ မမျှော်မှန်းပါဘူး။ GTI လောက်တော့ တက်ချင်သားဗျ။

အဖေက ….
“အကြီးကောင် အမှတ်မီရင် ကွန်ပျူတာတက္ကသိုလ်တက်ကွ”
“ကျနော်ဝါသနာ မပါဘူးအဖေ” လို့ပြောတော့ …
“ဟ .. IT ခေတ်ရောက်နေပြီ။ မင်းတို့နောက်ကျကျန်နေမှာစိုးလို့ အဖေပြောနေရတာ’’ တဲ့ (ဟုတ်နေလိုက်ကြတာ)

အမှတ်စာရင်းတောင်းကြည့်မှ အမှတ်ပေါင်း (၃၀၀) ကျော်ရုံလေးရတော့ ၀ိဇ္ဇာသိပံ္ပတက္ကသိုလ်တက်ဖို့ စောင့်ရုံပေါ့။ မေဂျာကျဖို့ကလည်း စောင့်ရသားဗျ။ သိပ္ပံတွဲတော့တက်ရပါတယ်။ ကျနော်ဝါသနာပါတဲ့ သင်္ချာတွဲတော့မရဘူးဗျ။ သတင်းမီဒီယာတွေမှာတောတွေ့နေရတယ်။ နိုင်ငံခြားတက္ကသိုလ်ကပေးတဲ့ ဘွဲ့၊ ဒီဂရီတွေ ပြည်တွင်းမှာတင် တက်ရောက်ယူနိုင်တယ်။ ပြည်တွင်းမှာတင်တက်ရတော့ အကုန်အကျစရိတ် သက်သာတယ်ဆိုလည်း ကျနော်အတွက်တော့ အိပ်မက်တောင်မမက်နိုင်ပါဘူး။

ကျနော်တစ်ယောက်ထဲ အခွင့်အရေးယူနေလို့မဖြစ်ဖူးဗျ။ တက္ကသိုလ်ဝင်တန်းဖြေရမှာဆိုပြီး တစ်နှစ်သုံးစွဲလာတာ သုံးလာတာတွေက များပါတယ်။ ဖြုန်းဖို့ကလည်းအင်အားက ရှိဦးမှလေ။ ကိုယ့်အတိုင်းအတာနဲ့ကိုယ်တော့ ဒါတောင် မနဲမနောကုန်တာလေ။ အခုလွတ်ပြီကျွတ်ပြီ ဆိုတော့ နောက်ကညီလေးတွေ အလှည့်ပေးရဦးမှာ။ ပြောခဲ့ပါရော …. ဒုတိယကောင်က အထက်တန်းရောက်နေပြီလို့။

“အကြီးကောင် ဆီစက်မှာအလုပ်ဆင်းရမယ်’’ တဲ့။
အဖေက အပြင်းအထန်ကြီးမဟုတ်ပေမဲ့ လုပ်ကိုလုပ်စေချင်တဲ့ပုံတော့ရှိတယ်။ ဒါတောင် အဖေ့မိတ်ဆွေတွေ အဆက်အသွယ်နဲ့ လုပ်ရမှာပါ။

“မင်း ကျောင်းမတက်ခင် နှစ်ဝက်လောက်အချိန်ရတော့ မင်းကျောင်းစရိတ် မင်းရှာရလိမ့်မယ်’’ တဲ့။
“ဟုတ်ကဲ့’’ ကျနော့်မှာ ပြန်ပြောနိုင်စွမ်းမှ မရှိတာ။ ကိုယ့်စရိတ်နဲ့ကိုယ်ကျောင်းတက်ရတာ ဂုဏ်ယူစရာတောင် ကောင်းသေးတယ်လေ။

ဆီစက်မှာ အလုပ်လုပ်ရတာ တစ်ခုတော့ကောင်းတယ်ဗျ။ လုပ်အားခကို နေ့စဉ်ရှင်းပေးတယ်။ လေးငါးရက်ပေါင်းပြီးလည်း ထုတ်လို့ရတယ်။ အလုပ်ဆင်းစ (၂) ရက်ဘဲရှိသေးတယ်။ စက်ရုံမန်နေဂျာကြီး စက်ရုံတွင်းလှည့်ရင်း ကျနော့်ကိုမေးတယ်။

“ကောင်လေး မင်းအခုနှစ်မှ ၁၀ တန်းအောင်တာလား’’ တဲ့
“ဟုတ်ကဲ့’’ ကျနော် အလိုလို အမှန်အတိုင်းပြောပြီးမှ နောင်တရဖို့ဖြစ်ရတယ်။ ညနေအလုပ်ဆင်းချိန်ငွေရှင်းတော့ စက်ရုံမန်နေဂျာကြီးက ပြောတယ်။

“ကောင်လေး မင်းလုပ်ပုံကိုင်ပုံမဆိုးပါဘူး။ ဒါပေမဲ့ အသက် (၁၈) နှစ်မပြည့်သေးတော့ ခက်တယ်ကွာ။ ငါတို့လည်း ဥပဒေအရ မင်းကိုအလုပ် ခိုင်းလို့ မရဘူး။ အားတော့နာပါတယ်ကွာ’’ တဲ့။

ကျနော့်ကျောင်းစရိတ်ကလေး ကမ်းမမြင်ပင်လယ်ပြင်ကို စတင်ဖြတ်သန်းနေပြီဆိုတာ အဲဒီအချိန်က ကျနော်မသိခဲ့ဘူး။ ကျနော်အားမလျော့ ပါဘူး။ ဖွံဖြိုးတိုးတက်နေတဲ့ခေတ်ကြီးထဲ ဘွဲ့တစ်ခုခုတော့ ရမှဖြစ်မှာလေ။ ကျနော်ကျောင်းစရိတ်ကလေးရဖို့ သမုဒ္ဒရာခြားလည်း ကူးခတ်ရ မှာဘဲ။

ရေသန့်စက်ရုံတစ်ခုမှာ အလုပ်လျှောက်ထားသေးတယ်။ လူတွေ့ဖြေတဲ့နေ့မှာ ကျနော့်အလုပ်ဝင်ခွင့် လျှောက်လွှနှင့်ထောက်ခံစာတွေကို အင်တာဗျူးတဲ့အရာရှိကြီးက အပြန်ပြန်အလှန်လှန်ကြည့်ရင်း ……

“မင်းမှာ အဖေရှိသေးလား’’ တဲ့။ ကောက်ကာငင်ကာမေးတော့ ကျနော် ယောင်နနနဲ့ … “ဟုတ်ကဲ့ ရှိပါတယ်’’ လို့ ဖြေလိုက်မိတယ်၊ တကယ် လည်းသက်ရှိထင်ရှား ကျနော့်ဖားသားရှိတယ်လေ။ ဒီဂရီတွေပြည်တွင်းမှာတင် တက်ရောက်ယူနိုင်တယ်။ ပြည်တွင်းမှာတင်တက်ရတော့ ကုန်ကျစရိတ်သက်သာတယ်။ စိတ်ထဲကတော့ပြောလိုက်မိသေးတယ်။ “ဒါလိုအပ်လို့လား’’ လို့။ “အေး..အေး..နောက်မှပြန်ဆက်သွယ်လိုက်မယ်’’ တဲ့။ ခုထိဆက်သွယ်မလာသေးပါဘူး။

မော်တော်ကားစက်ရုံတစ်ခု ကျနော်တို့မြို့မှာဖွင့်သံကြားလို့  စုံစမ်းကြည့်မိတယ်။ အသက် (၁၈) နှစ်မပြည့်သူတွေ အလုပ်သင်သင်တန်းအရင် တက်ရမယ်တဲ့။ ကျောင်းစရိတ်ရှာရတာ ပင်ပမ်းလိုက်တာဗျာ။ ပညာရေးမှာ သိပ်ထူးချွန်တဲ့သူလည်းမဟုတ်တော့ ပညာသင်ထောက် ပံ့ကြေးလည်း အားကိုးလို့မရနိုင်ဘူး။ မသေချာဘူးလို့ပြောချင်တာပါ။

အလုပ်ရှာရင်းနဲ့ဘဲ အချိန်တွေကုန်မှန်းမသိကုန်နေပြီ။ များသောအားဖြင့်တော့ လမ်းပေါ်မှာဘဲ ကျနော်အနေများလာတယ်။ စိတ်ဓါတ်လည်း နည်းနည်းတော့ကျနေပြီ။ အထောက်အကူပြုသင်တန်းတစ်ခုခု တက်ဖို့ကလည်း မိဘတွေကိုငဲ့ကွက်နေရတာလား၊ ကိုယ့်မိသားစုငွေရေး ကြေးရေးအခြေအနေ အတော်အသင့်တော့ ရိပ်မိပါတယ်။ ညီငယ်တွေပညာရေးနဲ့ မိဘတွေလည်း အပိုအလျှံမှမရှိတာ။

အသက်မပြည့်လို့ အလုပ်ကလည်းမရ၊ လ္ဘက်ရည်ဆိုင် စားပွဲထိုးလုပ်ဖို့ကလည်း တက္ကသိုလ်တက်မယ့် ကျောင်းသားလောင်းအတွက်ကတော့ သိပ်မနိပ်သေးပါဘူး။ ဒါနဲ့ အချိန်တွေပိုနေတဲ့ကျနော် လမ်းပေါ်မှာ အနေများလာတာ အဆန်းတကျယ်ဖြစ်မနေကြတော့ဘူးလေ။

ဝေလေလေ လတ်ယားလတ်ယား မျက်စိကစားရင်း ကောင်မလေးတစ်ယောက်ကို မျက်စိကျမိတော့မှ လူငယ်စိတ်ကို ဖွင့်လိုက်မိတဲ့ကျနော် မရည်ရွယ်ဘဲ အိမ်ထောင်ကျဖို့ဖြစ်လာတယ်။ မိန်းမရစောရမလားလို့ အဖေရဲ့ဂရုဏာဒေါသစကား ……….

“အကြီးကောင် ဆယ်တန်းအောင်တာကိုကမှားတာ” တဲ့။ ကျနော် ခေါင်းငုံခံရတာပေါ့။ ဒါပေမဲ့ လူငယ်စိတ်လေ။ စိတ်ထဲကတော့ပြောမိသား လား ………
“ဒါကျနော်ကြောင့်တစ်ခုထဲတော့ မဟုတ်နိုင်ဘူးအဖေ။ ခေတ်စနစ်အရဖြစ်ရတာနေမှာ။ ကျနော်သာ (၅) နှစ်နဲ့ ကျောင်းမတက်ခဲ့ရရင်၊ အ ဖေအမြဲပြောနေကျ ငါတို့ငယ်ငယ်က (၆) နှစ်မှကျောင်းစတက်ရပြီး သူငယ်တန်းလေး၊ သူငယ်တန်းကြီးသင်ခဲ့ရတာကွ ဆိုသလိုကျနော် လည်းတက်ခဲ့ရရင်၊ အဆုံးစွန်ဆုံး တစ်နှစ်တစ်တန်း မှန်မှန် ကျနော်သာမအောင်ခဲ့ရင်၊ အသက်ပြည့်လို့ အလုပ်တစ်ခုအခြေတကျဖြစ်နေရင်၊ အိမ်ထောင်ကျဖို့လည်း မရှိတော့ဘူးပေါ့အဖေရေ’’ လို့ ကျနော်တစ်ယောက်ထဲ အရူးတစ်ယောက်လိုဘဲ အတွေးထဲမှာ ဆက်ပြောနေမိတယ်။ …….

“ကျနော်လိုအပ်သမျှ အဖေဘာတွေ ဖြည့်ဆည်းပေးခဲ့သလဲ၊ သူတကာလိုဝင့်ကြွားစွာ ပညာရှာနိုင်အောင် အဖေဘာတွေ ထောက်ပံ့ခဲ့သလဲ၊ အသင့်အတင့်ကျူရှင်လေးတစ်ခုလောက်တက်ပြီး တက္ကသိုလ်ဝင်တန်းအောင်ခဲ့တဲ့သူကို ဒီလောက်အထိအပြောသင့်ဘူး မဟုတ်လား …”
တကယ်တော့ ကျနော်အမှားတွေကိုဖုံးကွယ်ဖို့ ကြိုးစားနေတာဘဲ။ အသက်မပြည့်လို့ အလုပ်ရှာမရဘဲ၊ အိပ်မက်တွေမှာ စုန်မျောရင်း နှစ် ၀က်လောက်လမ်းပေါ်ရောက်နေခဲ့တဲ့ ကျနော်ကရော မမှားဘူးလား။ အဖေပြောခဲ့သလို  ၁၀ တန်းအောင်တာကိုက မှားနေတာလား၊ ဒါ တော့မဖြစ်နိုင်တန်ဘူး။ အများသူငါ အောင်နေကြတာလေ။ ကျနော်စိတ်တွေေ၀၀ါးရီဝေနေပြီ။ စာဖတ်သူတွေဘဲ ၀ိုင်းဝန်းဆွေးနွေး ကြပါတော့လို့။

ကျေးဇူးတင်စွာဖြင့်……


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “လူနှင့်စနစ်ဘာလဲ.. မှားတော့ မှားနေပြီ
  1. ဆယ်တန်းတောင် ဘ က ကနေ အောင်တယ်ဗျာ ။။။ အရွယ်ရောက်လာတော့ နိုင်ငံခြား မှာ အချိန်တွေ ကုန်တယ်။ နေရတာက ရွာ ။။။ လူ ဖြစ်ရကြိုး ဘယ်ချိန် နတ်မလဲ တော့ မပြောတတ်ဘူး။ လောက ကြီး က လော ပြီး မှ က နိုင်တာ ဆို တာ မှန်ပါတယ် ဗျာ

  2. As parenthesis, suggestion by in my progressive life.You must hard work as per your age level that will help and get experiences for your goal.

  3. လူက မမှားပါဘူး ကိုယ့်လူရာ- ဒီစနစ်မျိုးအောက် မွေးဖွားလာတဲ့ ငွေကြေးဓန မပြည့်စုံတဲ့ မိသားစုတိုင်း ကြုံတွေ့ နေကြရတာပါ- အဓိက ကတော့ ကိုယ့်လူရယ် -တိုင်းပြည်ကို ချောက်(ဂျောက်)ထဲကျမည့်အရေးမှ ဟိုး အောက် ဆုံးအထိ နက်-သထက်-နက်အောင် တွန်းချလိုက်တဲ့ စေတနာရှင်ကြီးတွေကြောင့်ပါ။ သဘောပေါက်တယ်နော်-

  4. That shows the real civilian life in Burma. How poor we are ? The billionaire Generals and their cronies should look after us, Is ‘nt it ? such a pitiful people.

Comments are closed.