သူတို့အာဘော်

ဇာနီကြီး – မျက်နှာချင်းဆိုင်ကြတဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင်၁၃ဦး၊ ထမင်းစားပွဲ

ဇာနီကြီး – မျက်နှာချင်းဆိုင်ကြတဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင်၁၃ဦး၊ ထမင်းစားပွဲ

(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၁၄

အောက်တိုဘာ ၃၁ ရက် နံနက်က နေပြည်တော်ရှိ သမ္မတအိမ်တော် ငုရွှေဝါခန်းမတွင် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။ တစ်ယောက်ကို ဆယ်မိနစ်စီ ပြောဆိုကြခြင်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်အယ်ဒီအဖွဲ့က ကြီးလေးကြီး၊ လေးပွင့်ဆိုင် .တွေ့ဆုံစကားပြောခွင့် တောင်းဆိုခဲ့တာ ၁၂လ ကျော်လောက်ကြာမှ လူများစွာတွေ့ဆုံပွဲဖြစ်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပြောဆိုချင်ပါတယ် ဆိုတဲ့ ကာ/ချုပ် ဗိုလ်မင်းအောင်လှိုင်နဲ့ ခဏတွေ့ဆုံပြောခွင့်တော့ ရလိုက်ပါတယ် (ဓါတ်ပုံ)။ 

 တွေ့ဆုံဆွေးနွေးပွဲကို  သမ္မတဦးသိန်းစိန်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်(ဥက္ကဋ္ဌ၊ NLD ပါတီ)၊ သူရဦးရွှေမန်း(နာယက၊ ပြည်ထောင်စုလွှတ်တော်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ ဦးခင်အောင်မြင့် (ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်)၊ ဦးတင်အေး (ဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်)၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဦးဌေးဦး (ဒုဥက္ကဋ္ဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၊ UNA ကိုယ်စားပြုအဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ NBF ကိုယ်စားပြုအဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၊ FDAကိုယ်စားပြုအဖြစ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ ဦးသိန်းထွန်း (ဗဟိုအလုပ်အမှုဆောင်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)၊ တို့ပါဝင်တက်ရောက်ခဲ့တော့ အများကြီး၊ တပျော်တပါးကြီးပါပဲ။ မနက်စာ အတူစားသောက်ရင်း ပြောဆိုခွင့်ပေးခြင်းပါ။ အပြန်အလှန်ဆွေးနွေးပွဲတော့ မဟုတ်ပါဘူး။

ကျနော် စဉ်းစားနေပါတယ်။

ဒီစာရေးနေစဉ်မှာပဲ လတ်တလောကွယ်လွန်သွားတဲ့ ဆရာအောင်သင်း စာပေဟောပြောပွဲ (မြသန်းတင့်နှင့်အတူ၊ ၁၉၉၄)  အင်တာနက်က ပြန်နားထောင်နေပါတယ်။ ဆရာကြီးအောင်သင်းက …

“ကျနော်လူငယ်တွေကိုပဲပြောမယ်။ လူကြီးတွေက မပြောကောင်း၊ ကိုယ့်ထက်လည်းအတွေ့ကြုံရင့်၊ အသက်ကြီးတော့ မပြောသင့်ပါဘူး။ လူငယ်တွေကိုပဲပြောရတယ်။  သူတို့လုပ်မဲ့အလုပ်ကို လူငယ်ပညာရေး ကြိုးစားကြဖို့ ပြောပေးနေတဲ့ ကျနော့်ကို အစိုးရက ရွှေတံဆိပ်ပေးသင့်တယ် (ရယ်သံများ)။ ပညာကြိုးစားဖို့ပြောတော့ အစိုးရကိုယ်စားပြောရတာ အစိုးရက ကျနော်ကိုကျေးဇူးတင်ရမယ်။ အင်္ဂလိပ်ကို လက်နက်ချင်းမမျှလို့ အညံ့ခံလိုက်ရတယ် ဆိုပေမဲ့ အမှန်အတိုင်းရေးရင် ပညာမတတ်လို့ အညံ့ခံလိုက်ရပါရေးရပ၏ ..လို့ရေးရပါမယ် (ရယ်သံများ)။ တရုပ်ပြည်ဆိုရင် ပညာနဲ့လုပ်စားပြီး၊ ကျွန်တော်တို့နိုင်ငံက ပစ္စည်းတွေ၊ လူတွေတောင် ဝယ်နေပြီ၊ သေနပ်နဲ့ တရုပ်ကိုခုခံဖို့က အခုခေတ်မှာမဖြစ်နိုင်တော့ဘူး။ ပညာနဲ့ စစ်မတိုက်ပဲ၊ နယ်ချဲ့စစ်ပွဲ..ဒါမျိုးတွေ ရိုးနေပြီ၊ အခုခေတ်က ဒါမျိုးမဟုတ်တော့ဘူး။ စစ်တိုက်ပြီး သိမ်းပိုက်တာ ကျည်ဆံကုန်တယ်၊ စီးပွားရေးပညာနဲ့ပဲ မြန်မာပြည်ကပစ္စည်းတွေကို မတရာဈေးနှုန်းနဲ့ဝယ်တယ်၊ အစိုးရက ပညာမတတ်တော့ မြစ်ဆုံကိုရောင်းစားတာမျိုးဖြစ်လာတယ်။ ဒါကြောင့် ဥစ္စာဆိုတာ တသက်လုံးရှာရမှာ၊ ငယ်ရွယ်စဉ်မှာ ပညာပဲရှာကြပါလို့ပြောချင်ပါတယ်….”  စသဖြင့်ပြောပါတယ်။ 

နောက် ဗိုလ်ချုပ်မွေးရပ်မြေ ရေနံချောင်း၊ချောက် မှာစာပေဟောပြောပွဲမှာ ဆရာမောင်သာချို က လူကြီးတွေ၊ ကိုယ့်သားသမီးများ ပညာတတ်၊ အားကစား၊ ကိုယ်ကာယဖွံ့ဖြိုး၊ ကွန်ပြူတာကျွမ်းကျင်၊ အင်ဂျင်နီယာ၊ ဆရာဝန်ဖြစ်၊ နိုင်ငံခြားရောက်၊ ငွေချမ်းသာနေသူများ ရှိပါတယ်။ ဒါပေမဲ့ ဆင်းရဲမွဲတေနေသူများစွာ လက်ရှိဗမာပြည်မှာ ရှိနေတာ၊ သဘာဝတရားကို ခံစားချက်မရှိရင် ပညာတွေဘယ်လောက်တတ်၊ ငွေဘယ်လောက်ရှိပေမဲ့ နိုင်ငံအတွက် အကျိုးမဖြစ်နိုင်တဲ့အကြောင်း၊ ခေါင်းဆောင်ဆိုသူဟာ ပညာတတ်ရမယ်။ ပြီးတော့ နှလုံးသားအဟာရ နားလည်ရမယ်။ နှလုံးသားကြီးမားဖို့ ငယ်စဉ်က ဆရာမင်းသုဝဏ်ရဲ့ ကြက်တူရွေးအာဂေါင်နီ၊ ပါပီကလေးပုတုတု .. ကဗျာ တွေကို ခံစားခဲ့ရတယ်။ ဒါမှလဲ သဘာဝတရားကိုချစ်မြတ်နိုးပြီး၊ ကိုယ့်နိုင်ငံ၊လူမျိုးကို ချစ်မြတ်နိုးလာပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံအတွက်လုပ်ရမယ်ဆိုပြီး စစ်ဝတ်စုံအားလုံးချွတ်ပြီး အရပ်ဝတ်နဲ့ နိုင်ငံရေးလုပ်ခဲ့တယ်။ ဗိုလ်ချုပ်ဝယ်ခဲ့တဲ့ အိမ်ဘယ်နှစ်ခု ရန်ကုန်မှာ လိုက်ရှာကြည့်ပါ။ လမ်းဘေးက စွတ်ကျယ်နဲ့အကြော်ရောင်းတဲ့ဇနီးမောင်နှံဆီကို ကားခဏရပ်ပြီး၊ မနေနိုင်လို့သွားမေးတယ်။ နိုင်ငံခေါင်းဆောင်ကြီး ဝန်ကြီးရုံးအသွား တစ်ပတ်လုံးမြင်တွေ့ရတဲ့ အကြော်ရောင်းတဲ့လင်မယားကို ဘယ်ကလာသလဲ၊ အဆင်ပြေရဲ့လား၊ ဘာကြောင့်စွတ်ကျယ်ပဲ တစ်ပတ်လုံးဝတ်ရပါသလဲ မေးတော့.. ဗိုလ်ချုပ်မှန်းသိလို့ ကြောက်ရွံ့၊ရိုသေစွာနဲ့..အရင်က၊ အဆင်မပြေဘူး။ အခု အကြော်ရောင်းတော့ အဆင်ပြေလာပါတယ်။ အင်္ကျီဆိုလို့ စွတ်ကြယ်တစ်ထည်ထဲရှိလို့ ဒါပဲဝတ်ရခြင်းပါ ..ဖြေတော့၊ ဗိုလ်ချုပ် အလွန်ဝမ်းနည်းသွားတယ်။ ချက်ချင်း သူ့တိုက်ပုံအင်္ကျီအနက်ကို ချွတ်ပေးပြီး၊ အတင်းယူခိုင်းပြီး ပြန်သွားပါတယ်။  ယောင်္ကျားက သူ့မိန်းမကို ဝမ်းနည်းစွာနဲ့ပြန်ပြောပြတယ်။ မင်းနဲ့ငါ ရန်ကုန်ရောက်လာချိန် မင်းနဲ့ငါတို့ ဘယ်ဆွေမျိုးကများ အင်္ကျီတစ်ထည် ပေးဖူးသလဲ။ နိုင်ငံခေါင်းဆောင်ကြီး ဗိုလ်ချုပ်ပေးသွားတဲ့ တိုက်ပုံအင်္ကျီကိုကိုင်ပြီး မျက်ရည်တသွင်သွင် ကျဆင်းရတယ်။ ကားမောင်းဒရိုင်ဘာ တပ်ကြပ်ကြီးကျော်စိန်၊ အတူပါလာတဲ့ ဗိုလ်ထွန်းလှတို့ ပြန်ပြောပြခဲ့ပါတယ်။ 

တိုင်းပြည်အုပ်ချုပ်သူဟာ ပညာတတ်ရမယ်။ နောက်တစ်ခုက နှလုံးသားကြီးမားရမယ်ဖြစ်ပါတယ်။ နှလုံးသားကြီးမားအောင် ဆရာမင်းသုဝဏ်ရဲ့ ကြက်တူရွေးအာဂေါင်နီ၊ ပါပီကလေးပုတုတု ကဗျာတွေကို ငယ်စဉ်ကတည်းက သင်ကြားပေးခြင်းဖြစ်ပါတယ်။ ကြက်သားကြော်ကျွေးပြီး၊ နှလုံးသားကြီးမားအောင် မလုပ်နိုင်ပါဘူး။ ကချင်ပြည်ရောက်စဉ် ဂျပန်ကပြန်လာတဲ့ ကချင်အမျိုးသမီးလေးက သူမ ဂျပန်ရောက်စဉ် နှင်းဆီပန်းလှလှကို ပန်ခြံကခူးမယ်လုပ်တုံး မိသွားတယ်။ ဗမာပြည်ကဆိုတာ သိသွားပြီး၊ နင်တို့က သဘာဝကိုမခံစားတတ်ဘူး၊ ပန်းကိုချစ်ရင် ဒီအတိုင်းလှပနေအောင် ထိန်းထားပေါ့။ နင်တို့က သဘာဝအလှပတွေ အားလုံးကို ရောင်းစားဖို့ပဲသိတယ် ဖျက်ဆီးနေလို့ တိုင်းပြည်ဆင်းရဲနေတာပေါ့..လို့ပြောခံလိုက်ရပါတယ်။ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းရဲ့ ဂျပန်မှု ၁၀၀ ဆိုတဲ့စာအုပ်မှာ ဂျပန်လူမျိုးများရဲ့ ကမ္ဘာကိုလွှမ်းတဲ့ဂျပန်စိတ် ထူးခြားချက် ၁၀၀ကို ရေးထားပါတယ်။ နံပါတ်(၁)အချက်ကတော့ မိမိပတ်ဝန်းကျင်မြတ်နိုးခြင်း ..ဖြစ်ပါတယ်။ ချယ်ရီပန်းများပွင့်လို့ အစိုးရက ရုံးပိတ်ရက်ကျေငြာပြီး ချယ်ရီပန်းများကို ကြည့်ရှုစေပါတယ်။ 

ချစ်မိတ်ဆွေများကို မေးချင်ပါတယ်။

ကိုယ်နဲ့မတည့်သူ ပါနေတဲ့ ထမင်းစားပွဲကို ကျနော်လာဖို့ဖိတ်ကြားရင်၊ ကျနော်ငြင်းပယ်မိမှာ သေချာပါတယ်။ နှလုံးသားမကြီးမားနိုင်ပါဘူး။ ကျနော်တော်လာပါလို့ မိတ်ဆွေက မျက်ရည်များနဲ့၊ ကြားခံခေါ်ပေးရင်တော့ နောက်ကြောင်းတွေကိုခဏမေ့ထားပြီး ထမင်းစားပွဲကို လာဖြစ်မှာပါ။ ဒါကြောင့် ကြားခံစေ့စပ်ပေးသူများက အလွန်အရေးကြီးပါတယ်။ မျက်နှာချင်းဆိုင်တွေ့ဖို့ဆိုတာ မတည့်သူများအတွက် မလွယ်ပါဘူး။ အတိုက်အခံနဲ့မျက်နှာချင်းဆိုင် စကားပြောနိုင်ခြင်းဟာ ဒီမိုကရေစီစနစ်ဖြစ်ပါတယ်။ အထူးသဖြင့် အာဏာရရှိနေသူက အပေါ်စီးမှာရှိပါတယ်။ အပေါ်စီးရောက်နေရင် ကိုယ့်အလှည့်၊ သူ့အလှည့်ဆိုသလို မတည့်သူများကို ထောင်ထဲဆွဲထည့်လိုက်ခြင်းဟာ စစ်အစိုးရခေတ်က နည်းလမ်းဖြစ်ပါတယ်။ လူကြီးက မတွေ့ချင်ဘူး စကားတစ်လုံးပြောလိုက်တာနဲ့ တပည့်တွေက ဖမ်းဆီးထောင်ထဲထည့်လိုက်တာပါပဲ။

အခုခေတ်မှာ အစိုးရကိုအပြစ်ပြောစရာတွေ အများကြီးကြီးရှိပေမဲ့၊ အခုတွေ့ဆုံပွဲကိုတော့ အကောင်းမြင်မှုများစွာနဲ့ ကြိုဆိုပါတယ်။

ဥပမာ ကျနော့်တို့ ဒီမိုကရေစီလှုပ်ရှားခဲ့စဉ်က အဖွဲ့တွေအများကြီးပါ။ တစ်ဖွဲ့ကဦးဆောင်လုပ်တဲ့ အခန်းအနားဆို အခြားတစ်ဖွဲ့က မလာချင်ပါဘူး။ အရင်စစ်အစိုးရတုန်းကတော့ ညောင်နှစ်ပင်ဆွေးနွေးပွဲဆိုပြီး ပါတီိကိုယ်စားလှယ်အားလုံးကို ခေါ်ပြီးဆွေးနွေးပါတယ်။ အခုအစိုးရသစ်မှာ တွေ့ဆုံဆွေးနွေးပွဲတွေ များစွာလုပ်ဆောင်တဲ့အခါ ၂၀၁၁ အစိုးရသစ်၊ သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲကနေ အင်န်အယ်ဒီ ပြည်သူ့လွှတ်တော်ကိုရောက်ရှိလာပါတယ်။ နောက်ပိုင်းတော့ လွှတ်တော်မှာပဲ ဦးရွှေမန်း၊ ဦးခင်အောင်မြင့် တို့နဲ့ ပိုမိုနီးစပ်ခဲ့ပေမဲ့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးသိန်းစိန်အစိုးရ ခပ်ဝေးဝေး ဖြစ်သွားပါတယ်။ ကာ/ချုပ် ဗိုလ်မင်းအောင်လှိုင်နဲ့ တွေ့ဖို့ကတော့ လုံးဝမဖြစ်နိုင်အောင် ဝေးနေရပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ ဗိုလ်မင်းအောင်လှိုင်တို့ကတော့ တစ်တွဲတွဲနဲ့ နီးစပ်နေပြီး၊ ဗိုလ်မင်းအောင်လှိုင်နဲ့ လွှတ်တော်အဖွဲ့တောင် ခပ်ဝေးဝေး ဖြစ်နေသလို အခြေအနေရောက်နေပါတယ်။

ခပ်ဝေးဝေးဖြစ်နေချိန်တဲ့ ကိုယ့်သူငယ်ချင်းတစ်ယောက် ထမင်းစားဖိတ်ရင် သူနဲ့ကိုယ် နှစ်ယောက်ထည်းဆိုရင် လာဖို့ဝန်မလေးပါဘူး။ ကိုယ်နဲ့အဆင်မပြေတဲ့လူတစ်ယောက် ပါမယ်ဆိုရင် ကျနော်လက်ခံဖို့ ဝန်လေးမယ်ဖြစ်ပါတယ်။ တိုင်းပြည်နဲ့လူမျိုးအတွက် နိုင်ငံရေးလုပ်မယ်ဆိုသူများဟာ ပညာတတ်ရမယ်၊ နောက်တစ်ခုက နှလုံးသားကြီးမားရပါမယ်။ ကိုယ့်နိုင်ငံသားများကို ချစ်တတ်ရပါမယ်။ ဝန်ကြီးလုပ်ပြီး ခပ်တည်တည်နဲ့ ခန့်ခန့်ကြီးလုပ်နေသူများ၊ ပြည်သူလူထုကို စကားလုံးကြမ်းတမ်းစွာ ပြောနေတဲ့ လူကြီးအချို့ရှိနေပါတယ်။ လူကြီးအများစုကတော့ မီဒီယာကို ကြောက်လို့ပဲ ဖြစ်ရပါမယ်။ တော်တော်လေး ပြောင်းလဲလာတာကို တွေ့ရပါတယ်။

အခုတော့ ထိပ်တန်းလှို့ဝှက်ဆိုပြီး အနီးကပ်ဖိတ်ကြား၊ မနက်စာ ထမင်းစားပွဲကို ကျင်းပခဲ့ပါတယ်။ မကျင်းပခင်မှာ အမေရိကန်သမ္မတအိုဘားမား ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးသိန်းစိန် ၂ယောက်ကို သီးခြားတယ်လီဖုန်းဆက် စကားပြောတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ် ၂၀၁၁ နောက်ပိုင်းမှာ ကောင်းတာတွေ အများကြီးပါ။ ပထမဆုံး ပင်စင်ပေးလိုက်တော့ သက်ကြီးရွယ်အိုများ သာဓုခေါ်ရတယ်။ နောက် မြစ်ဆုံစီမံကိန်းရပ်ဆိုင်းခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားများစွာ လွှတ်ပေးခဲ့တယ်။ ပြည်ပရောက် ဒီမိုကရေစီလှုပ်ရှားသူများကို ပြည်ဝင်ခွင့်ပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်အယ်ဒီအမတ်များစွာ လွှတ်တော်မှာနေရာရလာပါတယ်။ ကချင်လက်နက်ကိုင်များနဲ့ ၂နှစ်ကျော် အပြင်ထန်တိုက်ခိုက်ခဲ့ပြီး ၂၀၁၄မှာ တိုင်းရင်းသားလက်နက်ကိုင် အားလုံးနဲ့ ငြိမ်းချမ်းရေးစကားပြောနိုင်ခဲ့ပါတယ်။ ပြည်ပ လေယဉ်၊ သင်္ဘော၊ နိုင်ငံကူးလက်မှတ် ခရီးသွားလုပ်ငန်းများ မြန်ဆန်လာပါတယ်။ ကားဈေး၊ ဖုန်းဈေးများ ကျဆင်းလာပြီး၊ အဝေးပြေး ကားလမ်းမကြီးများ အသင့်တင့်ကောင်းမွန်လာပါတယ်။

ဆိုးဝါးချက်တွေကတော့ လက်နက်ကိုင်ဆွေးနွေးမှုမှာ လိုင်စင်/ပါမစ် အဝေမတည့်တော့၊ အဆင်မပြေဖြစ်နေတုန်းပါပဲ။ ကားပါမစ်တွေပေးပြီး လက်နက်ကိုင်အဖွဲ့ငယ်များကို ဆွဲဆောင်နေပါတယ်။ အထူးသဖြင့် တရုပ်၊ ထိုင်း နယ်စပ်ဒေသများမှာ စီးပွားကုန်ကူးသန်းမှု အခွန်ငွေ (အစိုးရက အခွံပဲရသည့်ငွေ) ခွဲဝေမှုကို စစ်တပ်၊ နယ်ခြားစောင့်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်များ နဲ့ မိုဘိုင်းအဖွဲ့၊ အစိုးရဌာနဆိုင်ရာအဖွဲ့များစွာ အပြိုင်အဆိုင် ဝေစုလုနေဆဲဖြစ်ပါတယ်။ အကြီးစား သွင်းကုန်/ထုတ်ကုန်များဖြစ်တဲ့ ဓါတ်ငွေ၊ ကျောက်စိမ်း၊ပုလဲ၊ကြေးနီ၊နီကယ် ..စတဲ့ ထုတ်ကုန်များ၊ လောင်စာဆီ၊ မော်တော်ကားနဲ့စက်ပစ္စည်းများ၊ တယ်လီဖုန်း၊ကွန်ပြူတာ၊ဆက်သွယ်ရေးပစ္စည်း၊ အဝတ်ထည်၊စားသောက် သွင်းကုန်များကို လိုင်စင်/ပါမစ် ကိစ္စအထူးရှုပ်ထွေးနေပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းမှာလဲ လိုင်စင်/ပါမစ် အလွန်ရှုပ်ထွေးလှပါတယ်။

လာဘ်စား၊ အခွန်ရှောင်လုပ်နေတဲ့ ကုမ္ပဏီများ အထူးသဖြင့်၊ သွင်းကုန်/ထုတ်ကုန် ကုန်သွယ်မှုများမှာ အခွန်ကောက်ဖို့ ဥပဒေအသက်ဝင်လာဖို့ အရမ်းခက်နေပါတယ်။ ဥပဒေမစိုးမိုးတဲ့ မြန်မာနိုင်ငံမှာ အရေးကြီးဆုံးဥပဒေဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုယ်တိုင်၊ စစ်အာဏာရှင်စနစ်ရဲ့ ဥပဒေဖြစ်နေပါတယ်။ 

စစ်အာဏာရှင်ကနေ အရပ်သားအာဏာကို အနှစ်၃၀နဲ့ ပြောင်းလဲသွားတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတသစ် ဂျိုကိုဝီ အောက်တိုဘာ-၂၀၁၄ မှာ ကျမ်းကျိန်ပါတယ်။ ရိုးသား၊ဖြောင့်မတ်ပြီး၊ ဟိတ်ဟန်မရှိတဲ့ သမ္မတသစ်ဖြစ်ပါတယ်။ လာဘ်မစားဘူး..ဒါပေမဲ့ လာဘ်စားသူများနဲ့အတူအလုပ်လုပ်တတ်ပါတယ်။  စစ်အာဏာရှင်များနဲ့ဝေးသူ၊ လက်သမား၊ သစ်တောအင်ဂျင်နီယာ၊ ပရိဘာကလုပ်ငန်းရှင်ကနေ မြို့တော်ဝန်လေးအဖြစ် ၁၀နှစ်တာဝန်ထမ်းခဲ့ပါတယ်။ ၂၀၁၃မှာ ဂျာကာတာမြို့တော်ဝန်အဖြစ် ရွေးခံရပြီး၊ ၂၀၁၄မှာ အင်ဒိုနီးရှားသမ္မတအဖြစ် ခက်ခဲစွာရွေးခံရပါတယ်။ အင်ဒိုနီးရှားသမ္မတသစ် ဂျိုကိုဝီ လုပ်ကိုင်ပုံများကို မြန်မာသမ္မတဦးသိန်းစိန်အစိုးရ ၂နှစ်အတွင်း လေ့လာနိုင်ပါတယ်။ 

၂၀၁၅မှာတော့ ကြံခိုင်ရေးပါတီနဲ့အင်အယ်ဒီပါတီ ညွန့်ပေါင်းအစိုးရဖြစ်လာဖို့ မျှော်လင့်ပါတယ်။ အဆိုးမြင်ဝါဒအရဆိုရင် ကြံခိုင်ရေး (ကြံဖွံ့)တွေက ဘယ်လိုနည်းနဲ့မှာ အာဏာစွန့်မှာမဟုတ်ဘူး..လို့ပြောကြပါတယ်။ 

၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ကြံဖွံ့အစိုးရကတော့ မဲရှုံးရင်လဲ လွှတ်တော်မှာ ၄၀%လောက် နေရာရဖို့ ပီအာစနစ်ကို အတင်းအာဓမ္မ လုပ်ဆောင်နေပြီဖြစ်ပါတယ်။

အထူးသဖြင့် အဆိုးဝါးဆုံး ရုပ်ပျက်ဆင်းပျက် ဖြစ်ပျက်နေတာကတော့ အိမ်ခြံခြေ ဈေးများ အဆမတန်ကြီးမားနေခြင်းကို ဘယ်လိုမှထိန်းမရနိုင်ဖြစ်နေပါတယ်။ အာဏာပိုင်များနဲ့ဌာနဆိုင်ရာများက ဒီဈေးကွက်မှာ ဝင်ပြီး နိုင်ငံပိုင်တဲ့ ခြံမြေ၊လယ်မြေများကို အပိုင်ယူထားတဲ့ လုပ်ငန်းရှင်များ၊ ဖက်စပ်များ၊ ရင်းနှီးမြှတ်နှံသူများရဲ့ ဝိသမလောဘသမားများကြောင့် အိမ်ခြံမြေဈေးကွက် ပျက်စီးသွားခြင်းဖြစ်ပါတယ်။ မကြာခင်မှာ တန်ဖိုးနည်းအိမ်ယာများစွာ အစိုးရက မြေတွေ ဈေးနည်းနည်းနဲ့ ခရိုနီ၊အာဏာပိုင်မဟုတ်သူများကို လုပ်ပိုင်ခွင့်ပေးရင်း အိမ်ခြံမြေဈေး တည်ငြိမ်သွားမယ်လို့ မျှော်လင့်ပါတယ်။ အရှေ့တောင်အာရှဈေးနှုန်းကို ရောက်သွားမှ ပြည်ပက ရင်းနှီးမြှတ်နှံ၊ အသေးစား၊အလတ်စား လုပ်ငန်းများစွာ ဝင်လာပါမယ်။ အလုပ်ကိုင်ပေါများလာပြီး ဆင်းရဲမွဲတေမှုက လွတ်မြောက်လာမှာ ဖြစ်ပါတယ်။ 

အခုတွေ့ဆုံပွဲက မျက်နှာချင်းဆိုင်ပြီး မတူညီသူ၊ နိုင်ငံရေးခေါင်းဆောင်များစွာ ၁၃ဦး တွေ့ဆုံကြခြင်းဖြစ်ပါတယ်။

လက်နက်ကိုင်တိုင်းရင်းသားများနဲ့လည်း သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံသင့်ပါတယ်။

 လောလောဆယ်တော့ တိုင်းပြည်အလွန်ဆင်းရဲနေပါတယ်။ အလုပ်ကိုင်အလွန်ရှားပါးနေပြီး၊ ကုန်ဈေးနှုန်းများ အဆမတန်ကြီးမားနေခြင်း၊ ဆင်းရဲချမ်းသာအလွန်ကွာခြားနေခြင်း၊ လူငယ်များ ငွေနောက်လိုက်နေခြင်း၊ စင်ကာပူနဲ့နိုင်ငံခြားများကို အလုပ်လုပ်ဖို့ ထွက်ခွာလာတဲ့ လူငယ်များစွာရှိနေခြင်း။ အိမ်ဖေါ်များကိုပင် နိုင်ငံတကာကို အလုပ်လုပ်ခွင့်ပေးရတဲ့အထိ မြန်မာနိုင်ငံတွင်းမှာ အလုပ်ကိုင်အလွန်ရှားပါးနေပါတယ်။ မြန်မာလူထုကလည်း ကိုယ်ဆင်းရဲမွဲတေတာကိုတောင် မသိနိုင်ဘူးဖြစ်နေပါတယ်။ 

စစ်သား ၄သိန်းနဲ့ ဘုန်းကြီးသီလရင် ၄သိန်း တို့နဲ့ ကမ္ဘာပေါ်မှာ စစ်သားနဲ့ဘုန်းကြီးအများဆုံး ဖြစ်နေရတာကို ဝမ်းနည်းရမလား၊ ဝမ်းသာရမလား လို့သာ မေးလိုက်ချင်ပါတယ်။

 ခေါင်းဆောင် ၁၃ဦးမှာ နံပါတ်(၁) သမ္မတဦးသိန်းစိန်လား၊ ကာ/ချုပ်လား၊ အနားယူသွားတဲ့ စစ်အာဏာရှင်ဟောင်းကြီးလား… အားလုံးကိုပဲ မေတ္တာရပ်ခံချင်တာတော့ မျက်ရည်များနဲ့လူထုကြားကို မကြာခဏသွားရောက်ကြည့်စေလိုပါတယ်။ အဲ.. မိချောင်းစရိုက်နဲ့လူကြီး မျက်ရည်ကျနေလဲ အားမနာပဲ၊ ထုတ်ပယ်၊ ချန်ထားရစ်ဖို့ (ဦးဆန်းဆင့်လို နောင်မဖြစ်စေဖို့) သမ္မတကြီးကိုမေတ္တာရပ်ခံပါတယ်။  လူကြီးမင်းများရဲ့ လက်ထဲမှာ တိုင်းပြည်အနာဂါတ်ရှိနေပါတယ်။ 

ဇာနီကြီး  ၀၁-အောက်တိုဘာ-၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts