ဖိုးထက်

မစ္စ အင်တာနေရှင်နယ်နှင့် ကျနော် ဦးမာဃ

ဖိုးထက်
အောက်တိုဘာ ၂၂၊ ၂၀၁၂ 

ပြောရအုံးမယ်။ ကျနော် ဗုဒ္ဓဘာသာဗျာ။ ဒီတော့ ဇာတ်ကြီးဆယ်ဘွဲ့သိတယ်။ ငရဲပြည်သိတယ်။ နတ်ပြည်သိတယ်။ ပြီးတော့ ယမမင်းကြီးနဲ့ သိကြားမင်းကြီးကို သိတယ်။ သူတို့နှစ်ယောက်ထဲကမှ ယောယုဝမင်းကြီးကို ကျနော့်အတွက် ပိုပြီးသိသင့်တယ်လို့ ထင်တယ်။ လူကြီးရဲ့ ဘိုင်အိုဂရပ်ဖ်ဖီကိုသိထားရင် ဘယ်လိုဖားရ၊ ကပ်ရ၊ ပေါင်းစားရမယ်ဆိုတာသိနေတဲ့ မြန်မာလူမျိုးဆိုတော့ သူ့အကြောင်းဘဲ အလေးထား မိတယ်။ ဦးမာဃဆိုတဲ့ သိကြားမင်းကိုတော့ ကိုယ်နဲ့ အဆင့်အတန်းမတူဘူးလို့ သတ်မှတ်ဖြစ်တယ်။ အဆင့်မတူဘူးဆိုတာ ကိုယ့်လားရာ ကိုယ်သိနေတဲ့လူမို့လို့ ပတ်သက်စရာအကြောင်းမရှိတဲ့လူအကြောင်း မလေ့လာဖြစ်တဲ့သဘောပါ။

နောက်..သိကြားမင်းကို ပါဆယ်နယ်လ်အရ ဂျေဝင်တယ် ပြောရမလားမသိ။ ဘယ်ဗျာ တဖက် နတ်သမီးငါးရာနဲ့ဆိုတော့ ဒီလူကြီးက လွန် တယ်ဗျ။ ဘာကုသိုလ်ကောင်းမှုမှမလုပ်ဘဲ ခိုးလို့ရတဲ့ပိုက်ဆံတွေနဲ့ သိကြားမင်းလိုစည်းစိမ်ယူနေတဲ့ လူအရှင်လတ်လတ်ကြီးတွေ ရှိနေမှန်း သိနေတော့ သူ့ကိုလွန်တယ်လို့ သတ်မှတ်တဲ့ ကျနော်လွန်နေတာလဲ ဖြစ်နိုင်တာဘဲလေ။ ဘယ်လိုဘဲဖြစ်ဖြစ်ဗျာ..တစ်ဖက်ငါးရာကြီးကတော့ လွန်တယ်လို့ထင်လို့ကို သိကြားမင်းဆိုရင် ရှင်လောင်းလှည့်တဲ့အထဲပါတဲ့ သိကြားမင်းတောင် မကြည့်ချင်ဘူး။ အဲဒီလောက် သောက်မြင် ကတ်တာ။

ပြီးတော့ ရှိပါသေးရဲ့။ ငယ်ငယ်က လူကြီးသူမတွေ ပြောလို့ ကြားဘူးတာပါ။ သိကြားမင်းမှာ ဗဒုကမ္ပလာ (စာလုံးပေါင်းမှားမယ်ထင်တယ်ဗျ) ကျောက်ဖျာဆိုတဲ့ ဆိုဖာအကြီးကြီးရှိဆိုလား။ လူ့ပြည်က လူကောင်းသူကောင်းတွေ ဒုက္ခ၊ သုက္ခခံစားနေရရင် သူ့ဆိုဖာကြီးက ကျောက် ဖျာကြီးလိုမာလာပြီး သူဖင်အေးလာလို့ သတိထားမိဆိုဘဲ။ အဲဒီလိုဖြစ်ရင် လူ့ပြည်ကိုဆင်းလာပြီး လူကောင်း၊ သူကောင်းတွေကို ကူညီပေးပြီး ဇာတ်ပေါင်းခန်းလှလှလေးတွေ ဖန်တီးပေးတတ်တယ်တဲ့။ ဇိဇမာန (ကျနော့်မှာ ကိုးကားရှာဖွေဖို့ စာအုပ်မရှိဘူးဗျာ။ စာလုံးပေါင်းမှားနေတာ ခွင့်လွှတ်ကြတော့။) ဆိုတဲ့ အမျိုးသမီးက ရှင်တော်ဘုရားကို စွပ်စွပ်စွဲစွဲပြောလာတော့ သူ့ဆိုဖာကြီးမာလာပြီး တပည့်ကိုလွှတ်ပြီး အဲဒီအမျိုး သမီးလိမ်ထားတာကို ပေါ်အောင်ဖော်ခိုင်းခဲ့တယ်လို့ မှတ်သားဘူးတယ်။

ဘုရားရှင်မို့လို့ သူ့တပည့်အရင်းတစ်ယောက်လွှတ်ပြီး အလိမ်တွေ၊ အကောက်တွေကိုဖော်ပေးရတယ်ဆိုတာ နားလည်ပါတယ်။ ဒီခေတ် လူတွေ လောဘ၊ ဒေါသ၊ မောဟတွေများလာလို့ သူ့အကူအညီနဲ့မတန်ဘူးဆိုရင်လဲ ထားတော့။ ဘယ်ဗျာ..အခုတော့ ကမ္ဘာမှာ လက်ချိုး ရေလို့ရနေတဲ့ ဘုရားသာသနာကို စောင့်ရှောက်စည်ပင်ကြီးထွားအောင်လုပ်နေတဲ့ ကျနော်တို့နိုင်ငံမှာ လူဆိုး၊ သူခိုး၊ လူလိမ်၊ လူကောက်တွေ တန်ခိုးထွားနေတာကို ဒီဘဲကြီးဆိုဖာက မမာဘူးလားဗျ။ သူ့ဖင် မအေးဘူးတဲ့လား။ နင်တို့ဖြစ် နင်တို့ခံတဲ့လား။ ကျနော် သိကြားမင်းကြီးကို စိတ်တွေကောက်ချင်လာတယ်ဗျ။

သိတဲ့အတိုင်းဗျာ။ လူဆိုတဲ့အမျိုးက သူမုန်းတဲ့လူ၊ ပုဂ္ဂိုလ်ရဲ့ဘ၀ကို မရချင်၊ မဖြစ်ချင်ကြဘူးမို့လား။ ကျနော်လဲ အဲဒီလိုဘဲပေါ့။ သိကြား မင်းဆိုတဲ့ဘ၀ကို အိပ်မက်တောင် မမက်ဘူးဘူး။ သူ့ဘာသာ တစ်ဖက်ငါးရာနဲ့ ရှိတယ်ပြောပြော၊ ဘယ်နှစ်ထပ်ပိုင်တယ်ပြောပြော ကုသိုလ် ကောင်းမှုလုပ်ဖြစ်ရင် နိဗ္ဗာန်မက်ဖို ရက်တိုတိုရောက်ရပါလို၏ဆိုတဲ့ ဆုတောင်းဘဲ နှစ်နှစ်ကာကာတောင်းဖြစ်တယ်။ သူခိုး၊ သူဝှက်၊ လူလိမ်၊ လူကောက်တို့သာ ကြီးပွားအောင်မြင်ကြသော ဗုဒ္ဓဘာသာတိုင်းပြည်ကိုမစောင့်ရှောက်တဲ့ သိကြားမင်းဘ၀ကို လုံးဝ လုံးဝဘဲ။ မလိုချင်ပါဘူး ဗျာ။ နာမည်ပျက်တဲ့သိကြားမင်းဘ၀တော့ မရတာဘဲ ကျေးဇူးတင်ရမယ်မို့လား။

ဒါပေမယ့် အခု ကျနော့်စိတ်ပြောင်းချင်သလိုလိုရှိလာပြီဗျ။ စိတ်ပြောင်းအောင် ပတ်ဝန်းကျင်ကလဲ လှုံ့ဆော်တာကိုး။ ကျနော့်ပါတ်ဝန်းကျင်ဆို တာလဲ အင်တာနက်မို့လား။ အင်တာနက်က သတင်းတွေကသာ ကျနော့်စိတ် နိမ့်၊ မြင့်၊ တက်၊ ကျ   ခေါ်သွားနေတတ်တာလေ။ ဒေါ်စု အ မေရိကန်မှာ အောင်မြင်၊ စိတ်ဓာတ်တက်။ ဦးသိန်းစိန်၊ ဒေါ်စု ရင်းရင်းနှီးနှီးတွေ့။ စိတ်ပျော်။ ဦးပိုင်က ဘယ်သူ့မှ လူမထင်သည့်ပုံစံဖြင့် သ တင်းစာရှင်းလင်းပွဲလုပ်။ စိတ်ဓာတ်ကျ။ မုန်း။ တရုတ်သံအမတ်မှ မြစ်ဆုံဆည်စီမံကိန်းမရပ်ပါဟု သူ့ပထွေးပိုင်သော တိုင်းပြည်လိုပြော။ ဒေါသထွက်။  စိတ် Rhythm မမှန်ဘူး။

စိတ်ကို ကြည်လင်ချမ်းမြေ့မှုပေးစေတဲ့သတင်းတစ်ခု အတော်ကြီးဆူပွက်နေလို့သာ ခုသာခံသာရှိနေတာ။ အဲဒီသတင်းကြောင့်လဲ သိကြား မင်းမဖြစ်ချင်တဲ့ စိတ်လေး ပါးပါးလာတာ။ ဘယ်သူ့သတင်းရှိရမလဲ။ တောင်ကြီးသူ ချာတိတ်မ Miss International ၀င်ပြိုင်နေတဲ့ သတင်း ပေါ့။ မိန်းမတစ်ထောင်လောက်နဲ့ကဲနေတဲ့ သိကြားမင်းဖြစ်ချင်လာတယ်ဆိုတော့ နန်းခင်ဇေယျကို ပြစ်မှားတယ်လို့ ထင်ရင်မှားမှာပေါ့။ ကျနော့်မျက်လုံးထဲမှာတော့ ချာတိတ်မက အချောကြီး အလှကြီး မဟုတ်ပါဘူး။ သူ့ထက်လှတဲ့၊ တောင့်တဲ့၊ ဖြောင့်တဲ့ မြာတွေမှ မြန်မာပြည်မှာ အများကြီးရှိပါတယ်။ သူ့ပညာအရည်အချင်းကိုကြည့်တော့ အင်္ဂလိပ်၊ ဂျာမန် တိုးဂိုက်ဆိုတာနဲ့တင် ကျနော်က တန်ဖိုးထားမိတယ်။ မိန်းမ ဆိုတာ အဆင်းထက် အချင်းကပိုအရေးကြီးတယ်လို့ ကျနော်ကခံယူထားတော့ ပိုတန်ဖိုးထားတယ်။ ဒီလိုပြောလို့ ရုပ်လှတဲ့မိန်းမတွေ မ ကြိုက်ဘူးလားဆိုတော့လဲ မဟုတ်ပြန်ဘူး။ ဆိုလိုတာကဗျာ လျှပ်ပေါ်လော်လီဝတ်၊ ပေါင်ပေါ်၊ ဒူးပေါ်နေပြီး လှတဲ့မိန်းမတွေကို စိတ်နဲ့ ပြစ် မှားချင် မှားမယ်။ နန်းခင်ဇေယျလို့ တန်ဖိုးရှိတဲ့မိန်းမမျိုးတွေကျတော့ ပြစ်မှားချင်ရင်တောင် လိပ်ပြာမလုံဘူးလေဗျာ။

အင်တာနက်က မြန်မာပရိတ်သတ်ကြီး နန်းခင်ဇေယျအတွက် အလုပ်တွေရှုပ်၊ မောက်စ်တွေပျက်ဖြစ်နေကြတာကြည့်ပြီး ကျနော့်မှာ ကြည် နူးလာတယ်။ ကောင်းတယ် ချကျကွဆိုပြီး နှစ်ခါတိတိတောင် ၀င်ပြီး Vote လုပ်လိုက်သေးတယ်။ ပြီးတော့လဲ မေ့မေ့ပျောက်ပျောက်ပါဘဲ။ ဒါပေမယ့် နောက်ဆုံး ဖိုလ်နယ်နေ့ရောက်တော့ ညီတော်မောင်တစ်ကောင်က အင်တာနက်ကနေ Miss Internationူ ရွေးပွဲ live အားပေး နေတာကိုကြည့်ပြီး မသိမသာ ဘေးကနေ၀င်ကြည့်မိတယ်။ သယ်….ဒီဘဒ္ဒကမ္ဘာကြီးပေါ်က မိန်းမတွေတောင် ဒီလောက်လှတာ ဟို ဦးမာဃဆိုတဲ့ ဘဲကြီးရဲ့ တိုင်းပြည်မှာဆိုရင် ဒီထက်ပိုလှမှာလို့ တွေးမိတယ်။

ဒါကြောင့် ကျနော် သိကြားမင်းဖြစ်ချင်စိတ်ပေါက်လာတယ်လို့ ပြောတာပေါ့။ လှတဲ့မိန်းမတွေလိုချင်လို့ သိကြားမင်းဖြစ်ချင်တာမို့လားလို့ ပြောရင် မှန်ပေမယ့် အကုန်မမှန်ဘူးဗျ။ ကျနော်သာ သိကြားမင်းဖြစ်ရင် တစ်ဖက်ငါးရာနဲ့ စည်းစိမ်ခံစား။ ပြီးရင် မြန်မာပြည်ကြီးကို ငုံ့ကြည့်ပြီး မဟုတ်တန်းတရားနဲ့ ပြည်သူတွေအပေါ် ဖြတ်စား၊ လတ်စားလုပ်ချင်နေတဲ့သူတွေကို မိုးကြိုးတွေ အတုံးလိုက် အတစ်လိုက်ပစ်အောင် တပည့်ကြီး မိုးနတ်မင်းကို တာဝန်ပေးရအုံးမယ်။ ပြီးမှ သူ့ဆီက Report တောင်းပြီး ဘေးက နတ်သမီးတစ်ယောက်ယောက်ကိုဖတ်ခိုင်းပြီး နားထောင်ရမယ်။ ခိုးရ၊ ဘုံးရမယ်ဆိုရင် ဘယ်လိုသတ်သတ် မသေနိုင်ဘဲ နှစ်ခါပြန်လောက် မိုးကြိုးပြစ်မှသေမယ့်လူတွေရှိတယ်ဆိုတာ ဒီကောင့်ကို အသိပေးရအုံးမယ်။

တောင်တောင်အီအီလျှောက်စဉ်းစားရင်း ကျနော်အိပ်ပျော်သွားခဲ့တယ်ထင်ပါရဲ့။ အိပ်မက်တွေ မက်တယ်ဗျ။ အိပ်မက်ထဲမှာ ကျနော်က ရှင်လောင်းလှည့်တဲ့အခါ ၀တ်ကြတဲ့ သိကြားမင်းဝတ်စုံကြီးနဲ့ သုဇိတာရေ နန်းလေးသုတ်တစ်ပွဲပေးကွယ်လို့မှာနေတာတဲ့။ သုဇိတာက နန်းကြီးသုတ်တွေယူလာလို့ “ငါမှာတာ နန်းလေးသုတ်ပါရော..နင်ယူလာတာ နန်းကြီးတွေပါရော..ငါထကန်လိုက်လို့ နင်နာတော့မှာရော…အခု နန်းလေး သွားယူခဲ့ပါရော..” လို့ သိကြားမင်းအဖြစ်နဲ့ တော်ကီတွေပွားနေခဲ့မိတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts