ပင်တိုင်ကဏ္ဍ မာမာအေး

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၄၁) – mar mar aye


မာမာအေး
အောက်တိုဘာ ၁၄၊ ၂၀၁၂

 

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …

ဗိုလ်ကလေးတင့်အောင် (ဓာတ်ပုံ -ရွှေအမြုတေ မဂ္ဂဇင်း)

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … အရင်တပါတ်က သံယောဇဉ်သီချင်းလေး ကြားရတာ ဘ၀င်ဝမ်းမှာ ရွှင်လန်းစေလိမ့်မယ် ထင်ပါတယ်ရှင်။ အဲဒီသီချင်းလေးကို ဘယ်သူကစပြီးဆိုခွင်ရခဲ့တာလဲ ဆိုတာကိုတော့ ဒီသီချင်းရေးတဲ့ မာအေးရဲ့ ဂီတ အဖေ ဗိုလ်ကလေးတင့်အောင် ခု အသက် (ကိုးဆယ်) ပြည့်တိုင် မာအေး မမေးမိလို့ မသိနိုင် ဖြစ်နေတုန်းပါဘဲ။

မာအေးရှေ့မှာ ‘မမထား’ ဆိုခဲ့တာကတော့ သေချာပါတယ်။ ဘာလို့သိနိုင်တာလဲ ဆိုတော့ ‘မေမြတ်နွယ်’ ရုပ်ရှင်ဇာတ်ကါးကြော်ငြာအတွက် ဂီတလုင် မောင်ကိုကိုရဲ့ တေးဂီတ တဖွဲ့လုံး ကါးကြီးပေါ်မှာ အလှအပတွေ ဆင်ပြီး ရန်ကုန်မြို့လုံးပါတ် ဖြော်ဖြေဖို့ ထွက်တဲ့အခါက အဲဒီကြော်ငြာကါးနဲ့အတူ မာအေးက လိုက်ဆိုပေးခဲ့ရလို့ပေါ့ရှင်။ ရုပ်ရှင်ထဲမှာ မမထား ဆိုတယ် လို့ ဒယ်ဒီကိုက ပြောတယ်ရှင့်။
မမထားကို သိတ်မသိသေးဘူး၊ အဲဒီရုပ်ရှင်မှာ မာအေး ဆိုပေးရတဲ့သီချင်းက “ဇော” တဲ့။ အဲဒါလဲ ကြော်ငြာတော့ ဆိုခဲ့တာပါဘဲ၊ အဲဒီကြော်ငြာကါးမှ အတူလိုက်ဆိုခဲ့တဲ့ အဆိုတော်ကတော့ ‘ကိုသက်ဦး’ပါ။ နောင်တော့ ဂီတစာဆိုကျော်တဦးဖြစ်လာတဲ့ ‘ကိုသက်ဦး’ ဖြစ်ပါတယ်။ ဒယ်ဒီကိုလဲ သီဆိုဖျော်ဖြေပါတယ်။

မေမြတ်နွယ်ကြော်ငြာကါးဟာ သင်္ကြန်အလှကါးထွက်သလို မြို့ပါတ်ဆိုတာမျိုးပါ။ ရောက်တဲ့နေရာက ရင်းနှီးတဲ့တချို့အဆိုတော်တွေလဲ ကြုံတာနဲ့ ကါးပေါ်တက်လာ ၀င်ဆိုပျော်ကြလေတော့ အဆိုတော်များများ ကါးပေါ်လိုက်စရာ မလိုပါဘူး။
စင်ပွဲဆိုတာ အငြိမ့်ခုံနဲ့ဇါတ်ခုံဘဲရှိသေးပြီး၊ အိနြေ္ဒကို အလေးပေးတဲ့ မိန်းမသားတို့ရဲ့ခေတ်လဲဖြစ်တော့ အပြင်လောကလူအုပ်ထဲမှာ မတိုးရဲတဲ့ အမျိုးသမီးအဆိုတော်တွေ ကါးပေါ် မလိုက်လိုတာလဲရှိမယ်ပေါ့။ ကိုယ်ကသာ မြီးကေါင်ပေါက်အရွယ်ပေမယ့် ယောက်ျားမိန်းလေ၊ ရှက်ရမှန်း ကြောက်ရမှန်း သိတ်ကြည့်နေတာမှမဟုတ်ဖဲ၊ ဇါတ်ထဲတုန်းကလဲ ဒီလိုဘဲ ကြော်ငြာလှည့်ရင် လိုက်သွားလိုက်ဆိုနေခဲ့တာ ဘာဆန်းတာလိုက်လို့ ဆိုပြီး ဆိုခဲ့တာပါဘဲ။ ပရိသဒ်တို့ရဲ့ မေတ္တာဇါတ်ခုံပေါ်မှာထဲက ဆိုရင်း သရုပ်ဆောင်ရင်း ရဖူးခဲ့တာဆိုတော့ သီချင်းဆိုပြရမှာကို မကြောက်တတ်တော့ဘူး။ လူနည်းရင် ပျင်းတောင်ပျင်းသေးတယ်။ ဒီလို ကါးတွေနဲ့ လှည့်ရတဲ့ကိစ္စဟာ  အတော် ကရိကထများတယ်ရှင့်။ အနည်းဆုံး ကါးကြီး နှစ်စီး လိုတာကိုး။ တီးဝိုင်းဆင်ဘို့တကါး – နောက်ကါးတစီးက လျှပ်စစ်အားထုတ်ပေးတဲ့ စက်တင်မောင်းဘို့နဲ့ အသံချဲ့စက်ဆင်ဘို့ ဖြစ်ပါတယ်။ တချို့ကလဲ တနေရာက နောက်တနေရာ ကြိုသွားဆက်သွယ်ရအောင် ဂျစ်ကါးတစီး ရှေ့ပြေးအဖြစ် သုံးကြပါသေးတယ်။
မှတ်မှတ်ရရကတော့ မေမြတ်နွယ်ရယ်၊ စာရေးဆရာ သခင်တင်ဦး ခေါ် ဗိုလ်သခင်ဆရာ ကိုယ်တိုင် ရေးတဲ့ဝတ္ထုကို ကိုယ်တိုင်ဒါရိုက်တာမင်းသားလုပ်ပြီး ရိုက်တဲ့ ‘လင်ကုန်ကူးမယ်’ ဇါတ်ကါးအတွက်ရယ်၊ အဖိုး သခင်ကိုယ်တော်မှိုင်း ဦးဆောင်ခဲ့တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ဆန္ဒပြပွဲကြီး အကြောင်းပြုပြီးတော့ ငြိမ်းချမ်းရေးတေးသီချင်းတွေ လှည့်ပတ် သီဆိုခဲ့တုန်းကရယ်ပေါ့ရှင်။ အော် … မေ့လို့ ဗွီစီးကရက်နဲ့ လန်ဒန်ဂိုးဖလိတ်စီးကရက် ကုမ္ပဏီတွေရဲ့ ကြော်ငြာကါးနဲ့လဲ လိုက်ဆိုဖူးပါသေးတယ်ရှင်။

မေမြတ်နွယ် ကြော်ငြာကါးက အဦးဆုံး ဆိုဖြစ်သလို အဖေကြီး ဗိုလ်ကလေးတင့်အောင်ရဲ့ သီချင်းတွေထဲမှာလဲ ‘ဇော’ ဆိုတဲ့ သီချင်းက စဆိုဖြစ်ခဲ့ပါတယ်ရှင်။ မေမြတ်နွယ်ကြောင့် မာအေး ဂီတဥာဏ်ပွင့်ခဲ့တာ တကြိမ်တိုးပါတယ်။ အနောက်ပိုင်း (၁၂)လမ်းထဲက အိမ်တအိမ်ရှေ့မှာ ရပ်ပြီး ခဏ နားကြပါတယ်။ ကါးဆက်ထွက်မယ် ပြင်တော့ အဲဒီအိမ်ထဲက အသားညိုညို အရပ်အမောင်း ကေါင်းကေါင်း ခန့်ခန့် လူရည်သန့်တယောက် ကါးပေါ် တက်ရောက်လာပါတယ်။ အကိုလေးက “အခု ကူညီသီဆိုပေးမယ့်သူကတော့ ခင်ဗျားတို့လမ်းသား အဆိုတော် မင်းနောင်ပါဘဲ၊ သံယောဇဉ်သီချင်းဆိုမယ်တဲ့ဗျာ၊ နားဆင်တော်မူကြပါဦး” လို့ ကျေညာလိုက်တဲ့အခါမှာ ‘သံယောဇဉ်’ သီချင်းကို မင်းနောင်ဆိုတတ်တဲ့ မင်းနောင်ဆိုလေ့ရှိတဲ့ အဆွဲအငင်၊ အတိုးအကျယ်၊ အဆုတ်အတက်တွေနဲ့ ဆိုသွားလိုက်တာ မာအေးဆိုတဲ့ခလေးမလေးက ငေးကျန်ရစ်ခဲ့ပါတယ်။

မင်းနောင် ဆိုတဲ့ အဆိုတော်ကြီးရဲ့ သီချင်းတွေကို ရေဒီယိုမှာဘဲ ကြားဖူးပြီး လူကိုရော အပြင်မှာဆိုတာကိုရော ခုမှ ကြုံဖူးမြင်ဖူးရတာကိုး။ သံယောဇဉ်ကို ဒီလိုမျိုး ဆိုပေါက် အလှည့်အပတ်တွေနဲ့လဲ ဆိုနိုင်သားပါလား လို့ ဥာဏ်နား ပွင့်သွားတာလို့ ခံစားမိခဲ့တယ်။ ဒါကြောင့်မို့ ရှေ့မှာ – ရုပ်ရှင်ထဲမှာ မာအေးထက် ရှေ့ ‘ထား’ဆိုပါတယ်၊ အကိုကြီးမင်းနောင်က အသံလဲမလွှင့်၊ ဓါတ်ပြားလဲမသွင်းဘဲနဲ့ ဒီသီချင်းရနေတော့ကါ အရင်ဆိုခဲ့ဘူးတဲ့သူ ရှိလို့နေမှာပေါ့ လို့ မသိတဲ့အကြောင်း ပြောခဲ့တာပါ။

ကဲ – ချစ်ဆွေတို့၊ လူပုဂ္ဂိုလ်တွေအကြောင်းကို သူတို့မရှိတော့မှ ပြောပြဖြစ်တာက များတယ်မို့လား။ မာအေး ပြောတာတွေ သူတို့ ဘယ်ကြားနိုင်တော့မှာလဲနော်။ အခု ဘိုးသက်ရှည်ကြီးကိုတော့ နားဆင်နိုင်သေးတယ်ဟဲ့ လို့ ရှင်သခိုက် အကြိုက်ပြောပါရစေ လို့ ခွင့်တောင်းပါတယ်နော်။ သူ့သီချင်းလေးတွေလဲ ပြန်ကြားစေ့ချင်လို့ပါ။ သူ့လုပ်ဆောင်ချက်လေးတွေလဲ ပြောပြချင်လို့ပါနော်။

ဒီဘိုးတော်ကြီးကို မာအေးကတော့ တည်ကြည်ခြင်းတ၀က်၊ ပျော်ရွှင်ခြင်းတ၀က်နဲ့ နေတဲ့ တီထွင်ဖန်တီးကြံတွေးရှငလို့ မြင်နေရပါတယ်။ သူဘာတွေ တီထွင်သလဲ၊ ဘာတွေဖန်တီးသလဲ၊ ဘာတွေကြံတွေးတတ်သလဲ ကိုယ်တွေ့လေးတွေ ကြားချင်တယ်မို့လား၊ နားထောင်နေပေါ့နော်၊ ဒီနေ့တော့ သူ့ဖန်တီးချက်ကြောင့် မြန်မာ့အသံ အဘ ဦးသန်းမြင့်က ၀တ္ထုဇါတ်ညွှန်း ရေးဖြစ်ခဲ့တယ်၊ မာအေးလဲ သရုပ်ဆောင် ရုပ်ရှင်မင်းသမီး လုပ်ဖြစ်ခဲ့တယ်၊  ‘မြခြူသံ’တေးဇါတ်လမ်းကြီးဟာ မူလက “လမင်းသာချိန် နေကွယ်ချိန်” လို့ နာမည်ပေးတင်ဆက်ခဲ့တဲ့ မြန်မာနိုင်ငံ ခေတ်ပေါ် ဂီတကေါင်စီ – ဂီတပဒေသာကပွဲအတွက် ဂီတစာဆို မောင်ကြေးမုံ ရေးပြီး၊ ဂီတလုင်မောင်ကိုကို အသံသွင်းပေးခဲ့တဲ့ ရွှေတိုင်ညွှန့်ရဲ့ မိဘမေတ္တာပြ  သီချင်းပုဒ်တချို့ကို အခြေခံထားတဲ့ မိနစ် ၂၀ စာ တေးသရုပ်ဖေါ်ဖြစ်ပါတယ်။  ‘မြခြူသံ’ဇါတ်ကါးမှာကျတော့ ဒါလောက် ရှည်လို့မှမရကိုး၊ အဓိကကျတဲ့ အပိုဒ်တွေကိုသာ ယူပြီး၊ မြခြူသံရှေ့နိဒါန်းပိုဒ်ကို သူကိုယ်တိုင် ဖန်တီးရေးဖွဲ့ခဲ့တာ ဒီလိုပါရှင်။

(မြခြူသံ မှ)
မြခြူသံ … နှိုင်းစံပုံပြု နုလေသော … သံစဉ်ခွန်နှစ်လီ … ရင်မှဖြစ်သော သွေးနဲ့အရင်းတည်၊ ရင်သွေးရတနာ မာလာပန်းဝတ်ရည်၊ ရယ်သည် ငိုသည်၊ တီတာခွန်းချို စကါးဆိုသံ မပီတပီ၊ တအားငိုသံ တကျီကျီ၊ ဘယ်လိုပင်ဖြစ်ပေစီ၊ အပြစ်တွေမသိ၊ ချစ်နေမည်၊ တလောကလုံး ရှိသမျှ အမိအဖ စိတ်ဝမ်းငြိမ်းချမ်းသာယာကြည်၊ ဘ၀င်မှာသိမ့်သိမ့်၊ ရွှင်ကါငြိမ့်ငြိမ့်၊ တသိမ့်သိမ့်တုန် လှိုင်းဂယက်ခုန်သည်၊ သာယာအေးမြ တေးအလှပမာညီ၊ မြခြူသံရောင်ပြန် … မြူးကွန့်ချီ xxx


ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

စာစီစာရိုက် လုပ်အားပေး- မျိုးဇော်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts