တူမောင်ညို သူတို့အာဘော်

တစ်သက်လုံး မလုံခဲ့တဲ့ ခေါင်းမိုးအတွက် တံစက်မြိတ်ကို ယိုးမယ်ဖွဲ့မယ့် စာရင်းစစ်နည်း (Tu Maung Nyo)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

တစ်သက်လုံး မလုံခဲ့တဲ့ ခေါင်းမိုးအတွက် တံစက်မြိတ်ကို ယိုးမယ်ဖွဲ့မယ့် စာရင်းစစ်နည်း

တူမောင်ညို ။၂၀၁၂  နိုဝင်ဘာ ၁၅ )

စာရင်းစစ်လောကမှာ “ ဘုရားသခင်ကလွဲရင် အားလုံးကို စာရင်းစစ်မယ်” ဆိုတဲ့ ပြောရိုးတစ်ခုကြားဖူးတယ်။

(ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရအတွက်တော့  အဆိုပါပြောရိုးစကားမှာ “ဘုရားသခင်နဲ့ ကာကွယ်ရေးဦးစီးချုပ်ကလွဲရင် အားလုံး ကို စာရင်းစစ်မယ်” ဆိုပြီး ဖြည့်စွက်ရလိမ့်မယ်ထင်တယ်။

  ပဉ္စအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး(ပဉ္စမနေ့)  မှာ စာရင်းစစ်ချုပ် ဦးသိန်းထိုက်က

“ပြည်ထောင်စုအစိုးရဌာန အဖွဲ့အစည်းများရဲ့ ၂၀၁၁ – ၂၀၁၂ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံး ဆိုင်ရာစစ် ဆေးခြင်းနှင့်စပ်လျဉ်း၍ အရေးကြီးသည့် စစ်ဆေး တွေ့ရှိချက်များ”

ကို တင်ပြရာမှာ ဝန်ကြီးဌာန (၁၅) ခုမှာ အလွဲသုံးစားလုပ်မှု၊ မသမာမှုနဲ့ မှားယွင်းလုပ်ဆောင်မှုများကြောင့် ကျပ်ငွေ သန်းပေါင်း ၆ သောင်း နီးပါး နဲ့ အမေရိကန်ဒေါ်လာ ၂ သိန်းကျော် နစ်နာခဲ့ရကြောင်း ပြောသွားပါတယ်။

ဝန်ကြီးဌာနတစ်ခုချင်းအလိုက် ဒီလိုနစ်နာမှုတွေနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က

“စာရင်းစစ်တွေ့ရှိချက်က နိုင်ငံ တော်ကို ပေးသွင်းရမယ့် ကျပ်ငွေ စုစုပေါင်း ၅၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ ဘီလီယံလောက်) စာရင်းဟနေတာ တွေ့တယ်တဲ့။ ၀န်ကြီးဌာန အားလုံးပေါင်းလိုက်ပေါ့။ အဲဒါကို သူက နိုင်ငံတော်ကိုပြန်ပေးသွင်းဖို့ စာရင်းစစ်ကလုပ်တဲ့ အခါ ကျပ်ငွေ ၂၀ ဘီလီယံ ကတော့ ပြန်သွင်းနိုင်ခဲ့တယ်။ ကျန်တဲ့ ကျပ်ငွေ ၄၀ ဘီလီယံထဲမှာ ၃၅ ဘီလီယံက မွေးမြူရေးနဲ့ ရေလုပ်ငန်း ၀န်ကြီးဌာနက ပေးသွင်းဖို့ ကျန်ပါ သေးတယ်တဲ့။ အဓိက မသမာမှုက တနိုင်ငံလုံးမှာ ကျပ်သိန်းပေါင်း ၁၄၀၀ သွားတွေ့တယ်။ အဲဒီ ထဲမှာ သတင်းနဲ့ စာနယ်ဇင်း တဦး တည်းကပဲ သိန်း ၁၂၀၀ အလွဲသုံးစားလုပ်ထားတာတွေ့တယ်လို့ ပြောပါတယ်။”

            (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့ အစိုးရမှာ ဝန်ကြီးဌာနပေါင်းစုစုပေါင်း (၃၆) ခုရှိပါတယ်။ စာရင်းစစ်ချုပ်ရဲ့တင်ပြချက်အရ ဝန်ကြီးဌာန ၁၅ ခုမှာ “အလွဲသုံးစားလုပ်မှု၊ မသမာမှုနဲ့မှားယွင်းလုပ်ဆောင်မှု” တွေရှိခဲ့တယ်ဆိုတော့ ကျန်တဲ့ ဝန်ကြီးဌာန (၂၁) ရဲ့ အခြေအနေမှန် ကဘယ်လိုလဲ။ “အလွဲသုံးစားလုပ်မှု၊ မသမာမှုနဲ့မှားယွင်းလုပ်ဆောင်မှု”  မရှိဘဲ တကယ်သန့်ရှင်းတဲ့ ဝန်ကြီးဌာနတွေလို့ယူဆရမှာလား၊ စာရင်းမစစ်ဆေးရသေးတာလား၊ သို့တည်းမဟုတ် စာရင်းစစ်ချုပ်စာရင်းစစ်ခွင့်မရှိတာလား။ ဒါမှမဟုတ် စစ်ဆေးတွေ့ရှိချက်တွေ ရှိပါ တယ်။ ဒါပေမယ့် ဒီအချက်တွေဟာ နိုင်ငံတော်အတွက်  “ထိပ်တန်းလျို့ဝှက်၊ လျို့ဝှက်၊ ကန့်သတ်”  ဆိုတဲ့ကိစ္စတွေ ဖြစ်နေလို့များလား။

            ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန ၃ ခုကတော့ ကာကွယ်ရေးဦးစီးချုပ်က တိုက် ရိုက်ခန့်ထားပြီး ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိတဲ့ ပြည်ထောင်စုဝန်ကြီးများက ချုပ်ကိုင်ထားတာဖြစ်ပါတယ်။

            ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀(စ)အရ “ တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာစီမံခန့်ခွဲစီရင်ဆောင် ရွက်ပိုင်ခွင့်ရှိသည်” ဆိုတဲ့ ပြဋ္ဌာန်းချက်ကြောင့် ဘယ်သူမှ ထိခွင့်တို့ခွင့်မရှိတာလား။

အထက်ပါအချက်တွေ ကတော့ လွှတ်တော်ထဲမှာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ မေးသင့်တဲ့မေးခွန်း များသာ ဖြစ်ပါတယ်။

“အလွဲသုံးစားလုပ်မှု၊ မသမာမှုနဲ့မှားယွင်းလုပ်ဆောင်မှုများကြောင့် ကျပ်ငွေ သန်းပေါင်း ၆ သောင်းနီးပါးနဲ့ အမေရိကန်ဒေါ်လာ ၂ သိန်းကျော်နစ်နာခဲ့ရတယ်” ဆိုတဲ့အချက်ကို  ယခုနှစ်ကျမှ အံ့သြထူးဆန်းဖွယ် စတင်တွေ့ရှိလာရတာလား။ ယခင့်ယခင်နှစ်များကရော ယခုလို  အလွဲသုံးစားလုပ်မှု၊ မသမာမှုနဲ့မှားယွင်းလုပ်ဆောင်မှုတွေနဲ့ ပြည်သူ့ဘဏ္ဍာဆုံးရှုံးမှုတွေ မရှိခဲ့ဘူးလား။

ဆုံးရှုံးရသမျှ ပြည်သူ့ဘဏ္ဍာတွေဟာဘယ်သူ့ထံ စီးဆင်းရောက်သွားပါသလဲ။ ဘယ်သူတွေ ဘယ်လိုအလွဲသုံးစားလုပ်ခဲ့တာလဲ၊ ဘယ်လိုမသာမှုပြုခဲ့တာလဲ။ ဘယ်လိုမှားယွင်းခဲ့တာလဲ တိတိကျကျစုံစမ်းစစ်ဆေး၊ ဖော်ထုတ်၊ အရေးယူဖို့လိုပါတယ်။ ဒါမှသာ ဘယ်လို ကာကွယ်ဟန့်တားနိုင်မယ့်၊အရေးယူအပြစ်ပေးနိုင်မယ့်နည်းစနစ်နဲ့ဥပဒေတွေကို လွှတ်တော်ကိုယ်စားလှယ်ကြီးတွေအနေနဲ့စဉ်းစားကြံဆ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

အလွဲသုံးစားလုပ်မှု၊ မသမာမှု၊ မှားယွင်းလုပ်ဆောင်မှုတွေနဲ့ ပြည်သူ့ဘဏ္ဍာ ဆုံးရှုံးမှုတွေအတွက်ဘယ်သူ့မှာတာဝန်အရှိဆုံးလဲ။ ဘယ်သူကတာဝန်ခံမှာလဲ။ သမ္မတ(ဗိုလ်)ဦးသိန်းစိန်လား၊ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးလား၊ ကြံ့ဖွံ့အစိုးရက ဖြစ်သမျှ အားလုံးကို တာဝန်ခံမှာလား။ ကျန်းမာရေးအကြောင်းပြပြီး “လွတ် – ငြိမ်း – ချမ်းသာ” ခွင့်ပေးကာ တာဝန်ကနုတ်ထွက်သွားကြတာမျိုး တော့ မဖြစ်စေချင်ဘူး။ တာဝန်ရှိမှုအတွက် တာဝန်ရှိသူတွေဟာ တိတိကျကျ၊ ရဲရဲဝံ့ဝံ့ တာဝန်ခံဖို့ပါတယ်။

 “ပွင့်လင်းမြင်သာရမယ်” ဆိုတဲ့ လေသံတွေအကြားမှာ ပွင့်ပွင့်လင်းလင်းဆောင်ရွက်ကြဖို့ လိုပါတယ်။

ပြည်ထောင်စုစာရင်းစစ်ချုပ်အနေနဲ့လည်း ဘယ်သူ့မှ ခြွင်းချက်မထားဘဲ“အားလုံး”ကို စာရင်းစစ်နိုင်တဲ့ ပွင့်လင်းစာရင်းစစ်ချုပ် ဖြစ်ဖို့လိုပါတယ်။

တစ်သက်လုံး မလုံခဲ့တဲ့ခေါင်းမိုးအတွက် တံစက်မြိတ်ကို ယိုးမယ်ဖွဲ့တဲ့ စာရင်းစစ်ဆေးဖေါ်ထုတ်နည်း။ ထိပ်တန်းတာဝန်ရှိသူက တာဝန်မခံ ခေါင်းရှောင်ပြီး လက်အောင်ငယ်သား ဝန်ထမ်းဆင်းရဲသားများကို ဓါးစားခံအဖြစ် ထိုးကျွေးတဲ့နည်း၊  အထက်ကကောင်းတယ် အောက်ခြေကမကောင်းတာဆိုပြီးလွှဲချတဲ့(မဆလ) လုပ်နည်းမျိုး မဖြစ်ဖို့လိုပါတယ်။

 ယခုစာရင်းစစ်နည်းကတော့ တစ်သက်လုံး စားခဲ့၊ ဝါးခဲ့၊ မျိုခဲ့တာတွေကို သံပုရာတစ်ခြမ်းနဲ့ချေတဲ့ စစ်ဆေးဖေါ်ထုတ်နည်း ဖြစ် ပါတယ်။ ဒီနည်းက ဒုနဲ့ဒယ်နဲ့အမှန်တကယ်တည်ရှိနေခဲ့တဲ့၊ တည်ရှိနေဆဲဖြစ်တဲ့  အလွဲသုံးစားလုပ်မှု၊ မသမာမှု၊ မှားယွင်းမှုတွေကို ဖြစ်ရပ် မှန်တွေကို တနည်းနည်းနဲ့ ဖုံးကွယ် လှည့်စားတာမျိုးသာလျှင်ဖြစ်နေပါတယ်။

ညွန်း

– ၁၄ နိုဝင်ဘာ ၂၀၁၂ ၊ ဘီဘီစီ သတင်း

– ၁၄ နိုဝင်ဘာ ၂၀၁၂ ၊ ဒီဗွီဘီ (အံ့ဘုန်းမြတ်) သတင်း၊ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

5 thoughts on “တစ်သက်လုံး မလုံခဲ့တဲ့ ခေါင်းမိုးအတွက် တံစက်မြိတ်ကို ယိုးမယ်ဖွဲ့မယ့် စာရင်းစစ်နည်း (Tu Maung Nyo)
  1. They should check details to all the Ex- Generals (Multi Billionaires),including Than Shwe and his cronies,is the only and correct way, to replace the budgets or to walk with clean ways to Democracy,as the whole World is watching with sharp eyes to the current Government.

  2. မှန်လိုက်လေ တူမောင်ညိုရယ်။ ကမ္ဘာ့ စီးပွားရေးလောကမှာ ဒုတိယလိုက်နေတဲ့ ပြည်သူ့ တရုတ်ပြည်ကြီးတောင်၊ ချစားမှုမျိုးတွေဆက်လုပ်ရင် ကွန်မြူနစ်ပါတီကြီးပြိုကွဲတော့မဲ့အကြောင်း တရုတ်သမတကြီးက သတိပေးခဲ့သေးတာ၊
    မြန်မာပြည်က တပ်ချုပ်ကြီးများ၊ ဗိုလ်ချုပ်ကြီးများ နှင့် အပေါင်းပါ ခရိုနီကြီးများ ဘာသားနဲ့ ထုလုပ်ထားတာကြောင့် ချမစားဘူးလို့  အာမခံနိုင်တဲ့သူရှိရင်ထွက်ခဲ့ပါ။ ဆယ်ချက် – တစ်ချက် ပါးရိုက်ခံပြီး လောင်းကျေးတင်ပါ့မယ်။ သို့ သော် ပြည်သူကိုမိဘသဖွယ်သဘောထားတဲ့ ၀န်ထမ်းများ – အမေကြီး မုံ့ ဘိုးပေး – ဆိုပြီးတောင်းတာကိုတော့ ချစားတယ်လို့ မပြောလိုက်ပါနဲ့ နော် – အိမ်ကခလေး ဘိုက်ဆာပြီးငိုလွန်းလို့ ပါ။ ခလေးတွေလည်း ကဇွန်းရွက်ပြုတ်ဆားနဲ့ ဖြူပြီးကြွေး လွန်းတာကြောင့် လယ်ပင်းရှည်နေတာကို တိုးရစ်တွေမြင်တော့ မြန်မာပြည်က အနာဂတ် မော်ဒယ်ဂဲတွေဆိုပြီး ချီးကြူးသွားတယ်ဗျာ – – –

    1. လူုကီးမင်း မောင် ပျာလောင် ခင်ဗျား ။ တဆိတ် နာမည် တွဲလေး (@) လက်ခံပေး ပါ ။ ကိုတင်ချာ လို့  ။ မှန် တော့ တ ချို့  အတွက် သိပ် စပ် လို့ ပါ ။ ခံ ရ ခက် မှ ခက် ။ ဟင်း…….?

      1. ဦးဖိုးထောင် ရယ် မောင်ပျာလောင်ဟာ စပယ်ရာ အဆင့်ကနေမတက်နိုင်တာကြောင့် တင်ချာမသုံးနိုင်ပါ။ တခါတရံကြောက်မွှေးတွေပေါ်လာလို့  ဆွဲနှုပ်စရာ ဇာဂနာမရှိတာကြောင့် မီးဖိုထဲက ပြာကလေးနဲ့ ဘဲနှုပ်ခဲ့ ရပါတယ်။ မွဲပြာကြနေတဲ့ ငပျာလောင် ကဲမှတ်ကရောဆိုပြီးနှုပ်ခဲ့ရပါတယ်။ တင်ချာ မရှိပေမဲ့ ဦးဖိုးထောင်တို့ 
        လို သင်္ချာဆရာကြီးတွေကို အားကိုးပါတယ်။ တော-ဘိသိက် ဆတောင်သောင်း ရဲ့တပည့်ရင်းပါ။

Comments are closed.