Uncategorized
Sayar Taw U Wilar Tha – Articles
ပူဇာ စ ပူဇနေယျာနံ
ဆရာတော် ဦးဝိလာသ
မေ ၈၊ ၂၀၁၃
မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒါဘိဝံသ ဘ၀နတ်ထံပျံလွန်တော်မူသည်မှာ ငါးနှစ်ပြည့်ခဲ့ပြီ။ “ပူဇာ စ ပူဇနေယျာနံ” ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မြတ်သောမင်္ဂလာမည်၏” ဟု ဗုဒ္ဓမြတ်စွာ မိန့် မှာသည့်အတိုင်း အောက်မေ့ဖွယ် အထိမ်းအမှတ်ပွဲ ကျင်းပခြင်းဖြင့် ဆရာတော်ကြီး၏ ဂုဏ်တော်ကျေးဇူးတော်တို့ ကို ပူဇော်ပေးဆပ်ကြခြင်းဖြစ်သည်။ ဤသို့ ပူဇော်ခြင်းဖြင့် အပူဇော်ခံရသူ ဆရာတော်ကြီးလည်းဂုဏ်တက်၍ ပူဇော်ကြသူ ရဟန်းရှင်လူပြည်သူ ပြည်သားတို့ သည်လည်း ဂုဏ်တတ်ရပါသည်။
အမေရိကန် ကဗျာဆရာကြီး Frost ကွယ်လွန်ခြင်း တနှစ်ပြည့် အခမ်းအနားတွင် ထိုစဉ်က သမ္မတဖြစ်သူ ဂျွန်အက်ဖ် ကနေဒီ ပြောခဲ့သည်ကို မှတ်သားရဖူးသည်။ “နိုင်ငံတနိုင်ငံကို ကြည့်လျှင် ထိုနိုင်ငံ၌ လူကောင်းသူကောင်းများ မည်သို့ ပေါ်ပေါက်လာသည်ဆိုသော အချက်ကို လေ့လာရသည်သာမက ထိုနိုင်ငံက လူကောင်းသူကောင်းများကို မည်သို့ တန်ဘိုးထားသည်ကိုလည်း ကြည့်ရပါမည်။” ထို့ ကြောင့် “ပူဇာ စ ပူဇနေယျာနံ” တရားတော်အရ ချီးမြှင့်ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည်နိုင်ငံသူနိုင်ငံသားများသာမက နိုင်ငံကျက်သရေနှင့် လူမျိုးကျက်သရေကိုလည်း တိုးစေပါသည်။
သာသနာတော်နှင့်ပတ်သက်၍ မစိုးရိမ်ဆရာတော်ကြီး ဆုပ်ကိုင်ထားသောမူဝါဒမှာ “သာသနာ့အန္တရာယ် ကာကွယ်ကြ” ဟူ၍ပင်။ ထို့ ကြောင့် “သာသနာ့ အန္တရာယ်ကျရောက်နေပြီ၊ ညီညီညွတ်ညွတ်နဲ့ စုပေါင်းကာကွယ်ကြ” ဟုဩ၀ါဒပေးလေ့ရှိ၏။ ဆရာတော်ကိုယ်တိုင်လည်း သာသနာ့အရေးမှလွဲ၍ မည်သည့်အရေးမျှ ဂရုစိုက်တော်မမူ။
ဆရာတော်ကြီးသည် စစ်အစိုးရကို သပိတ်မှောက်ကံဆောင် ၍ ထောင် ၂၂လကျခံရသည်ကို ကြံ့ကြံ့ခံရင်းထောင်တွင်း အကျဉ်းကျ ခံရသော ရဟန်း၊သာမဏေများ ရဲဘက်စခန်း၌ သေဆုံးပျက်စီးရခြင်းကို စိတ်ထိခိုက်ရရှာ၏။ ၂၀၀၇ခုရွှေဝါရောင် သံဃာ အရေးတော်ပုံ၌ ထိခိုက်ပျံလွန်ကြသော သံဃာများအတွက် စိတ်နှလုံးညှိုးနွမ်း ပူပန်ရသည်။ ယင်းသို့ ပူပန်ခြင်းကြောင့် “သာသနာ့အန္တရာယ် ကျရောက်နေပြီး” ဟု တပည့်ရဟန်းသံဃာများနှင့် ဒကာဒကာမတို့ အား အရေးတကြီးမိန့် ကြားခဲ့သည်။ တပည့်အပေါင်းအား “သာသနာ့အရေး”ကိုသာ အလေးထားဆောင်ရွက်ကြရန် အထူးမိန့် ကြားသည်။ သာသနာ့အန္တရာယ်ကာကွယ်ခြင်းဖြင့် နိုင်ငံနှင့်လူမျိုးအပေါ်ကျရောက်မည့် အန္တရာယ်ကိုလည်း ကာကွယ်ပြီးဖြစ်သည်။ ယင်းသို့ ဆိုရခြင်းမှာ အခြားသော ၀ါဒန္တရ၊ ဘာသန္တရ၊ ဂဏန္တရ ပုဂ္ဂိုလ်များ၏ ကဲ့ရဲ့ သဂြိုဟ်စကားတင်းဆိုမှုကို ရှောင်လွဲနိုင်ရန် အလို့ ငှာ ခိုင်မာသော “သာသနာရေးမူဝါဒ” ကိုချမှတ်ခြင်းဖြစ်၏
ဤနေရာ၌ စကားအလျဉ်းသင့်၍ မိုးမခ၀ိုင်းတော်သားတဦးဖြစ်သူ မောင်ရစ်က မစိုးရိမ်ဆရာတော်ကြီးကို ဖူးတွေ့ ပြီး ရေးသားခဲ့ပုံကို တင်ပြလိုပေသည်။ “ကျနော်နဲ့ ဆရာတော်ကြီးတို့ ဆုံရတဲ့ရေစက်က ၂၀၀၇ နိုဝင်ဘာလက ၂၀၀၈ ဧပြီလအထိသာ ဖြစ်ပါတယ်။ အဲဒီမှာ ကျနော်တို့ မိုးမခ၀ိုင်းတော်သားတွေ တတ်စွမ်းသမျှ ဆရာတော်ကြီးအတွက် ဝေယျာဝစ္စတွေ ၀ိုင်းလုပ်ပြီး ကုသိုလ်ယူခွင့်ရခဲ့တယ်။ အရိုးသားဆုံး၊ အဖြူစင်ဆုံး၊ အဖြောင့်မတ်ဆုံး၊ အလှပဆုံး သက်ရှိတရားတခုကို ဖူးတွေ့ ခွင့်ရလိုက်တာပဲ။”
မြန်မာနိုင်ငံ သာသနာရေးလောက၌ ထင်ရှားသော ပါဠိဂါထာတပုဒ်ရှိ၏။ ထိုဂါထာကို ဘုန်းကြီးပျံပူဇော်ပွဲ၊နှစ်ပတ်လည် ပူဇော်ပွဲတို့ တွင် တွင်ကျယ်စွာ ဟောပြော အသုံးပြုလေ့ရှိ၏။ 
သရီရဿ စ ဂုဏဿ၊ ဒူရမစ္စန္တ မန္တရံ။
သရီရံ ခဏ၀ိဒံ္ဓသိ ဂုဏာ စကပ္ပဌာယိနော။
“လူ့ ခန္ဓာကိုယ်နှင့် လူ့ ခန္ဓာကိုယ်က ဆောင်ရွက်သော ဂုဏ်တို့ သည် မတူညီကြပေ။ လူ့ ခန္ဓာကိုယ်သည် သက်တမ်းအလျှောက်သာ တည်တံ့၍ ခန္ဓာကိုယ်ကို မှီ၍ဖြစ်ရသော ဂုဏ်ဒြပ်တို့ သည်ကား ကမ္ဘာရှည်အောင် တည်တံ့နေပေသည်။”
ဖော်ပြပါ ဂါထာ ပါဠိသည် ရိုးသားဖြောင့်မတ်ပြီး လောကအတွက်၊ သာသနာအတွက် စွန့် စား၊ စွန့် လွတ်တတ်သော သတ္တိနှင့် အမြော်အမြင်ကြီးမှု အားလုံးတို့ ကို ခြုံငုံ၍ “လူသေသော်လည်း နာမည်မသေ”ဟူသော သဘောကို ဖေါ်ပြခြင်းပါ။
ထိုနည်းတူပင် ကဗျာဆရာကြီး ဆရာဇော်ဂျီကလည်း “လူသည် ဓမ္မအလျောက် သေဆုံးရသည်မှန်သော်လည်းသေပြီးသောအခါ ကျန်ရစ်ကောင်း၊ ကျန်ရစ်သင့်သည့် “ဒို့ မြေ၊ ဒို့ စာ၊ ဒို့ ဘာသာ သစ္စာအရောင်” များကို ကဗျာဖြင့် ရှင်းလင်းစွာရေးသားခဲ့၏။
ဪ …. လူ့ ပြည်လောက၊ လူ့ ဘ၀ကား၊
အိုရ နာရ၊ သေရဦးမည်၊
မှန်ပေသည်တည့် …. ။
သို့ တ ပြီးကား၊ သင်သေသွားသော်၊
သင်ဖွားသောမြေ၊ သင်တို့ မြေသည်၊
အခြေတိုးမြှင့်၊ ကျန်ကောင်းသင့်၏။
သင်၏မျိုးသား၊ စာ စကားလည်း
ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏။
 သင်ဦးချ၍၊ အမျှဝေရာ၊
စေတီသာနှင့်၊ သစ္စာအရောင်   
ဥာဏ်တန်ဆောင်လည်း …….
ပြောင်လျက် ၀င်းလျက် ကျန်စေသတည်း။
ဆရာတော် ဦးဝိလာသ
မဟာအောင်မြေကျောင်းတိုက်
နယူးယောက်ခ်မြို့ 
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts