ပေးဆပ်သူတဦးရဲ့ ထာဝရအနုပညာ
နာရေးကူညီမှုအသင်း (ရန်ကုန်)၊ ကျော်သူ နဲ့ မေးခွန်းများ အပိုင်း ၁
မိုးမခ၊ အောက်တိုဘာ ၁၃၊ ၂၀၁၂
အောက်တိုဘာလ ၈ ရက်၊ ညနေခင်းမှာ နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ ဦးဆောင်သူတဦးဖြစ်တဲ့ ရုပ်ရှင်အနုပညာရှင် ကိုကျော်သူနဲ့ မိုးမခမီဒီယာတို့ ပထမဦးဆုံးအကြိမ် တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ဆန်ဖရန်ဘေးဧရိယာရဲ့ မြို့တော်တခုဖြစ်တဲ့ ဒဗ္ဗလင်မြို့ကို ကိုကျော်သူ ခေတ္တရောက်ရှိခိုက်မှာ သွားရောက်တွေ့ဆုံခွင့် ရခဲ့ပါတယ်။
ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြန်မာကွန်မြူနီတီရဲ့ လူမှုရေး အလှူဒါနဆောင်ရွက်မှုတွေနဲ့ နှစ်ပေါင်းများစွာ ရင်းနှီးကျွမ်းဝင်ပြီးသူ ကိုကျော်သူနဲ့ တွေ့ဆုံရချိန်မှာ ပထမဦးဆုံး အမှတ်တရပြောဖြစ်တာကတော့ ၂၀၁၀ ဇွန်လတုန်းက ပဲခူးဒေသ ရေရှားပါးဘေးဒဏ်သင့်ချိန်မှာ ဘေးဧရိယာမြန်မာမိသားစုများက ရန်ပုံငွေပွဲပြုလုပ်ပြီး အလှူငွေရှာခဲ့ကြတဲ့အကြောင်းဖြစ်ပါတယ်။
အဲသည်တုန်းက ကိုကျော်သူ၊ မရွှေဇီးကွက်၊ ဒေါ်သန်းမြင့်အောင်တို့ ဆောင်ရွက်နေတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်)ကနေတဆင့် ထိုဘေးသင့်ဒေသကို လှူဒါန်းကြမယ်ဖြစ်ကြောင်း ကိုကျော်သူ့ထံ ခွင့်တောင်းခဲ့ကြတယ်။ ကိုကျော်သူတို့ဖက်ကလည်း ထိုအချိန်က အကန့်အသတ်ရှိနေတဲ့ အခြေအနေတွေကြားထဲက စဉ်းစားပြီး ခွင့်ပြုခဲ့တယ်။ အဲသည်တုန်းက ပဲခူးရေရှားပါးမှုအရေးပေါ် ကူညီမှု ရန်ပုံငွေအလှူပွဲကို ဆန်ဖရန်ဘေးဧရိယာ မြန်မာမိသားစုများ ပျော်ရွှင်တက်ကြွစွာ ဆောင်ရွက်ခဲ့ကြပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)မှ တဆင့် ပေးပို့လှူဒါန်းနိုင်ခဲ့ကြပါတယ်။ အဲသည်နောက်မှာတော့ဖြင့် မြန်မာပြည်ရဲ့ အရေးကိစ္စ လိုအပ်ချက်များ၊ နာရေးကူညီမှုကစလို့ ကိုကျော်သူတို့ရဲ့ လူမှုရေးအသင်းကနေ ပေးပို့လှူဒါန်းမှုတွေ ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။
နောက်ဆုံး ရန်ပုံငွေပွဲတခုဖြစ်တဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည်တိုင်းရင်းသားများ အရေးပေါ်ကူညီရေး အလှူများကိုလည်း နာရေးကူညီမှုအသင်း (ရန်ကုန်)ကနေ တဆင့် လှူဒါန်းနိုင်ခဲ့တဲ့ အကြောင်း၊ ဘေးဧရိယာရောက် မြန်မာတိုင်းရင်းသားများနဲ့ ကိုကျော်သူတို့ရဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) တို့ဆိုတာဟာ မိသားစု၊ ညီအကို မောင်နှမများသဖွယ် ရင်းနှီးချစ်ခင်မှု တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း အမှတ်တရ စကားလက်ဆုံ ပြောဖြစ်ခဲ့ကြပါတယ်။
ပြောဆိုဖြစ်ခဲ့ကြတဲ့ အထဲက ကောက်နုတ်တင်ပြရမယ် ဆိုရင် …
မေး။ ။ အခုလက်ရှိမှာ အကိုတို့အသင်းက နာရေးကူညီမှုတခုတင် မဟုတ်တော့ဘူးလို့ ပြောရမယ် ထင်တယ်။
ဖြေ။ ။ သဘာဝဘေး၊ စစ်ဘေးဒုက္ခသည်အရေးတွေပါ ကူညီအားပေးနိုင်ဖို့တွေ လုပ်နေရတယ်။ နောက်ပြီးတော့ ပညာရေးပေါ့။ အခု ခမ်းမကြီးတခု ဆောက်ပြီးပြီ၊ ကျနော်တို့ ၀င်းထဲမှာ ၂ ထပ်ကျောင်းဆောင်တခု ဆောက်တော့မယ်။ အင်္ဂလိပ်စာအပြင် ဘာသာပေါင်းစုံကို သင်ပေးနိုင်ဖို့ လုပ်နေကြပြီ။ ကျနော်ကသာ ဘွဲ့မရခဲ့တာ အခုကျနော်တို့ဆီမှာ ၀ိုင်းပြီး ဆောင်ရွက်ပေးနေသူ ဆရာ၊ ဆရာမတွေက ဘွဲ့ရ ပညာတတ်တွေ၊ အတွေ့အကြုံ ရှိတဲ့သူတွေ တတ်သိပညာရှင်တွေက လုပ်ပေးနေလို့ အခုလို ဖြစ်နေတာလို့ ပြောရမယ်။
မေး။ ။ အခုလိုမျိုး အသင်းကြီးက သက်တမ်း ၁၀စုနှစ် တခုကျော်ပြီ။ လုပ်စရာတွေ လုပ်နေတာတွေကလည်း အများကြီးပဲ။ အသင်းသားတွေ၊ လုပ်အားပေးတွေ၊ စေတနာရှင်တွေကလည်း တိုးတက် ပွားများလာနေတယ်။ ဒါဆိုရင် ဘယ်လို ပြုပြင် ပြောင်းလဲမှုတွေ၊ ချင့်ချိန်မှုတွေနဲ့ သွားနေတယ်လို့ ပြောရင် ရမလဲ။
ဖြေ။ ။ အားလုံးက volunteer တွေချည်းပဲ ဆိုရင်လည်း သူတို့ပေးဆပ်တဲ့ လုပ်အားတွေ၊ ခွန်အားတွေက ပြည့်ပြည့်၀၀ ရနိုင်ဖို့၊ ထိထိရောက်ရောက် အသုံးချနိုင်ဖို့ မဖြစ်နိုင်ဘူး။ အဲသည်တော့ ကျနော်တို့က ပြန်ချိန်တယ်။ ဥပမာ “ဘက” ကျောင်းတွေမှာ ဆရာ၊ ဆရာမတွေက လစာ ၂ သောင်းလောက်ရတယ်။ ဆရာတော်တွေက ကျောင်းတွေက စိုက်ထုတ်ပေးတယ်ဆိုရင် ကျနော်တို့က နောက်ထပ် ၂ သောင်း၊ ၃ သောင်း ဖြည့်ပေးလိုက်တယ်။ ဒါဆိုရင် ဆရာတွေ ဆရာမတွေအနေနဲ့ ရပ်တည်ရေးအတွက် သိပ်ပူစရာ မရှိတော့ဘူး။ ပိုပြီး အချိန်ပေးပြီး လုပ်အားပေးလာတယ်လေ။ အဲလိုသဘောပဲ၊ ပညာရှင်ပိုင်းကိုလည်း ကန်တော့တဲ့ အနေနဲ့ဖြစ်ဖြစ် လစာအနေနဲ့တော့ မဟုတ်ဘူးပေါ့။ သူတို့တွေ အချိန်တွေ၊ အလုပ်တွေ လာရောက်ပေးဆပ်နေတာကို ပြန်ပြီး တခုခုပေးချင်တယ်။ အဲလိုမျိုး လုပ်ရတော့မယ်။ ဒါတွေ လိုအပ်လာပြီ လို့ ပြောချင်တယ်။
မေး။ ။ ဒါဆိုရင် လုပ်အားပေးချင်တဲ့ ပညာရှင်တွေ ရှိနေပြီ။ အားပေးကူညီချင်သူတွေ အဖွဲ့အစည်းတွေလည်း ရှိနေပြီ။ ဒါဆိုရင် ဘာတွေကို သတိပြုရမလဲ။ အခက်အခဲတွေ ဘာတွေ ရှိနိုင်သလဲ။ သူတို့တွေမှာကော အခြား အခက်အခဲတွေ၊ ကန့်သတ်ချက်တွေ ရှိတာကို တွေ့နေရသလဲ။
ဖြေ။ ။ နိုင်ငံတော်က နည်းနည်း ပွင့်လင်းလာပြီ။ ပြည်တွင်းမှာ အင်န်ဂျီအိုအဖွဲ့တွေကလည်း အများကြီးပဲ။ ရည်ရွယ်ချက်ကလည်း မျိုးစုံရှိတာကို တွေ့နေရတယ်။ ကိုယ်ကျိုးလုပ်တာပါတယ်။ နံမယ်ကြီးချင်လို့ လုပ်တာပါတယ်။ တကယ်ကို ကူညီချင်လို့ လုပ်တာလည်း ရှိတယ်။ စီးပွားရှာချင်တဲ့ အဖွဲ့တွေလည်း ပါတယ်။ ဒီလိုမျိုး အဖွဲ့တွေကို ပြည်ပကနေထောက်ပံ့ပြီ၊ Proposal တွေနဲ့ တောင်းလာကြပြီ ဆိုတဲ့အခါမှာ တကယ်တန်း အလုပ်လုပ်နေတဲ့ အဖွဲ့တွေလက်ထဲကို ရောက်ရှိသွားဖို့ လိုအပ်တယ်ဆိုတာကို ပြောချင်တယ်။ ပြည်သူလူထုအတွက် ထိရောက်မယ်လို့ ပြောချင်တယ်။ အဲသည်အတွက်လည်း အားလုံးက ၀ိုင်းဝန်းစောင့်ကြည်ကြဖို့ လိုပါတယ်။
နောက် ကူညီချင်တဲ့ ပညာရှင်တွေပေါ့လေ။ မျက်စိဆေးခန်းဆိုရင် ကျနော်တို့ဆီမှာ ၂ နှစ် ရှိသွားပြီ။ ခွဲစိတ်ခွင့် မပြုဘူး။ မျက်စိကုဆရာဝန်ကြီးတွေ ရှိတယ်။ ခွဲခန်းလည်း ရှိပြီ၊ လူနာတွေလည်း ရှိပြီ။ အဲဒါကို ခုထိခွင့်မပြုသေးဘူး။ အဲသည်တော့ တိုင်းပြည်အပြောင်းအလဲလုပ်တယ် ဆိုတာ ဘာလဲ။ အဲဒါကို ကျနော် မေးချင်တယ်။ မြို့နယ် ကျန်းမာရေးကလည်း စစ်ပြီးပြီ၊ တိုင်းကျန်းမာရေးကလည်း စစ်ပြီးပြီ။ အဲဒါကို ဗဟိုက အတည်မပြုပေးသေးလို့တဲ့။ ဗဟိုက နေပြည်တော်က၊ မန္တလေးက ဆိုလား ဆရာဝန်ကြီး ၃ ယောက်တဲ့ သူတို့ အားတဲ့ရက်မှ လာကြည့်မယ်တဲ့။ အဲဒါ သူတို့တွေ မဆုံကြသေးလို့ တဲ့။ အခု ဗဟိုက ချမပေးတာ ၄၊ ၅၊ ၆ လ ရှိသွားပြီ။ အဲသည်အတွက် မျက်စိဝေဒနာသည် လူနာတွေမှာ အများကြီး နစ်နာနေတာတွေ ရှိတယ်။
မေး။ ။ အင်း နောက်တခုကတော့ ကိုယ်ထူကိုယ်ထ လှုပ်ရှားမှုတွေအနေနဲ့ပေါ့၊ ဥပမာ ဆန်ဖရန်ဘေးဧရိယာမှာ ဆိုရင် ကလေးစာအုပ်တွေ အလှူခံပြီး မြန်မာပြည်ကို ပို့တဲ့ လှုပ်ရှားမှုလိုမျိုး ရှိတယ်။ အကိုတို့ သုခအလင်းစာကြည့်တိုက်ကို လှူကြတယ်၊ နောက်ပြီးတော့ အမေ့အိမ်စာသင်ခန်းတွေ၊ ရပ်ကွက် မြို့နယ်တွေထဲက လူငယ်တွေရဲ့ ကိုယ်ထူကိုယ်ထ စာဖတ်အသင်းတွေကို လှူကြတာမျိုးတွေ ရှိတယ်။ နောက်ပြီးတော့ သူတို့လိုမျိုး ဆယ်ကျော်သက်တွေ၊ လူငယ်တွေကနေပြီးတော့ အဲသလို လှုပ်ရှားမှုတွေကနေ မြန်မာပြည်ကို အမေရိကန်ရဲ့ နွေရာသီကျောင်းပိတ်ရက်တွေမှာ ပြန်လာမယ်။ ကိုယ်တိုင် လုပ်အားပေးမယ်၊ စာသင်တာတွေ၊ စာကူဖတ်တာတွေ လုပ်လာကြမယ်။ တလောကတော့ ဖရီးမောင့်မေတ္တာနန္ဒကျောင်းက ဆရာတော်ဦးဓမ္မပီယရဲ့ ဘကကျောင်းမှာ စာသွားသင်ကြတဲ့ သားအဖတွေအကြောင်း မိုးမခမှာ တင်ဖြစ်တယ်။ အကိုတို့နဲ့လည်း တွေ့ဖြစ်တယ် အဲသည်တုန်းကလေ။ အဲသည်လို ကိုယ်ထူကိုယ်ထ လူငယ်တွေရဲ့ လှုပ်ရှားမှုတွေနဲ့ ဘယ်လိုမျိုး ချိတ်ဆက်မလဲ။
ဖြေ။ ။ အဲသည်မှာ တခုရှိတာက မြန်မာနွေရာသီကျောင်းပိတ်ရက်နဲ့ အမေရိကန်နွေရာသီ ကျောင်းပိတ်ရက် မတူဘူး ဆိုတာ ပြောချင်တယ်။ ကျနော်တို့ နွေရာသီဆိုတာက မတ်၊ ဧပြီ၊ မေပေါ့။ အဲသည်မှာ ကျနော်တို့ဆီမှာ နွေရာသီ သင်တန်းတွေ ရှိတယ်။ ဒီက နွေရာသီဆိုတာက ဇွန်၊ ဇူလိုင် ဆိုတော့ ဟိုမှာက ကျောင်းတွေ ပြန်ဖွင့်တဲ့ မိုးရာသီဖြစ်ပြီ။ အဲသည်တော့ ခုနင်ကလို ကလေးတွေက အပြင်သင်တန်းတွေ တက်နိုင်တော့မှာ မဟုတ်ဘူး။ ကျောင်းစာရှိမယ်၊ အချိန်ပိုသင်တန်းတွေ၊ ကျုရှင်တွေ တက်ရတော့မယ် ဆိုတာကို သိထားစေချင်တယ်။ အဲလိုမျိုး လူငယ်တွေ လာချင်တယ်ဆိုရင်တော့ ကျနော်တို့က နွေရာသီကတည်းက ကြေညာပေးထားပြီးတော့ ကလေးတွေကို စုပေးထားတာမျိုးတော့ လုပ်ပေးနိုင်မယ်။ အများကြီးတော့ လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ပြည်ပကမြန်မာလူငယ်တွေက မြန်မာပြည်နဲ့ အဆက်အစပ်ရှိဖို့ လှုပ်ရှားမှုတခုအနေနဲ့ဆိုရင်တော့ သူတို့ ကျောင်းအားရက်မှာ ပြန်လာပြီးတော့ လာကူတာမျိုး လုပ်နိုင်တယ်။ စာကြည့်တိုက်မှာ ကူမယ်။ ကွန်ပျူတာသင်တန်းတွေမှာ ကူမယ်။ လူငယ်စကားဝိုင်းတွေ လုပ်ပေးမယ်။ သူတို့တွေက ဒီကလူငယ်တွေနဲ့ စကားပြောကြမယ်၊ အတွေ့အကြုံဖလှယ်ကြမယ် ဒါမျိုးတွေ လုပ်ကြတာမျိုးတော့ ဖြစ်နိုင်မယ် ထင်တယ်။
မေး။ ။ အကိုတို့ဆီက နွေရာသီ ပြင်ပသင်တန်းတွေအကြောင်းနဲ့ အဲသည်က ကလေးအင်အားဘယ်လောက်ရှိလဲ ပြောပြပါဦး။
ဖြေ။ ။ ကလေးတွေက အဲသည်နွေရာသီသင်တန်းကာလမှာဆိုရင် ဦးရေ ၆၀၀ လောက် ရှိတယ်။ မတ်၊ ဧပြီ၊ မေ မှာ ရှိတယ်။ ၃ တန်းကနေ ၈တန်း ၉ တန်းအထိပေါ့။ အသက်အရွယ်အပိုင်းအခြားက။ ရန်ကုန်တိုင်းတခုလုံးက ကလေးတွေ လာကြတယ်။ ကလေးတွေကို ပညာရေးအဆင့်သိရအောင် ရေးဖြေ ဖြေခိုင်းတယ်။ သူတို့ အဆင့်အတန်းလိုက် အတန်းလေးတွေ ခွဲပေးလိုက်တယ်။ အစတုန်းက ဆိုရင် ကျနော်တို့တွေရဲ့ သင်တန်းသားတွေက ချို့ချို့ငဲ့ငဲ့ကလေးတွေများတယ်။ မိဘတွေက ခြေကျင်၊ ဘတ်စကား၊ ဆိုက်ကားနဲ့ လာပို့ကြတာ များတယ်။ အခုတော့ ကျနော်တို့ နာရေးကူညီမှုရဲ့ နွေရာသီကျောင်းကို လာပို့တဲ့သူတွေထဲမှာ ကားနဲ့၊ တက္ကစီနဲ့ လာပို့ကြတဲ့ သူတွေတောင် ရှိလာပြီဆိုတော့ ကျယ်ပြန့်မှုရှိတယ်၊ စိတ်ဝင်စားမှုရှိတယ်လို့ ပြောရမယ် ထင်တယ်။ အဲသည် နွေရာသီသင်တန်းတွေမှာ ၁၀တန်းအောင်ပြီးသား လူငယ်တွေက လုပ်အားလာပေးတယ်၊ စာကြည့်တိုက်တို့ ကင်တီးန်းတို့မှာ လုပ်အားလာပေးတဲ့ လူငယ်တွေ ရှိတယ်။ ခုနကလိုမျိုးပေါ့ မြန်မာပြည်လူမှုပတ်ဝန်းကျင်နဲ့ ဆက်စပ်မှုရှိအောင် လာပြီး လုပ်အားပေးကြမယ်ဆိုရင် ကျနော်တို့ကတော့ ကြိုဆိုပါတယ်။ ကျနော်တို့ သွားနေတဲ့ နာရေးလမ်းကြောင်းတွေကိုလည်း အတွေ့အကြုံရအောင် ထည့်ပေးလိုက်နိုင်တယ်။ အဲသည် လူငယ်တွေဟာ သူတို့ကိုယ်ပိုင် အတွေ့အကြုံတွေနဲ့ ဆက်စပ်ပြီး သူတို့လျောက်စရာ လမ်းတွေ တွေ့သွားကြလိမ့်မယ်၊ ဖော်ဆောင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
မေး။ ။ ဟုတ်ကဲ့ပါ။ လက်ရှိမှာ အမေရိကန်ပြည်ကို ၂ ကြိမ်ဆက်တိုက် ရောက်ရှိခဲ့ပြီ ဆိုတော့ ဒီမှာရှိနေတဲ့ မြန်မာမိသားစုအသိုင်းအ၀ိုင်းတွေရဲ့ မြင်ကွင်းကိုလည်း အကို့အနေနဲ့ မြင်တွေ့ သိရှိသလောက်တော့ သိသွားပြီပေါ့နော်။ ဘယ်လိုနေသလဲဗျာ။ တိုင်းပြည်အရေး၊ လူမှုရေး၊ သာရေး၊ နာရေး ထက်သန်အားထုတ်နေကြတယ် ဆိုသော်လည်း တခြား ဘာတွေ တွေ့သလဲ။
ဖြေ။ ။ ပြောရရင်တော့ပေါ့ဗျာ … အယင်တခေါက်လာတုန်းက အက်ကြောင်းတွေ တွေ့ခဲ့တာ အခုတခေါက်လာတော့ ဟက်တက်တွေကွဲကုန်ကြတယ်ပေါ့ဗျာ။ ဒါပေမယ့်လည်း ဒီဟာတွေက ပြီးသွားမှာပါ။ အချင်းချင်းဖြစ်တဲ့ကိစ္စတွေဆိုတာမှာ အဓိက ကျနော်ပြောချင်တာကတော့ အတ္တဖြုတ်ကြဖို့ပါပဲ။ အားလုံးအတွက်လုပ်တာ၊ ငါတို့နိုင်ငံအတွက် လုပ်တာဆိုတာမျိုး သဘောထားစေချင်တယ်။ အခုဟာက နေရာလိုချင်တဲ့သူများနေတယ်။ ပြီးတော့ ဟိုဖက်ဒီဖက် အကုန်လျောက်လိုက်လုပ်နေတာတွေလည်း တွေ့နေရတယ်။ ဒေါ်စုလာတယ်ဆိုတော့ ဒေါ်စုနဲ့လည်း တွေ့တယ်။ အစိုးရဖက်က ၀န်ကြီးဦးစိုးသိန်းတို့နဲ့လည်း တွေ့ကြ။ ဒါမျိုးတွေ ဖြစ်နေတာတွေ တွေ့ရတယ်။ ဒေါ်စုပြောသလိုပေါ့လေ၊ အင်အားကြီးတဲ့သူတွေကို မပံ့ပိုးပါနဲ့ ဆိုတာမျိုးပေါ့ဗျာ။
မေး။ ။ ဒါက မြန်မာပြည်ပမှာမို့လို့ ဖြစ်နေတယ်။ မြန်မာပြည်တွင်းမှာကော အဲသလိုမျိုး မဖြစ်ဘူးလို့ ပြောလို့ရမလား။ မြန်မာတွေက ဘယ်နေရာပဲရောက်ရောက် အားလုံး အတူတူပဲ မဟုတ်ဘူးလား။
ဖြေ။ ။ ဘယ်နေရာပဲရောက်ရောက် ဒါကတော့ အတူတူပါပဲ။ ပြည်ပက လူတွေနဲ့ ပတ်သက်ပြီး ကျနော် မြင်တာပြောရရင် ပြည်ပကလူတွေက သူဋ္ဌေးတွေမဟုတ်ဘူး။ တနေ့လုပ်မှ တနေ့စားပြီး ရုန်းကန်နေကြသူတွေချည်းပါပဲ။ ပြည်ပကလူတွေကိုယ်တိုင်မှာ လှူနိုင် တန်းနိုင်ဖို့ ပင်ပင်ပန်းပန်း လုပ်ကိုင် ရှာဖွေပြီး လှူကြ၊ တန်းကြတာကို တွေ့ရတယ်။ ဒီမှာ ဘာကောင်းသလဲ ဆိုတော့ စည်းကမ်းစနစ်က ပိုကောင်းတယ်။ စည်းကမ်းနဲ့ စနစ်တွေက ထိန်းသိမ်းထားတယ်။ ပြည်တွင်းမှာကျတော့ တချို့နေရာတွေမှာ ရေသာခိုလို့ ရတာမျိုးတွေ ရှိတယ်။ အိမ်ဖော်တွေ၊ ဒလ၀မ်တွေ၊ မာလီတွေ ဘယ်နှစ်ယောက်ထားချင်သလဲ။ ထားပြီး နေလို့ရတာမျိုးတွေ ရှိတယ်။ ဒါကြောင့်မို့လို့ ပြည်တွင်းကနေပြီးတော့တချို့က ပြည်ပကလူတွေ ဘာဖြစ်တယ်၊ ဘာညာပြောဆိုချင်တာမျိုးတွေ ရှိတယ်။ သူတို့တွေကို ဒါတွေကို သိစေချင်တယ်။
မေး။ ။ ကောင်းပြီ။ ကျနော်တို့တတွေက အများအကျိုးဆိုပြီး လုပ်ကြတဲ့နေရာမှာ တဦးချင်းပဲ လုပ်လုပ်၊ အစုအဖွဲ့နဲ့ပဲ လုပ်လုပ် အကွဲအပြဲတွေ၊ အငြင်းအခုံတွေ ရင်ဆိုင်ကြရတယ်။ နာရေးကူညီမှုအသင်းကြီးဆိုရင် ၁၃ နှစ် ရှိပြီ၊ ပင်မလုပ်ငန်းတွေ စည်ပင်သလို၊ မြို့နယ်တွေ၊ လုပ်ငန်းခွဲတွေ၊ မဟာမိတ်တွေ၊ ကွန်ယက်တွေနဲ့ ကျယ်ပြန့်မှုတွေ ရှိနေပြီ ဖြစ်တယ်။ အဲသည်လို အခက်အခဲတွေ အကွဲအပြဲတွေ အငြင်းအခုံတွေကို အကိုတို့က ဘယ်လိုလုပ်ပြီး ရင်ဆိုင် ဖြတ်သန်း ကျော်လွှားသလဲ။
ဖြေ။ ။ ကျနော်တို့ ခံယူချက်နဲ့ ဦးတည်ချက်ကို မပျက်ဘူးပေါ့။ နာရေးကူညီမှု ဆိုတာရဲ့ ခံယူချက်ကို အမြဲပဲ ဆုပ်ကိုင်ထားတယ်။ ကျနော်တို့ဆီက အသင်းသားတွေ၊ လူငယ်တွေကလည်း ဒါကို ဖျက်မပစ်ဘူး။ အဲဒါနဲ့ပဲ ရပ်တည်နိုင်ခဲ့တယ်လို့ ဆိုရမယ်။ ဒီကြားထဲမှာလည်း အုပ်စုကွဲတာမျိုးတွေ ရှိတယ်၊ ၂ ခါ ရှိခဲ့ပြီ။ ဒါပေမယ့် ကျနော်တို့ရဲ့ အခြေခံက နာရေးကူညီမှုပဲ။ နာရေးကို ကူဖို့ပဲလေ။ ကာယကံရှင်တွေ ကျေနပ်အောင် ကျနော်တို့က ပေးဆပ်တယ်။ ကျနော်တို့မှာက လုစရာဆိုလို့ မသာပဲ ရှိတယ်။ မသာလုပွဲတွေလည်း ကျင်းပနေစရာမလိုဘူးလေ။
မေး။ ။ အင်း … ဒါပေမယ့် လုတဲ့သူတွေက လုခဲ့ကြတာပဲ မဟုတ်လား။ အကိုတို့လို လုပ်ငန်းမျိုး လုပ်မယ်ဆိုပြီး လုပ်တဲ့ အာဏာပိုင်အဖွဲ့အစည်းတွေ ရှိခဲ့ဖူးတယ်လေ။ တားဆီးပိတ်ပင်တာတွေ လုပ်ခဲ့တာတွေ ရှိခဲ့တယ်လေ။
ဖြေ။ ။ ကျနော်တို့က ကျနော်တို့ ခံယူချက်နဲ့ ဦးတည်ချက်ကို မစွန့်လွှတ်ခဲ့ဘူး။ အခု လုခဲ့တဲ့သူတွေ ဘာဖြစ်သွားလဲဆိုတာကို ပြန်ကြည့်လေ။ နောက်တခုပြောချင်တာကတော့ မင်းတို့က နာရေးကူညီမှုမို့လို့ တခြားအလုပ်တွေနဲ့ မတူဘူးလို့ ပြောချင် ပြောမယ်။ စောဒကတက်ချင် တက်နိုင်တယ်။
မေး။ ။ ဟုတ်တာပေါ့။ သို့သော် အကိုတို့ဆီမှာက နာရေးကူညီမှုအပြင် အခြား ပညာရေးတွေ၊ ကျန်းမာရေးတွေ ပရဟိတကူညီမှုလုပ်ငန်းတွေလည်း ရှိနေ လုပ်ကိုင်နေတာတွေလည်း ရှိနေပြီပဲ။ ဒီအလုပ်တွေမှာလည်း အကိုတို့က အဆက်မပြတ် လုပ်နေရတာပဲ။
ဖြေ။ ။ ဟုတ်ပါတယ်။ အဲသည်မှာ ကျနော်တို့အနေနဲ့ အခြားသော ကျန်းမာရေး၊ ပညာရေး၊ ပရဟိတလုပ်ငန်းတွေ၊ အသင်းအဖွဲ့တွေနဲ့ လက်တွဲပြီး လုပ်ကိုင်ကြတာတွေ ရှိတယ်။ ရိုင်းပင်းကူညီကြတာတွေ ရှိတယ်။ တယောက်နဲ့ တယောက်လည်း ဘာမှ ပုတ်ခတ်နေစရာမလိုဘူး။ သံသယရှင်းရှင်းနဲ့ လုပ်ကြရတာ ဖြစ်တယ်။
မေး။ ။ သံသယရှင်းရှင်းနဲ့ လုပ်တယ်ဆိုတော့ အကိုတို့ နာရေးကူညီမှုအသင်းက ဘယ်လို ထင်သာ မြင်သာရှိမှုမျိုးတွေနဲ့ အလုပ်လုပ်နေတယ်လို့ ပြောရင်ရမလဲ။
ဖြေ။ ။ ကျနော်တို့ အသင်းကြီးမှာ အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာမှာ အလှူငွေတွေ ကျဆင်းမှု ရှိ၊ မရှိနဲ့ တိုင်းတာလို့ရတယ်။ အလှူငွေတွေ ကျတယ်ဆိုတာ ၂ ခု ပြောလို့ ရတယ်။ တခုက အသင်းကြီးကို လုပ်နေတဲ့သူတွေအပေါ် လူတွေက မယုံကြည်တော့ရင် အလှူငွေတွေ ကျဆင်းမယ်။ နောက်တခုက တိုင်းပြည်က ဒီထက်ပိုပြီး ဆင်းရဲမွဲတေလာမယ်ဆိုရင် အလှူရှင်တွေ ရှားပါးပြီးတော့ အလှူငွေတွေ ကျဆင်းမယ်။ ဒါပဲ။ ကျနော်တို့က ငွေစာရင်းရှင်းတမ်းဆိုရင် လစဉ်ကို မြို့နယ်ကော၊ တိုင်းကိုကောပါ စာရင်းတင်ပေးတယ်။
အရင်တခေါက်တုန်းက ကျနော်တို့ အတိုင်ခံရတယ်၊ ဥက္ကဋ္ဌက ကျော်သူ၊ ဘဏ္ဍာရေးမှုးက ရွှေဇီးကွက်၊ သူ့မိန်းမ၊ သည်တော့ သူတို့တွေက အလှူငွေတွေကို လုပ်ချင်တိုင်း လုပ်နေတယ်ဆိုပြီးတော့ တိုင်တယ်။ တိုင်းဒေသကြီးက လာစစ်တယ်။ ၄၊ ၅၊ ၆ ရက် နေ့ည လာစစ်တယ်။ ပြီးတော့ အဲသည်တုန်းက ဗိုလ်ချုပ်မြင့်ဆွေက ညွှန်ကြားချက်ထုတ်တယ်။ နောင်ဆိုရင်တဲ့ မှတ်ပုံတင်ထားတဲ့ အသင်းအဖွဲ့တွေက နာရေးကူညီမှုအသင်းရဲ့ ကျင်ထုံးတွေ စည်းကမ်းတွေ၊ စာရင်းဇယားတွေကို နမူနာယူပြီး လုပ်ကြဆိုပြီး ပြောတယ်။
ကျနော်တို့ကတော့ ကိုယ့်သီလကို ယုံတဲ့အတွက် လုပ်ရဲတယ်လို့ ပြောချင်တယ်။ နောက်ပြီး နာရေးအသင်းဆိုတာက ကုသိုလ်ကောင်းမှုလုပ်တာပဲလေ။ လုတာ ဘာညာလည်း မရှိပါဘူး။ လုတဲ့သူတွေလည်း သူဟာနဲ့သူ သွားတာပဲလေ။ နေရာလုတဲ့သူတွေကလည်း သူစာရိတ်နဲ့ သူ သွားတာပါပဲ။ ကျနော့်မှာ ကပ်စရာ ဗိုလ်ချုပ်တွေ ဘာတွေလည်း မရှိဘူးလေ။ ကျနော့်မှာ ဆိုစရာ သစ္စာပဲ ရှိတယ်။
(အပိုင်း ၂ နောက်ဆုံးပိုင်းကို ဆက်လက်ဖော်ပြပါမည်)
Photo – MoeMaKa, 8th Oct 2012, SF bay area