သတင်းပဒေသာ

လယ်မြေသိမ်းကိစ္စ တိုင်ကြားသည့် လယ်သမားအား ကပစ (၈)မှ တပ်ရင်းသို့လာရောက်ရန် ဆင့်ခေါ်

မိုးမခ အထောက်တော်၊ ရန်ကုန် ။အောက်တိုဘာ ၂၁၊ ၂၀၁၂ ခုနှစ်

မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်တွင် ကပစ (၈) မှ မြေဧက တစ်သောင်းကျော် သိမ်းယူထားခြင်းကို တိုင်ကြားခဲ့သည့် ကျေးရွာသားအချို့အား ယင်းတပ်ရင်းမှ လာရောက်ဆင့်ခေါ်နေကြောင်း ယင်းကိစ္စနှင့် ပတ်သက်ပြီး လိုက်ပါဆောင်ရွက်ပေးသူတဦးက ပြောသည်။ 
လိုက်ပါဆောင်ရွက်ပေးသူ တဦးဖြစ်သည့် နော်အုန်းလှက “ သမ္မတထံ တိုင်ကြားစာတင်တာက ၄၈၉ ဦးလက်မှတ်ထိုးထားတယ်၊ စာကို မှတ်ပုံတင်စာနဲ့ပို့တော့ တဦးဦးရဲ့ နာမည်ထည့်ရမယ်ဆိုတော့ လယ်သမားထဲက ဦးပေါ်ဦးက နာမည်ထည့်ထားတာ၊ အခုသူ့ကို ကပစ (၈) က စစ်သားတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက တပ်ထဲကို လာခဲ့ဖို့ ခေါ်နေတာ´´ ဟု ပြောသည်။ 
တိုင်ကြားစာတွင် အချက်အလက်မှားယွင်းမှုရှိနေသဖြင့် လာရောက်ပြင်ဆင်ရန် လိုကြောင်း ခေါ်ရသည့် ဆိုကာ ကပစ (၈) မှ တပ်ကြပ် တင်အောင်မိုးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့က တကြိမ်၊ တဖန် ဗိုလ်မှူး သက်ဝင်း ပါလိုက်ပါလာပြီး ဒုတိယတကြိမ် ကျေးရွာသို့ လာရောက်ကာ ခေါ်ယူခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။ 
တိုင်ကြားသူများ အနက်မှတိုင်ကြားစာတွင် အမည်ခံထားသူ ဦးပေါ်ဦးမှာ ယခုရက်ပိုင်းအတွင်း လက်ပံတောင်းတောင် ညီလာခံသို့ တက်ရောက်ပြီး ပြန်အလာတွင် ခေါ်ယူနေခြင်း ဖြစ်သည်ဟုလည်း သိရှိရသည်။ 
ဆင်ပေါင်ဝဲ မြို့နယ်ရှိ မန်ကျီးပင်ပု၊ ဘော်မြင့် အစရှိသည့် ကျေးရွာအုပ်စု ၁၃ စု မှ မြေဧက ၁၂၀၀၀ ကျော်ကို ၁၉၉၆၊ ၉၇ ခုနှစ်များက ကာကွယ်ရေး ပစ္စည်းစက်ရုံ (၈) တည်ဆောက်ရန် သိမ်းယူခဲ့သည်။ စက်ရုံ တည်ဆောက်ဖို့ အမှန်တကယ် လိုအပ်သည့် ပမာဏထက် များစွာပိုလွန်သိမ်းယူထားခြင်းကြောင့် အဆောက်အဦ မဆောက်သည့် ယာမြေများအား နကိုမူလပိုင်ရှင်သို့မဟုတ် အခြားယာသမားများထံ သီးစားခချကာ ငှားခဲ့ရာမှ မကြာသေးမီလပိုင်းက ယင်းလယ်မြေများ ပြန်လည်ရရှိရေးတွက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ တိုင်ကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။ 
တိုင်ကြားစာပေးပို့သည့်နောက် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် မြေယာစုံစမ်းရေး ကော်မတီ တရပ် နေပြည်တော်မှ လာရောက်ကာ  စုံစမ်းမေးမြန်းသွားခဲ့သည်ဟုလည်း ရွာသားများက ပြောသည်။ 
ယခင်နှစ်များက ယာမြေ သီးထောက်ခ တောင်းခံ၍ မပေးနိုင်လျှင် ကျေးရွာသားများအား ခြိမ်းခြောက်ခြင်း၊ တခါတရံ ကျေးရွာထဲတွင် သေနတ်မိုးပေါ် ထောင်ဖောက်ပြီး တောင်းခံခြင်းတို့ကြောင့် ကျေးရွာသားများ အနေဖြင့် တပ်ရင်းသို့ သွားရောက်ရန် စိုးရိမ်နေခြင်းဖြစ်သည်ဟုလည်း နော်အုန်းလှက ပြောသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts