Uncategorized

မောင်လျှပ်စစ် – စွန့်စားသင့်က စွန့်စားရာ၏

စွန့်စားသင့်က စွန့်စားရာ၏
မောင်လျှပ်စစ်
နိုဝင်ဘာ ၁၁၊ ၂၀၁၃


ကျွန်တော်သည် အကြီးတန်းအင်ဂျင်နီယာကြီးတစ်ယောက်မဟုတ်ပါ။ အငယ်တန်းလျှပ်စစ်အင်ဂျင်နီယာလေး တစ်ဦးသာဖြစ်ပါသည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် ပြည်တွင်းမှာပင်အငယ်တန်းအင်ဂျင်နီယာသင်တန်း တက်ရောက်ပြီး မိသားစုစားဝတ်နေရေးအခြေအနေအရ မလေးရှား၊ စင်္ကာပူနိုင်ငံများတွင်သွားရောက် အလုပ်ရှာဖွေလုပ်ကိုင်ခဲ့ပါသည်။ ပြည်ပသို့သွားရောက်ခဲ့စဉ်က အခက်အခဲပင်ပန်းစွာလုပ်ကိုင်ရပါသည်။ နောက်ပိုင်းတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှု ကဏ္ဍနှင့်ပတ်သက်ပြီး နည်းပညာ၊ လုပ်ကိုင်ဆောင်ရွက်ပုံစနစ်စသည့်အတွေ့အကြုံအထိုက်အလျှောက် ရရှိခဲ့ပါသည်။

၂၀၀၀ ပြည့်နှစ်လွန်များတွင် အမိမြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီး စုဆောင်းထားသည့်အရင်းအနှီးဖြင့် မိသားစု တစ်ပိုင်တစ်နိုင်လုပ်ငန်းတစ်ခုတည်ထောင်ကာ ရင်းနှီးစားသောက်ခဲ့ရပါသည်။ စီးပွားရေးသမားကြီးတော့ ဖြစ်မလာသေးပါ။ မိသားစုစားနိုင်၊ နေနိုင်အဆင့်တော့ရှိလာပါသည်။ ခက်သည်က ကျွန်တော်၏မိသားစုလုပ်ငန်းလေးမှာ လျှပ်စစ်မီးကိုအခြေခံရ သဖြင့် လျှပ်စစ်မီးပုံမှန်ရရှိရေးအတွက် မျှော်လင့်လုပ်ကိုင်နေခဲ့ရပါသည်။ သို့ပေမယ့် ကျွန်တော့်မျှော်လင့်ချက်မပြည့်ခဲ့ပေ။ မကြာခဏ လျှပ်စစ်မီးပြတ်တောက်မှုဒဏ်ကိုခံရသည်။ နောက်ပိုင်းတွင် နေ့လုံးပေါက်ပြတ်တောက်သဖြင့် အလုပ်မဖြစ်တော့ ပါ။ မလေးရှား၊ စင်္ကာပူလိုအာဆီယံနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်ခဲ့ရသူ ကျွန်တော့်အတွက် အမိနိုင်ငံတွင် လျှပ်စစ်မီးပြတ်တောက်သည်ဒဏ်ကိုခံရခြင်းမှာ အလွန်ဒေါသထွက်စရာဖြစ်ခဲ့သလို ၀မ်းလည်းနည်းခဲ့ရပါသည်။ ကျွန်တော်နှင့် မြန်မာပြည်သူများလျှပ်စစ်ဓာတ်အား အပြည့်အ၀မသုံးစွဲရခြင်းမှာ အစိုးရကြောင့်လား၊ နည်းစနစ်မှားတွေကြောင့်လား၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးတွင် တာဝန်ရှိသူများ၏လေ့လာမှု၊ စီမံခန့်ခွဲမှုအားနည်းချက်များကြောင့်လား၊ လားပေါင်းများစွာ တွေးရင်း ဝေခွဲမရဖြစ်နေခဲ့ပါသည်။

ကျွန်တော်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အလုပ်ကိစုနှင့်ပတ်သက်ပြီး မိတ်ဆွေတစ်ဦး၏နေအိမ်သို့ သွားရောက်ခဲ့ရာမိတ်ဆွေအားမတွေ့ရသဖြင့် ၄င်းအားထိုင်စောင့်ရင်၏ဧည့်ခန်းစားပွဲပေါ်ရှိ ပြည်တွင်းထုတ်ဂျာနယ်အဟောင်း များကိုဖတ်ရှုခဲ့စဉ် ဇူလိုင်လထုတ် Weekly Eleven News ဂျာနယ်ပါ ဆောင်းပါးရှင်ထွန်းနိုင်ဆိုသူ၏ “ လျှပ်စစ်ဓာတ်အား မလုံလောက်မှုပြသ၁နာနှင့် ပုဂ္ဂလိကဓာတ်အားထုတ်လုပ်မှု “ ဆောင်ပါးကိုဖတ်လိုက်ရပါသည်။ ဆောင်းပါးရှင်မျာ မြန်မာ့ လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ(အငြိမ်းစား) ပညာရှင်တစ်ဦးဟုထင်မြင်ယူဆမိပါသည်။ သို့သော် ၀မ်းနည်းစရာကောင်းသည်မှာ ဆောင်ပါးရှင်သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ပညာသင်ကြားခဲ့ရပြီး ဆိုရှယ်လစ်အတွေးအခေါ်များလွှမ်းမိုး နေသော လုပ်ငန်းခွင်ဆရာသမားများလက်အောက်တွင် ရာထူးအဆင့်ဆင့်ရခဲ့သဖြစ်ပေရာ ၄င်း၏စဉ်းစားတွေးခေါ်ပုံ၊ ယူဆပုံ တို့သည် ဆိုရှယ်လစ်အတွေးအခေါ်များလွှမ်းမိုးမှန်းမသိ လွှမ်းမိုးခံနေရသည်ကို ၄င်းကိုယ်တိုင်မသိရှိခြင်းပင်ဖြစ်ပါသည်။

နိုင်ငံတော်သည် ဒီမိုကရေစီစနစ်သို့အသွင်ကူးပြောင်းရာတွင် ဗဟိုချုပ်ကိုင်မှု(Top Down Management)မှ (Bottom up Management)သို့ ပြောင်းလဲဦးတည်လျှောက်လှမ်းကာ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို စည်းရုံးဆွဲဆောင်နေမှု ကြောင့် ပေါ်ပေါက်လာမည့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိလာမည်ကို ပြည်သူ အများမျှော်လင့်ချက်ကြီးစွာဖြစ်နေချိန်တွင် ဆောင်းပါးရှင်၏အတွေးအခေါ် အယူအဆများသည် Anti-Investment ဖြစ်မှန်း မသိ ဖြစ်နေပုံကို ဆောင်းပါးရှင်ကိုယ်တိုင် ပြန်လည်ဆန်းစစ်ကြည့်သင့်ပါသည်။

ထို့ကြောင့်လည်း မိမိတို့နိုင်ငံ၏ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုကဏ္ဍတွင် နိုင်ငံတော်မှသာချုပ်ကိုင်ထားလိုခြင်း၊ တာဝန်ရှိသူများ၏စွန့်စားလိုစိတ်နည်းပါးနေခြင်း ရှေးရိုးဆိုးရှယ်လစ်ဝါဒစွဲကို မဖျောက်ပစ်နိုင်ခြင်းတို့ကို တွေ့ရှိသိမြင်လာပြီး ယခုဒီစာကို ရေးသားလိုက်မိခြင်းဖြစ်ပါသည်။ ယခုရေးသားမှုသည် ပြည်တွင်းရှိပညာရှင်များအပါအ၀င် မည်သူတစ်ဦး တစ်ယောက်ကိုမျှ ပြစ်တင်ဝေဖန်မှုသဘောမပါဘဲ နိုင်ငံတော်နှင့် ပြည်သူအပေါ်ထားရှိသည့် စိတ်ရင်းစေတနာဖြင့် ရေးသား မိခြင်းဖြစ်ပါသည်။

ဆရာထွန်းနိုင်၏ဆောင်းပါးတွင် ပုဂ္ဂလိကဓာတ်အားထုတ်လုပ်သူများ(Independent Power Producer-IPP)၏ အကြောင်းနှင့် အစိုးရကနစ်နာမည့်အခြေအနေများအား နိုင်ငံအများအပြားကိုနမူနာပေးထောက်ပြကာ မြန်မာနိုင်ငံ၏လျှပ်စစ် လုပ်ငန်းကို အစိုးရကသာချုပ်ကိုင်ဆောင်ရွက်သင့်ပြီး ပုဂ္ဂလိက ကဏ္ဍကိုအားမပေးသင့်ကြောင်း ရေးသားထားသည်ကို နားလည်သဘောပေါက်မိပါသည်။ အားနည်းချက်များရှိသည်မှာ မှန်ပါသည်။ သို့ရာတွင် လုပ်ငန်းကိစုရပ်များတွင် အားနည်း ချက်နှင့် အားသာချက်များ ဒွန်တွဲဖြစ်တည်နေမှုကို မေ့လျော့မထားသင့်ပေ။ ကျွန်တော် အလုပ်လုပ်ခဲ့ရသည့် စင်္ကာပူနိုင်ငံတွင် နိုင်ငံ၏ဖခင်ကြီးဟု ပြည်သူများလေးစားခဲ့သည့်ဝန်ကြီးချုပ်ဟောင်းလီကွမ်ယူ၏ စီမံခန့်ခွဲမှုကိုအတုယူစေချင်ပါသည်။ လီကွမ်ယူသည် ၁၉၆၀-၁၉၇၀ ကာလများတွင် စင်္ကာပူနိုင်ငံတွင်  လူတိုင်းကိုယ်ပိုင်အိမ်ရရှိရေး စီမံကိန်းကိုစတင်ခဲ့ပါသည်။ သက်ဆိုင်ရာဝန်ကြီးဌာနများက အိမ်ရာများကို အစိုးရအဖွဲ့အစည်းကသာ တာဝန်ယူဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။ လီကွမ်ယူကမူ ပုဂ္ဂလိကကုမ္ပဏီများကသာဆောက်လုပ်သင့်သည်ဟု ဆုံးဖြတ်ခဲ့သည်။ ပုဂ္ဂလိကကုမ္ပဏီများတွင် နည်းပညာ နှင့်ဟန်ပန်များရှိပြီး ထိန်းချုပ်နိုင်သည့်စနစ်များရှိသည်၊ ယှဉ်ပြိုင်မှုရှိသည်၊ အစိုးရအဖွဲ့အစည်းများကသာဆောက်လုပ်ပါက မသမာမှုများပေါ်ပေါက်ကာ အရည်အသွေးညံ့ဖျင်းသော၊ စရိတ်စကကြီးမားသော စီမံကိန်း(Wasted Project)များသာ ဖြစ်လာမည်စု သုံးသပ်ခဲ့သည်၊ ယနေ့တွင် စင်္ကာပူနိုင်ငံနေပြည်သူများ၏ (၉၀%)မှာ ကိုယ်ပိုင်အိမ်ရာများနှင့်ဖြစ်နေပေပြီ၊ ပင်စင်စား ၀န်ထမ်းကအစအိုးပိုင်အိမ်ပိုင်ရှိနေပြီး ကျွန်တော်တို့နိုင်ငံနှင့်တော့ကွာလှပြီ။

ယခုအချိန်ကာလသည် အစိုးရက နေရာတကာလိုက်ပါဆောင်ရွက်ရန်မသင့်တော့ပေ။ ပုဂ္ဂလိက ကဏ္ဍကိုဦးစားပေး လုပ်ကိုင်စေပြိး အပြိုင်အဆိုင်လုပ်ကိုင်မှသာတိုတောင်းသည့်ကလာအတွင်း ခေတ်မီဖွံ့ဖြိုးတိုးတက်ရေ ရည်မှန်းချက် အောင်မြင်မှာဖြစ်ပါသည်။

ယနေ့အချိန်တွင် ဖွံ့ဖြိုးဆဲနိုင်ငံအသီးသီးတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများဝင်လာအောင် နည်းလမ်းမျိုးစုံဖြင့် ဆွဲဆောင် ဖိတ်ခေါ်နေကြရာ ဖွံ့ဖြိုးဆဲမိမိတို့နိုင်ငံအနေဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများဝင်လာအောင် အားထည့်စည်းရုံးနေရသည်မှာ မဆန်းပါ။ ဖွံ့ဖြိုးပြီးနိုင်ငံများပင်လျှင် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုနေရဆဲပင်ဖြစ်ပါသည်။ နိုင်ငံတကာတွင် မီးများ လင်းထိန်နေသည်မှာ အစိုးရကဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုကိုတာဝန်ယူလုပ်ကိုင်နေခြင်းမဟုတ်ပါ။ အမေရိကန်၊ ဥရောပ နိုင်ငံများ၊ အာရှတစ်ခွင်၊ ဟောင်ကောင်၊ စင်္ကာပူ၊ မလေးရှားနှင့်ထိုင်းနိုင်ငံတို့သည်ပင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့ (Economic Development Board)များဖွဲ့စည်းပြီး ပုဂ္ဂလိကလုပ်ငန်းရှင်နှင့် ကုမ္ပဏီကြီးများကို စိစစ်ပေးအပ်လုပ်ကိုင်နေခြင်း ဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စုတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုအားလုံးကိုပုဂ္ဂလိကကုမ္ပဏီများကသာ ဆောင်ရွက်နေခြင်းဖြစ်ပါသည်။

ဆောင်းပါးရှင်ဖော်ပြထားသည့် ပုဂ္ဂလိကဓာတ်အားထုတ်လုပ်မှုများအတွက် ကျသင့် သည့်(Independent Power Producer-IPP)များ၏ ရင်းနှီးငွေကို အစိုးရများကစိုက်ထုတ်ကျခံနေရသည်ဆိုသည်မှာလည်းမဟုတ်ပါ။ ဆောင်းပါးရှင်သည် ရင်းနှီးမြှုပ်နှံမှုငွေနှင့် လစဉ်ဓာတ်အားခပေးရငွေတို့ကို စနစ်တကျခွဲခြားသိမြင်ပုံမရဘဲ (Independent Power Producer-IPP)များကို အဆိုးမြင်ဝါဒဖြင့် ဖော်ပြလိုသောကြောင့် ကိန်းကဏန်းများကို စိစစ်လေ့လာမှုအပိုင်းတွင် အားနည်းခဲ့မှုကို ၀မ်းမနည်းဖွယ်ရာတွေ့မြင်ရပါသည်။ အစိုးရသည် ပုဂ္ဂလိကဓာတ်အားလုပ်ငန်းများမှ ထွက်ရှိလာသည့်ဓာတ်အားကို လက်ကားရယူပြီး လက်လီပြန်ရောင်းသည့်သဘောပင်ဖြစ်ပါသည်။

ဥပမာ(၁၀၀)မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့်ဓာတ်အားစက်ရုံတစ်လုံးအတွက် ရင်းနှီးမတည်ငွေ ဒေါ်လာသန်း(၁၂၀)မှ သန်း(၁၄၀)အကြားရှိမည်ဆိုပါစို့၊ အစိုးရက အဆိုပါရင်းနှီးမတည်ငွေအားလုံးကို(Independent Power Producer-IPP)ထံ ပေးချေရခြငးမဟုတ်ဘဲ စက်ရုံမှလစဉ်ထုတ်လုပ်သည့်ဓာတ်အားအတွက် ဒေါ်လာ(၂)သန်းခန့်ကိုသာယာယီစိုက်ထုတ်ပေး ထားရပြီး သုံးစွဲသူများထံမှလည်း လစဉ်ပြန်လည်ကောက်ခံရခြင်းသာဖြစ်ပါသည်။ အစိုးရသည် ဓာတ်အားကို(Independent Power Producer-IPP)ထံမှ ၀ယ်ယူပြီး ပြည်သူနှင့်စက်မှုဇုန်များကို တစ်ဆင့်ခံပြန်လည်ရောင်းချသော Wholesale Buyer နှင့် Retail Seller အဖြစ်တာဝန်ယူထားခြင်းဖြစ်ပါသည်။ အစိုးရအနေဖြင့် ယာယီငွေကြေးစီးဆင်းမှုကို စနစ်တကျဆောင်ရွက် ပေးရန်သာရှိပါသည်။ အမေရိကန်၊ ကနေဒါ၊ တရုတ်၊ အိန္ဒိယ၊ မက္ကဆီကို ၊ စင်္ကာပူနှင့် ကြွယ်ချမ်းသာပြီး ရေနံထုတ်လုပ်သည့်နိုင်ငံများတွင် ပုဂ္ဂလိကဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှု၏ အသီးအပွင့်များကိုခံစားနေကြပြီဖြစ်ပေသည်။ အဆိုပါနိုင်ငံများ၏ အစိုးရများမှာ စီမံခန့်ခွဲအုပ်ချုပ်သူအဖြစ်သာ ကိုင်တွယ်ပေးနေပေသည်။

အကျိုးအမြတ်မှာ အစိုးရကငွေလုံးငွေရင်းမစိုက်ထုတ်ရဘဲ နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် မရှိမဖြစ်လိုအပ် သောလျှပ်စစ်ဓာတ်အားကို (Independent Power Producer-IPP)များ၏ရင်းနှီးမြှုပ်နှံမှုဖြင့် အရည်အသွေးပြည့်မီသော ဓာတ်အားကိုဝယ်ယူပြီး တစ်ဆင့်ပြန်လည်ရောင်းချနိုင်ခြင်းဖြင့် တိုင်းပြည်၏စီးပွားရေးယန္တရား များကိုတွန်းအားပေး မောင်းနှင်ခြင်း ဖြစ်ပါသည်။

မိမိတို့နိုင်ငံရှိ လူဦးရေအချိုးအစား၏ (၇၅%)အတွက် ဓာတ်အားလိုအပ်မှုပမာဏမှာ မဂ္ဂါဝပ်သောင်းနှင့်ချီပြီး လိုအပ်မည်ဖြစ်ပါသည်။ လက်ရှိထုတ်လုပ်မှုပမာဏမှာ မဂ္ဂါဝပ်(၁၅၀၀)မှ (၁၈၀၀)အတွင်းသာရှိရာ နိုင်ငံတကာတွင်ကျင့်သုံး နေသော နည်းပညာ၊ နည်းစနစ်များကို မျက်ကွယ်ပြုပြီး ရှေးရိုးစွဲအတိုင်းသာဆောင်ရွက်နေမည်ဆိုပါက ဓာတ်အား လိုအပ်ချက်နှင့်ပြသ၁နာများကို နှစ်ကြာရှည်စွာ ကြုံတွေ့ရဦးမည်ဖြစ်ပါသည်။

နိုင်ငံတော်၏ ရည်မှန်းချက်များအောင်မြင်ပြည့်မီရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာရေး၊ ပြည်ပအရင်းအနှီးများစီးဝင် လာရေး၊ အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများဖွံ့ဖြိုးရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ကျပြီး အလုပ်အကိုင်များ တိုးတက်ရရှိ လာရေးတို့အတွက် အရေးကြီးလိုအပ်ချက်မှာ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုပင်မဟုတ်ပါလော၊ လုပ်ငန်းအကောင်အထည် ဖော် မဆောင်ရွက်မှီအချိန်တွင် အားသားချက်ကိုမေ့လျော့၊ အားနည်းချက်ကိုသာကြည့်ပြီး ပြည်သူလူထုအကျိုးအတွက် မစွန့် စားရဲတဲ ရှေးရိုးအတိုင်းသာလုပ်နေပါက နွံထဲတွင်သာနစ်နေတော့မည်ဖြစ်ရာ စွန့်စားရန်လိုက စွန့်စားရဲရပေမည်ဟု တိုက်တွန်း လိုက်ရပေသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts