အခန်းဆက်များ

လောကပါလ သားကောင်းများ (၃)

ဝီရသူ (မစိုးရိမ်)
နိုဝင်ဘာ ၂၄၊ ၂၀၁၂
 ● ဓမ္မပူဇာ အမျှလှူတာ

ဗြဟ္မဒတ်မင်း တရားနာအပြီးမှာ မုဆိုးကို ဆုတော်လာဘ်တော်တွေ ချီးမြှင့်ပါတယ်။ တန်ဖိုး ကြီးတဲ့ ပတ္တမြား နားဍောင်း၊ ရွှေစင် နိက္ခတစ်ရာ၊ အဆင်းတူ စည်းစိမ်ဥစ္စာတူ မယားနှစ်ယောက်၊ နွားလား ဥသဘနှင့်တကွ နို့စားနွားမတစ်ရာ-စတဲ့ တစ်သက်လုံး သုံးမကုန်နိုင်လောက်အောင် များပြား တဲ့ စည်းစိမ်ဥစ္စာတွေကို ဆုချတာပါ။ အဆင်းတူ၊ စည်းစိမ်းဥစ္စာတူ မယားနှစ်ယောက်တောင် ပါသေး တယ်။ ခုခေတ်အရဆိုရင်တော့ ဥစ္စာပေါ ရုပ်ချောတဲ့မယားနှစ်ယောက်ပေါ့။ ဒီလိုပစ္စည်းတွေ ပေးသနား ပြီး မင်းကြီးက ဆက်ပြောပါတယ်။ ဓမ္မေန ရဇ္ဇံ ကာရေဿံ-အဆွေမုဆိုး ငါဟာတရားသဖြင့် မင်းပြု ပါ့မယ်တဲ့။ ဗဟုကာရော မေ သိ လုဒ္ဒ-သင်ဟာ ငါ့အတွက် ကျေးဇူးကြီးလှပါတယ်တဲ့။ ဒါက မုဆိုးကို ကျေးဇူးစကားဆိုပုံနဲ့ ဗြဟ္မဒတ်မင်းရဲ့ ပဋိညာဉ်  ခံဝန်ကတိ ဖြစ်ပါတယ်။ မင်းကြီးက မုဆိုးအတွက် လည်း အကြံပြုဆုံးမပါသေးတယ်။

● ရာဇောဝါဒ မြတ်ဓမ္မ
ကသိ ၀ါဏိဇ္ဇ ဣဏဒါနံ၊ ဥဥ္ဆာစရိယာ စ လုဒ္ဒက။
ဧတေန ဒါရံ ပေါသေဟိ၊ မေ ပါပံ အကရီ ပုန။

“အဆွေမုဆိုး-လယ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း၊ ကျွေးမြီးပေးခြင်းသည်၎င်း၊ ကောင်းမြတ်သော အသက်မွေးခြင်းသည်၎င်းရှိ၏၊ ထိုကောင်း သော အသက်မွေးခြင်းဖြင့် သားမယားကို သင်ကျွေးမွေး လေလော့၊ တစ်ဖန် မကောင်းမှုကို သင်မပြုလေလင့်” ။

မိစ္ဆာအာဇီဝ-မှားသော အသက်မွေး စီးပွားရေးကို ရှောင်ကြဉ်ပါ။ သမ္မာအာဇီဝ- မှန်သော အသက်မွေး စီးပွားရေးကိုပြုလုပ်ပါ။ လယ်ထွန်ပါ၊ ကုန်ကူးပါ၊ ငွေတိုးပေးစားပါ၊ တစ်ခြားကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်စားသောက်ပါ၊ မုဆိုးအလုပ်ကို ဆက်မလုပ်ပါတော့နဲ့လို့ ဆိုလိုပါတယ်။ ဗြဟ္မဒတ် မင်းရဲ့ စကားထဲမှာ ဣဏဒါနံ-ကြွေးမြီပေးခြင်း၊ ငွေတိုးပေးခြင်းဆိုတာ ပါပါတယ်။ အဲ့ဒီ အလုပ်ဟာ သမ္မာအာဇီဝဖြစ် ပါတယ်တဲ့။ သင့်လျော်တဲ့အတိုးငွေယူပြီး စီးပွားရေးမရှိတဲ့လူတွေကို အရင်းအနှီး ထုတ်ပေးတာ လုပ်ငန်းအစုရှယ်ယာ ထောင်ပေးတာကို ဆိုလိုပုံရပါတယ်။ ခုခေတ်မှာလို ငွေလိုအပ် နေတဲ့သူအပေါ် အမြတ်ကြီးစား အဆမတန်အတိုးယူ အတိုးပေါ် အတိုးထပ်ဆင့်တဲ့  ငွေတိုးပေးစား ခြင်းမျိုးကို ဆိုလိုပုံမရပါဘူး။ မုဆိုးကြီးဟာ ဘိုးစဉ်ဘောင်ဆက်  မုဆိုးမျိုးနွယ်ထဲက ဖြစ်လို့ အကုသိုလ် အလုပ်ကို စွန့်လွှတ်ဖို့ အမဲမလိုက်တော့ဘဲ သမ္မာအာဇီဝကျအောင် လုပ်ကိုင်စား သောက်ဖို့ ဆုံးမတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မုဆိုးဟာ စည်းစိမ်ဥစ္စာတွေကိုရော မယားနှစ်ယောက်ကိုပါ မမက်မောပါဘူး။ မင်းကြီးထံ အကုန်ပြန်အပ်နှံပြီး တောထွက်တရားကျင့်ဖို့ ခွင့်တောင်းပါတယ်။ သူ့ကြောင့် ရွှေသမင် မောင်နှမတတွေ ဒုက္ခရောက်ရတာကို နောင်တရလို့မဆုံး ဖြစ်နေပါတယ်။ သူတော်ကောင်းတရား ကြားနာပြီး သူတော်ကောင်းစိတ်တွေ မွေးမြူနိုင်လို့ ၀တ္ထုကာမဆိုတဲ့ ကာမဂုဏ်အာရုံတွေကိုရော၊ ကိလေသာကာမဆိုတဲ့ ကာမဂုဏ်ခံစားလိုတဲ့ ကိလေသာတွေကိုပါ ၀ိက္ခမ္ဘန ပဟာန်နဲ့  ပယ်သတ်နိုင်ခဲ့ပါတယ်။ ဈာန်တရားရပြီး ဗြဟ္မာ့ပြည်ကို ရောက်ရှိသွားခဲ့ပါတယ်။ ၀ိက္ခမ္ဘနပဟာန်ဆိုတာ ကိလေသာကို ခဏလေး ပယ်လိုက်တာလဲ မဟုတ်ဘူး။ ထာဝရပယ် သတ်နိုင်တာလဲ မဟုတ်ဘူ။ ဈာန်မလျှောမချင်း ရသေ့ဘ၀တစ်လျှောက်လုံးနဲ့ ဗြဟ္မာ့ပြည်လားသည့် အထိ ဘ၀နှင့်ချီပြီး ပယ်သတ်နိုင်တာကို ဆိုတာပါ။

● ဇာတ်ပေါင်းခန်းနှင့် ဝမ်းပန်းတသာ
ဒီဇာတ်တော်မှာ မုဆိုးဟာ မြင်းမြီးဆွဲမောင်ဆန်ခေါ် ဆန္နမထေရ်လောင်းလျာဖြစ်ပါတယ်။ ဗြဟ္မဒတ်မင်းကြီးက ရှင်သာရိပုတ္တရာ၊ ခေမာမိဖုရားကြီးက ခေမာထေရီ၊ မိအိုဖအိုနှစ်ပါးက သုဒ္ဓေါဒန မင်းကြီးနဲ့ မယ်တော်မာယာ၊ နှမတော်သုတနာက ဥပ္ပလ၀ဏ်ထေရီ၊ ညီတော်စိတ္တသမင်က ရှင်အာနန္ဒာ လောင်းလျာဖြစ်ပါတယ်။ ရောဟဏရွှေသမင်မင်းကတော့ ဘုရားလောင်းပေါ့။                (၀ီသတိနိပါတ်၊ ရောဟဏမိဂဇာတ်။)

● ဘုရားရှင့်အာဘော် မှတ်သားသင့်ပါသော်
ဒီဇာတ်တော်ဟာ ရှင်အာနန္ဒာရဲ့ဂုဏ်ကျေးဇူးကိုဖော်ကျူးတဲ့ ကျေးဇူးတော်ဖွဲ့ ဇာတ်တော် ဖြစ်ပါတယ်။ ရှင်အာနန္ဒာဟာ ဘုရားကို ဒေ၀ဒတ်က နာဠာဂီရိဆင်နဲ့ လုပ်ကြံတဲ့အခါ ဘုရားရှေ့ကနေ အသေခံပြီး ကာကွယ်ပေးတာကို အကြောင်းပြုပြီး ဟောတော်မူတာပါ။ ဒီဘ၀မှာတင်မဟုတ်ဘူး ရှေးဘ၀များစွာတုန်းကလည်း ဘုရားလောင်းအပေါ် သစ္စာရှိခဲ့တယ်။ အသက်ကယ်ခဲ့ဖူးတယ်ဆိုတာကို ဟောလိုရင်းဖြစ်ပါတယ်။ သံသရာခရီးမှာ မိတ်ဆွေဟာ ဘယ်လောက်အရေးကြီးတယ်။ မိတ်ကောင်း ဆွေကောင်းကြောင့် သေဘေးမှတောင် လွတ်မြောက်ခဲ့ ရတယ်ဆိုတာကို ဟောလိုရင်းဖြစ်ပါတယ်။

● နောက်ကိုလှည့်ကြည့် အမြဲရှိ
ဒီဇာတ်တော်ထဲက ညီတော်နှမတော်နဲ့ ပတ်သက်ပြီး မိတ်ဆွေကောင်းပီသပုံ၊ ရွှေသမင် အပေါ် မှာ သူတို့မောင်နှမ နှစ်ယောက်ထားရှိတဲ့ သစ္စာတရားရဲ့ ထုထည်ကို သိစေချင်လို့ ထပ်ပြောချင် ပါသေးတယ်။ ဘုရားလောင်းကျော့ကွင်းမိတော့ ညီတော်စိတ္တရွှေသမင် သမင်အုပ်ထဲကနေ ဘုရား လောင်းထံပြန်လာတဲ့အခါ ဘုရားလောင်းက ညီတော်ကို ပြောလိုက်ပါတယ်။
ဧတေ ယူထာ ပတီယန္တိ၊ ဘီတာ မရဏာ စိတ္တက။
ဂစ္ဆ တုဝမ္ပိ မာကင်္ခိ၊ ဇီဝိဿန္တိ  တယာ သဟ။

ညီတော်စိတ္တက ဤသမင်အပေါင်းတို့သည် သေဘေးမှကြောက်သည်ဖြစ်၍ ပြေးသွားကုန်၏။ ငါ့ညီတော်သည်လည်း သွားလေလော့၊ နေခြင်းကို အလိုမရှိလင့်၊ သင်နှင့်တကွ ထိုသမင်အပေါင်းတို့ သည် အသက်မွေးရကုန်လတ္တံ့။

ငါ့ညီ- သမင်တွေပြေးကုန်ကြတာ မင်းအမြင်ပဲ၊ သေမှာကြောက်လို့ ပြေးကုန်ကြတာ။ မင်းမလာ ခဲ့နဲ့ ပြန်သွားချေ၊ ဒီမှာလာမနေချင်နဲ့ သေလိမ့်မယ်။ ငါ့အစား အဲဒီသမင်တွေကို မင်းကပဲဦးဆောင် စောင့်ရှောက်ပါလို့ ဘုရားလောင်းက ညီတော်စိတ္တသမင်ကို မှာတာဖြစ်ပါတယ်။
ဘေးအန္တရာယ်နဲ့တွေ့ကြုံပြီဆိုမှဖြင့် ကိုယ်မကယ်နိုင်တဲ့ ဒုက္ခသည်ကိုကယ်လည်း ဘာထူးမှာ လဲနော်၊ ကိုယ်သာ ဒုက္ခရောက်တာထူးတော့မှာပေါ့။ ကိုယ်မတက်နိုင်တာကို တွေးပူနေလို့ကော ဘာ အကျိုးရှိမှာလဲနော်၊ စိတ်ဆင်းရဲတာပဲ အဖတ်တင်တော့မှာပေါ့။ ဒါကြောင့်ဘုရားလောင်းက ပြန်လွှတ် တာဖြစ်ပါတယ်။ ဘုရားလောင်းမရှိတဲ့နောက်ပိုင်း ခေါင်းဆောင်မရှိတော့လို့ ဖရိုဖရဲဖြစ်ပြီး ကျန်နေခဲ့ မယ့် သမင်တွေအရေးကို တွေးမိပြီး ညီတော်စိတ္တကို ပြန်လွှတ်တာဖြစ်ပါတယ်။ နှမတော် သုတနာ ပြန်လာတော့လဲ ဘုရားလောင်းက ပြန်လွှတ်တာပါပဲ။

ဂစ္ဆ ဘီရု ပလာယဿု၊  ကူဋေ ဗန္ဓော သ္မိ  အာယသေ။
ဂစ္ဆ တုဝမ္ပိ မာကင်္ခိ၊ ဇီဝိဿန္တိ တယာ သဟ။

ကြောက်တတ်သောနှမတော်- သင်နှမတော်သည် သွားလေလော့၊ ပြေးလေလော့၊ သံတိုင်၌ဖွဲ့ ၍ မြဲမြန်ခိုင်ခံ့သော ကောက်ကျစ်စဉ်းလဲ လျှို့ဝှက်သောကျော့ကွင်း၌ ဖွဲ့မိသည်ဖြစ်၏။ သင်နှမသည် လည်း လျင်မြန်စွာပြေးသွားလေလော့၊ နေခြင်း၌ အလိုမရှိလင့်၊ ထိုသမင်အပေါင်းတို့သည် သင်နှင့် တကွ အသက်ရှင်ကုန်လတ္တံ။

ကြောက်တတ်တဲ့ နှမငယ်လည်း အရဲစွန့်ကယ်ခဲ့ရှာ
သုတနာသမင်မလေးက ကြောက်တတ်ပုံရပါတယ်။ ဒါကြောင့်  ကြောက်တတ်သော နှမတော် လို့ ခေါ်တာပေါ့။ မိန်းကလေးဆိုတော့ သွေးသံရဲရဲ ဘေးဆိုးကပ်ဆိုးတွေကို ဘယ်ကြည့်ရဲ မြင်ရဲပါ့မလဲ။ ကြောက်တတ်ပါလျက်နဲ့ ဘာလို့ပြန်လာရတာလဲ၊ ပြန်သွားပါ။ ဟိုမှာ ဖရိုဖရဲဖြစ်နေတဲ့ သမင်တွေကို ညီတော်စိတ္တနှင့်အတူ ထိန်းကျောင်းပါလို့ ဆိုလိုပါတယ်။ ကူဋော ဗန္ဓော သ္မိ အာယသေ=ငါ့မှာတော့ သံတိုင်၌ဖွဲ့၍ မြဲမြံခိုင်ခံ့သော ကောက်ကျစ်စဉ်းလဲလျှို့ဝှက်သော ကျော့ကွင်း၌ ဖွဲ့မိနေပြီတဲ့။ ဒီစကား ကိုထောက်ရင် အရေတွေ၊ အသားတွေ အကြောတွေပြတ်နေတော့ အတော်နာနာကျင်ကျင် ခံစား နေရပုံပေါ်ပါတယ်။ ဒါကြောင့်  နာနာကျည်းကျည်း ဒီစကားကိုပြောတာပေါ့။ ဘယ်မုဆိုးက သား ကောင်ကို ညှာတာနေနိုင်မှာလဲလေ။ ဒါကြောင့် မသိအောင် ကျော့ကွင်းကို လျှို့ဝှက်ထောင် ရတာပေါ့၊ မလွတ်အောင် ကြိုးခိုင်ခိုင်နဲ့ ထောင်ရတာပေါ့၊ ကြိုးကိုကြည့်ရုံနဲ့ မုဆိုးရဲ့စိတ်ထားကို သိနိုင်ပါတယ်။ ကျော့ကွင်းမှန်သမျှ စဉ်းလဲကောက်ကျစ်မှုတွေ ပြည့်နေတာချည်းပါပဲ၊ ဘယ်ကျော့ကွင်းက ကောက် ကျစ်မှုကင်းလို့လဲ။ ဘုရားလောင်းက ညီတော် နှမတော်တို့ကို ပြန်လွှတ်တဲ့အခါ မောင်နှမ နှစ်ယောက် စလုံးက ဘုရားလောင်းကို ပြန်ပြောတဲ့ စကားလေးတွေကလည်း မှတ်သားဖို့ ကောင်းပါတယ်။

နာဟံ ရောဟဏ ဂစ္ဆာမိ၊ ဟဒယံ မေ အ၀ကဿတိ။
နတံ  အဟံ ဇဟိဿာမိ၊ ဣဓ ဟိဿာမိ ဇိဝိတံ။

နောင်တော်ရောဟဏရွှေသမင်မင်း အကျွန်ုပ်သည် မသွားပါအံ့၊ အကျွန်ုပ်၏ စိတ်နှလုံးသည် စိုးရိမ်ခြင်းဖြင့် ငင်၏။ အကျွန်ုပ်သည် သင်နောင်တော်ကို မစွန့်ပါအံ့။ ဤအရပ်၌ အသက်ကိုစွန့်ပါအံ့။

● သေလျှင် ရှင်ကျန်ရစ်မည့် ရာဇာဝင်အရှင်သခင်များ
အကျွန်ုပ်တို့ မပြန်ပါရစေနဲ့၊ အကျွန်ုပ်တို့ရင်ထဲမှာ သောကတွေပြည့်နေခဲ့ပါပြီ။ စိတ်နှလုံးဟာလဲ ပူလောင်ဆူပွက်လို့ နေပါပြီ၊ ဒီနေရာမှာပဲ သေချင်သေပါစေ၊ အသက်ကိုစွန့်ပါ့မယ်၊ နောင်တော် ကိုတော့ မစွန့်ပါရစေနဲ့တဲ့။ ထူးခြားတဲ့သူတွေဟာ သာမန်လူတွေနဲ့ မတူတဲ့အတွေးကို တွေးမိတတ်ကြ တယ်နော်၊ ခံယူချက်ချင်းလဲ သူများတကာတွေနဲ့ မတူတတ်ကြဘူး။ တန်ဖိုးထားခြင်း ကိုးကွယ်ခြင်းလဲ သူများတွေထက် ထူးခြားနေတတ်တယ်။ သာမန်လူတွေက အကြင်နာမဲ့စွာနဲ့ မိတ်ဆွေကို ပစ်ထားခဲ့ပြီး အဓိပ္ပါယ်မဲ့တဲ့ အသက်ရှင်သန်ခြင်းကို တန်ဖိုးထားကြတယ်။ သမင်မောင်နှမကတော့ အသက်ထက် သစ္စာတရားကို တန်ဖိုးထားတယ်။ မိတ်ကောင်းဆွေကောင်း ခေါင်းဆောင်ကောင်းကို စွန့်ပစ်ခဲ့ပြီး သစ္စာမဲ့တဲ့ ရှင်သန်ခြင်းမျိုးကို သူတို့မလိုလားကြဘူး။ သူတို့က သစ္စာတရားကို ကိုးကွယ်ကြတယ်။ သာမန်လူတွေက အသက်နဲ့ခန္ဓာကိုယ်ကို ကိုးကွယ်ကြတယ်။ သစ္စာမဲ့တဲ့ဘ၀ဟာ ရှင်လျက်သေနေ ကြတဲ့ လူပြိတ္တာတွေဖြစ်တယ်။ သစ္စာတရားကို ကိုးကွယ်ရင်း သေရတဲ့ဘ၀ဟာ သေလျက်ရှင်သန်နေ ရှင်ကျန်နေမယ့် သမိုင်းကောင်း(Role Mordal)တစ်ခု ဖြစ်တယ်လို့ သူတို့က ယုံကြည်ထားကြတာ ဆိုတော့ ဘုရားလောင်းကို ဘယ်စွန့်ရက်ရဲပါ့မလဲ။

● လောကမှာ အရေးအကြီးဆုံးအရာ
ညီတော်နှမတော်တို့ကို ဒီပုံစံနဲ့ ကိုင်တွယ်လို့မရတဲ့အခါ ဘုရားလောင်းက မိဘနှစ်ပါးနဲ့ ခြိမ်းခြောက်လိုက်ပါတယ်။ “တေ ဟိ နူန မရိဿန္တိ၊ အန္ဓာ အပရိဏာယကာ= မျက်စိမမြင်ကုန်သော ကြည့်ရှုစောင်မသူ မရှိကြကုန်သော မိဘနှစ်ပါး သေကုန်ကြလိမ့်မယ်၊ မင်းတို့ပြန်ကြပါ။” ဒီလိုမိဘ နှစ်ပါးနဲ့ ကိုင်လှုပ်တာတောင် သမင်မောင်နှမဟာ လုံးဝမပြန်ဘဲ ဘုရားလောင်းကို အသက်တွေ ပုံအပ် ထားကြတယ်။ လောကမှာ ဘာအရေးကြီးဆုံးလဲဆိုတာ ရွှေသမင်မောင်နှမက သက်သေပြလိုက် တာပါ။ လောကမှာ အရေးအကြီးဆုံးအရာဟာ အခြွေအရံတွေလား၊ (အခြွေအရံတွေ ပြေးကြပြီလေ) စည်းစိမ်ဥစ္စာတွေလား၊ ရာထူးအာဏာတွေလား၊ ဘုန်းတန်ခိုးကြီးခြင်း ထင်ပေါ်ကျော်ကြားခြင်းလား၊ ဒါတွေအားလုံးထက် မိတ်ဆွေကောင်းဟာ အရေးအကြီးဆုံးဆိုတာ ပိုပြီးပေါ်လွင်လှပါတယ်။

ဆက်လက်ဖော်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts