အောင်ဝေး ဖြစ်ရပ်များ၊ အမှတ်တရများ

မ ကြာ ခ င် စ စ် တ ပ် က အာ ဏာ သိ မ်းေ တာ့ မ ယ် (Aung Way)

24 Years Later

မ ကြာ ခ င် စ စ် တ ပ် က အာ ဏာ သိ မ်းေ တာ့ မ ယ်

အောင်ဝေး၊ စက်တင်ဘာ ၁၆၊ ၂၀၁၂

“အကျဉ်းထောင်ထဲမှာ

အလင်းရောင်ဟာ

ခြောက်ယွမ်ပဲတန်တယ်“ (ဟိုချီမင်း)

            မကြာခင် စစ်တပ်က အာဏာသိမ်းတော့မယ်။ ကျနော်က ဆရာမောင်စွမ်းရည် မြန်မာပြန်ခဲ့တဲ့ ဟိုချီမင်းရဲ့ “ အကျဉ်းထောင်က ပလွေသံ ” စာအုပ်ကလေးကို သတိရနေတယ်။ မူရင်းက Prison Diary ပါ။

”ငါ ဟာ

လမင်းကို မမြင်ရတာ

အနှစ်သုံးဆယ် ကြာပြီ“ (လူရွှန်း)

            မကြာခင် စစ်တပ်က အာဏာသိမ်းတော့မယ်။ ကျနော်က လူရွှန်းရဲ့  A Mad Man’s Diary ဆိုတဲ့၊“ အရူးတစ်ယောက်ရဲ့ ဒိုင်ယာရီ“ ကို အမှတ်ရနေတယ်။

            မကြာခင် စစ်တပ်က အာဏာသိမ်းတော့မယ်။ ကျနော်က ကျနော်လုပ်လက်စ စာစောင်ကလေးကို လက်စသတ်လိုက်တယ်။ စာစောင်နာမည်က “ Art of Struggle- တိုက်ပွဲအနုပညာ“ ။ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ လုပ်ထားတဲ့စာစောင်ကလေးပါ။

            ဒီစာစောင်ကလေးမှာ ဆရာဒဂုန်တာရာ၊ ဆရာမြသန်းတင့်၊ ဆရာမောင်သော်က၊ ဆရာမောင်မိုးသူ၊ ဦးဝင်းတင်၊ မြတ်လေး၊ ဦးဝင်းခက်…စတဲ့ ပုဂ္ဂိုလ်ကျော်တွေ ပါဝင်ရေးသားပေးထားကြပါတယ်။ သူတို့ မြန်မာလို ရေးသားပေးတဲ့ဟာတွေ အားလုံးကို၊ တစ်ယောက်တည်း ဒိုင်ခံ၊ အင်္ဂလိပ်ဘာသာပြန်ပေးတဲ့သူကတော့ ဆရာမောင်သာနိုးပါ။

            အဲဒီတုန်းက ကျနော်က အနော်ရထာလမ်းနဲ့ ဆူးလေဘုရားလမ်းထောင့်က “ဗဟို“ တည်းခိုခန်းမှာ အခန်းတစ်ခန်းယူပြီးနေနေတာပါ။ ဆရာဦးသာနိုးက အနော်ရထာနဲ့ ၃၃လမ်းထောင့်၊ “ရွှေကြည်အေး“ လက်ဖက်ရည်ဆိုင်အပေါ်က သုံးထပ် လေးထပ်မှာ နေတာဆိုတော့၊ မနက်မိုးလင်းရင် ကျနော်က ဆရာနိုးကို ရွှေကြည်အေးက ထိုင်စောင့်ရတယ်။ မနက်(၈)နာရီလောက်ဆိုရင် ဆရာ ဆင်းလာပြီ။ သူ ဘာသာပြန်ပြီးသွားတဲ့ဟာတွေကို၊ ကျနော့်ကိုပေးတယ်။ ကျနော်ယူလာတဲ့ နောက်ထပ်ဘာသာပြန်ရမယ့်ဟာတွေကို၊ ကျနော်က ဆရာနိုးလက်ထဲထည့်လိုက်တယ်။ လက်ဖက်ရည်သောက်၊ လိုအပ်တဲ့စကားနည်းနည်းပါးပါးပြော၊ လူရိပ်လူခြည်ကြည့်ပြီး၊ ကျနော်တို့ ဆရာတပည့် လမ်းခွဲလိုက်ကြ။ မြေအောက်လုပ်ဟန် တစိတ်တဒေသ။

            နေ့ ခင်းနေရောင်တောက်ပြီဆိုရင်၊ ဒီ ရွှေကြည်အေးဆိုင်ရှေ့ ၊ ခရေပင်ရိပ်မှာ၊ ကျနော်တို့ မြန်မာနိုင်ငံ ကဗျာဆရာများအဖွဲ့ လူစုံတက်စုံရောက်ရှိလာကြပြီ။ ၃၃လမ်းဟာ ကျနော်တို့ မြန်မာနိုင်ငံကဗျာဆရာများအဖွဲ့  ရဲ့ သပိတ်စခန်းဆိုပါတော့။ ဌာနချုပ်ဆိုပါတော့။

            နေ့ စဉ် သမုဒ္ဒရာဒီရေလှိုင်းလို တရိပ်ရိပ်တက်လာနေတဲ့ ရန်ကုန်မြို့ က လူထုဆန္ဒပြပွဲတွေမှာ၊ ကျနော်က နှစ်နေရာမှာ ပါဝင်လှုပ်ရှားနေခဲ့တယ်။ မောင်စိမ်းနီတို့ ၊ မြမြင့်မိုရ်တို့ ရဲ့ “မြန်မာနိုင်ငံ ကဗျာဆရာများအဖွဲ့ “ ဗဟိုမှာလည်း ကျနော်ပါတယ်။ ဆရာမောင်သော်ကတို့ ၊ ဆရာဦးဝင်းတင်တို့ ဖွဲ့ စည်းတဲ့ “စာနယ်ဇင်းသမဂ္ဂ“ ဗဟိုမှာလည်း ကျနော်ပါတယ်။

            သြဂုတ်လရဲ့ မိုးရေစက်တွေက ကျနော်တို့ မျက်နှာတွေကို လာမှန်တယ်။ သွေးနဲ့ မျက်ရည် ရောနေတယ်။အဲဒီအချိန်က အကြီးတကာ့ အကြီးကျယ်ဆုံး လူထုအစည်းအဝေးပွဲကြီး နှစ်ခုကို ကျနော် ဖြတ်သန်းခဲ့ရပြီ။ တစ်ခုက သြဂုတ်လ(၂၆)ရက်၊ ရွှေတိဂုံအနောက်မုခ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့  လူထုစည်းဝေးပွဲ။ နောက်တစ်ခုက သြဂုတ်လ(၂၈)ရက်၊ ရန်ကုန်တက္ကသိုလ် ဆဲဗင်းဂျူလိုင်ရင်ပြင်နီ မှာကျင်းပတဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်( ဗကသများအဖွဲ့ ချုပ် ) ABSFU  ပြန်လည်ဖွဲ့ စည်းတဲ့လူထုစည်းဝေးပွဲ။

            ကျနော်တို့ တွေ ရင်ခုန်သံမြန်နေခဲ့တယ်။ မင်းကိုနိုင်၊ မိုးသီးဇွန်၊ ကိုကိုကြီး စတဲ့ ကျောင်းသား ခေါင်းဆောင်တွေ တိုက်ပွဲကို ရှေ့ ကဦးဆောင်နေတယ်။ ကျောင်းသားတွေနောက်မှာ လူထုက တစ်ခဲနက် လိုက်ပါနေတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း လူထုတိုက်ပွဲထဲရောက်လာပြီ။

            လူတကာက လမ်းပေါ်ထွက် တိုက်ပွဲဝင်နေကြချိန်။ ဦးနေ၀င်း ပြုတ်သွားပြီ။ နောက်တက်လာတဲ့ ဦးစိန်လွင်လည်း မကြာဘူး၊ ထပ်ပြုတ်သွားပြန်ပြီ။ တိုက်ပွဲက မပြီးသေးဘူး။ ဒေါက်တာမောင်မောင် ထပ်တက်လာပြန်တယ်။ သူက ဆန္ဒပြနေတဲ့လူထုကြီးကို ပျားရည်နဲ့ ဝမ်းချဖို့ ကြိုးစားနေတယ်။

            အားလုံးက ရဲရဲတောက် တိုက်ပွဲဝင်နေကြတာ။ ကျနော်က ကဗျာဆရာ။ ကဗျာပဲ လုပ်တတ်တယ်။ ဒီတော့ အရေးတော်ပုံကြီးအတွင်းမှာ ကျနော် ကဗျာစာစောင်တွေလုပ်တယ်။ ပထမဆုံးလုပ်တဲ့စာစောင်က “ဗမာတစ်ပြည်လုံးနီ“ ဆိုတဲ့ ကဗျာစာအုပ်ကလေးပါ။ ဒီစာအုပ်ကို အရေးတော်ပုံကြီးအရှိန်တက်နေတုန်းမှာ ဖြန့် ချိနိုင်ခဲ့တယ်။ ဒီ “ဗမာတစ်ပြည်လုံးနီ“ စာအုပ်ကလေးထဲမှာ၊ အခု တရုတ်ပြည် ရွှေလီမှာရောက်နေတဲ့ ဆရာ ၀င်းတင့်ထွန်းတို့  တောင်၊ ပါဝင်ရေးသားပေးခဲ့ကြတာပါ။ (မနေ့ တစ်နေ့ က၊ ဖေ့စ်ဘုတ်ပေါ်မှာ၊ မန္တလေးက နိုင်ငံရေးအကျဉ်းသား ကဗျာဆရာ Nမင်းထက် တို့ အုပ်စု ပြန်ဖော်ထုတ်လို့ ၊ အဲဒီ စာအုပ်ကလေးထဲမှာ၊ ကျနော်ရေးခဲ့တဲ့ “မည်သို့ ပင်ဖြစ်စေ၊ ချစ်နေသေးသည်“ ဆိုတဲ့ကဗျာကို ပြန်တွေ့ လိုက်ရပါတယ်)

            မှတ်မှတ်ရရ၊ အဲဒီအရေးတော်ပုံ မုန်တိုင်းထန်တဲ့နေ့ ရက်တွေထဲမှာ ကျနော် အဓိက ကဗျာ(၃) ပုဒ်ရေးဖြစ်ခဲ့ပါတယ်။ တစ်ပုဒ်က “မည်သို့ ပင်ဖြစ်စေ၊ ချစ်နေသေးသည်“

“ဘယ်သူပြောလဲ

တစ်တောလုံး ကြွေ။

တဟုန်းဟုန်းနဲ့ 

တောဆုံးတောင်ဖျား၊ မီးတောက်ကြားမှာ

ဖျားနာခဲ့ပြီ၊ တို့ နှင်းဆီ။

အပူစီးကြောင်း

ချောင်းရေဆူပွက်၊ ညဥ့်နက်နက်ထဲ

တစ်စက်နှစ်စက်၊ သွေးစက်စက်လေ

အိပ်မက်မီးသင့်ခဲ့သလော။

ငါလာခဲ့ပြီ

ဤနေရာသို့ ၊ ငါငိုကြွေးရန်

ဒူးထောက်တောင်းပန်

အညံ့ခံဖို့ လာခြင်းမဟုတ်။

မနက်လင်းရင်

တောနင်းရှာဖွေ၊ တစ်နေရာ၌

ငါပွေ့ ပိုက်မည်

တိုက်ပွဲထဲက နှင်းဆီလေ။

ငါယုံကြည်သည်

နှင်းဆီတစ်ပင်၊ မီးလောင်ပြင်က

ရှင်ပြန်ထမြောက်၊ ငှက်တေးကောက်ချိန်

တောက်ပဝေဖူး၊ တို့ ခေတ်ဦးကို

ကူးယူနီမြန်း လွမ်းပေလိမ့်။

တို့ လွမ်းသဖြင့်

အပွင့်ကြွေစေ၊ မသေအမြစ်

ချစ်နေသေးသည်

မည်သို့ ပင်ဖြစ်စေ။

ကဲ… ဘယ်သူပြောလဲ

တစ်တောလုံးကြွေ“

            ဒုတိယတစ်ပုဒ်က “စစ်သားတွေက အမိန့် ကိုစားတယ်“ ဆိုတဲ့ကဗျာပါ။ ကျန်တဲ့တစ်ပုဒ်ကတော့ ကျနော် “ခင်နီနီဦး(စက်မှုတက္ကသိုလ်)“ ဆိုတဲ့ ကလောင်နာမည်ဝှက်နဲ့ ရေးခဲ့တဲ့ “ခင်းဗျားတို့ ကိုစိန်ခေါ်တယ်“ ဆိုတဲ့ကဗျာပါ။  (ဒီ ကလောင်ဝှက်အကြောင်း အရင်က ကျနော်တစ်ခါမျှမပြောခဲ့ဖူးပါ)

            အခုအချိန်မှာတော့ ကျနော့်လက်ထဲ “မည်သို့ ပင်ဖြစ်စေ၊ ချစ်နေသေးသည်“ ဆိုတာ တစ်ပုဒ်ပဲ

အဖတ်တင်ကျန်ရစ်ပါတော့တယ်။ ကျန်တဲ့နှစ်ပုဒ်က ပျောက်ဆုံးသွားခဲ့ပါပြီ။ “စစ်သားတွေက အမိန့် ကိုစားတယ်“ ကဗျာကို ဒီမိုကရေစီဟောပြောပွဲစင်မြင့်တွေပေါ်မှာ မင်းထက်မောင်တို့ ၊ နေစိမ့်တို့ ၊ နီသျှန်တို့ နဲ့  အုပ်စုလိုက်ရွတ်ဆိုခဲ့တာပါ။

 “ခင်ဗျားတို့ ကိုစိန်ခေါ်တယ်“ ကဗျာကိုတော့ ဆရာမောင်လင်းယုန်(ရှမ်းပြည်)

တို့ ၊ ဆရာချစ်ဦးညိုတို့ စင်ပေါ်မှာ ရွတ်ပြီးဟောကြပြောကြတာ ကျနော်နားထောင်ခဲ့ရပါတယ်။ (ဒီကဗျာ

ကျနော်ရေးတာမှန်း၊ ဘယ်သူမှမသိကြပါ)

            လွန်ခဲ့တဲ့ သုံးလေးနှစ်၊ ကျနော် လွတ်မြောက်နယ်မြေမှာရှိစဉ်တုန်းကတော့ အွန်လိုင်းပေါ်မှာ

(ဘလော့ဂ်တစ်ခုခုမှာ) ဒီကဗျာ (ခင်ဗျားတို့ ကိုစိန်ခေါ်တယ်)ကို တွေ့ ခဲ့မိပါသေးတယ်။ အဲဒီတုန်းက ကူး မထားမိလိုက်ဘူး။ အခုပြန်ရှာတော့ ဘယ်မှာမှ ရှာမတွေ့ တော့ပါဘူး။ကဗျာက-

            “ကျမ အပျိုမ

            လှပါသည်။

            ကျမ တက္ကသိုလ်ကျောင်းသူ

            ဖြူသည် နုသည်

            အခု အခံမပါ။

            ကျမအသက်

            သပြေခက်“ စသဖြင့် အဲဒီလို အစချီရေးခဲ့တယ်။ တံတားနီအရေးအခင်းမှာ အဖမ်းခံရတဲ့ ကျောင်းသူတွေ၊ အင်းစိန်ထောင်ထဲမှာ လုံထိန်းတွေရဲ့ အဓမ္မပြုကျင့်တာခံရတယ်ဆိုတဲ့သတင်း ထွက်ပေါ် လာပြီးတဲ့နောက်မှာ၊ ကျနော်ရေးခဲံတာပါ။

“ကျမနှုတ်ခမ်း

ဖက်ဆစ်နမ်းကြ။

ကျမရင်အုံ

ဖက်ဆစ်ငုံကြ။

ကျမအင်္ဂါဇာတ်

 ဖက်ဆစ်ငတ်ကြ“

            ကဗျာက အဲဒီလိုလည်း ခပ်ကြမ်းကြမ်းရေးလိုက်တာပါ။ ဇာတ်နာအောင်လို့ ၊ ကလောင်နာမည်ကို “ခင်နီနီဦး(စက်မှုတက္ကသိုလ်)“ လို့ တပ်လိုက်တာလို့ ပဲ ၀န်ခံရမယ်။

            တစ်တိုင်းတစ်ပြည်လုံး အုံးအုံးကျွက်ကျွက်ဆန္ဒပြနေကြတဲ့အချိန်။ ကျနော်က နေ့ ဆိုရင် ဆန္ဒပြလူအုပ်ကြီးနဲ့ ချီတက်လိုက်။ ဟိုကဒီက ဟောပြောပွဲခေါ်ရင် ဖိတ်ရင် လိုက်ဟောလိုက်နဲ့ ။ ညဘက် ညဘက်မှာတော့၊ ကျနော်တည်းခိုနေတဲ့ “ဗဟို“တည်းခိုခန်းက အခန်းကျဉ်းလေးထဲမှာ၊ အဲဒီလို စာစောင်ကလေးတွေ၊ စာအုပ်ကလေးတွေ ကျိတ်ပြီးလုပ်နေခဲ့တာပေါ့ ။

            “ဗမာတစ်ပြည်လုံးနီ“စာအုပ်ကလေးကတော့ လူထုကြားထဲရောက်သွားပြီ။ အောင်မြင်တယ်။ ကျနော် နောက်အသစ်တစ်အုပ်ထပ်လုပ်ဖို့ စီစဉ်တယ်။အဲဒါက အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ “Art of Struggle- တိုက်ပွဲအနုပညာ“ ဆိုတဲ့ဟာ။

            တိုက်ပွဲကလည်း ရက်ရှည်လာပြီ။ တပ်မတော်သားတွေလည်း တိုက်ပွဲထဲပါလာပြီ။ တစ်ချိန်တည်းမှာပဲ၊ မဆလ စစ်ထောက်လှမ်းရေးတွေကလည်း၊ တန်ပြန်တော်လှန်ရေး အဖျက်အမှောင့်လုပ်ရပ်တွေလုပ် လာကြပြီ။ ခေါင်းဖြတ်တာတွေ၊ ဂိုဒေါင်ဖောက်တာတွေ သူတို့ လုပ်နေပြီ။ မြို့ တကာ နယ်တကာမှာ အုပ်ချုပ်ရေးမဲ့နေပြီ။ လက်ပြဲကြီးဖြစ်နေပြီ။

            မကြာခင် စစ်တပ်က အာဏာသိမ်းတော့မယ်၊ မကြာခင် စစ်တပ်က အာဏာသိမ်းတော့မယ်… ကောလာဟလတွေလည်း ဟိုကဒီက အလျှိုအလျှိုထွက်ပေါ်လာနေတဲ့အချိန်။

            ကျနော်က ညည မအိပ်မနေ၊ စိတ်ဇောသန်သန်နဲ့ “Art of Struggle- တိုက်ပွဲအနုပညာ“ စာစောင်လေးကို လက်စသတ်နေတယ်။ ပြည့်စုံသလောက်ရှိတော့ ကျနော်စာစောင်လေးကို ဖောင်ပိတ် လိုက်တယ်။ မိုးလင်းတော့ စာစောင်ရိုက်ပေးမယ့် ကိုကျော်စိန်မင်းတို့ ၊ ကိုတင်ကိုအောင်တို့ လက်ထဲကို အပ်လိုက်တယ်။ သူတို့ က အဲဒီတုန်းက ၄၇ လမ်းက နာမည်ကြီး မဂ္ဂဇင်းတစ်ခုရဲ့ ပုံနှိပ်စက်မှာရိုက်ဖို့  စီစဉ်ကြတယ်။

            ပထမတော့ အရောင်မပါဘဲ၊ အနက်တစ်ရောင်တည်းရိုက်ဖို့ ပါပဲ။ နောက်တော့ အားလုံးက စာစောင်လေးကို အားရကျေနပ်ဖြစ်ပြီး၊ အနီ-အနက် နှစ်ရောင်ရိုက်ဖို့ ဝိုင်းပြီးတိုက်တွန်းကြတာနဲ့ ၊ ထပ်တိုး အနီရောင်အတွက် ဖလင်တစ်ချပ်ထပ်ရိုက်ရတော့၊ အချိန်က တစ်ရက်ပိုကြာသွားပါရော။ ရိုက် ထားတဲ့ဖလင်ကလည်း ညကျမှရမယ်။ နောက်တစ်နေ့ မိုးလင်းပြီဆိုတာနဲ့ ကျနော့်စာစောင်လေး စက်ပေါ်တင်နိုင်ပြီဆိုပါတော့။

            တစ်နေ့ လုံး ကျနော်ရင်ခုန်နေခဲ့တယ်။ မြန်မြန်မိုးချုပ်၊ မြန်မြန်မိုးသောက်ပါစေ။ ကျနော်ဆုတောင်းနေခဲ့တယ်။ ဒါပေမဲ့…။

            ဒါပေမဲ့၊ ကျနော့်ဆုတောင်း မပြည့်ခဲ့တော့ပါဘူး။ မိုးမသောက်၊ မှောင်မိုက် အရိပ်မပြေးမီမှာပဲ စစ်တပ်က အာဏာသိမ်းလိုက်ပြီဆိုတဲ့သတင်းထွက်ပေါ်လာပါတော့တယ်။ မြန်မာ့အသံရေဒီယိုနဲ့  ရုပ်မြင်သံကြားက စစ်ချီသီချင်းတွေ နားမခံသာအောင်ဖွင့်နေတယ်။

            စစ်တပ်က အာဏာသိမ်းလိုက်ပြီ။ စက်တင်ဘာလ(၁၈)ရက်နေ့ ။ အဲဒီညက ကျနော် “ဗဟို“ တည်းခိုခန်းမှာ မအိပ်ရဲတော့ဘဲ၊ ဆူးလေဘုရားလမ်းပေါ်က ရွှေလမင်း လက်ဖက်ရည်ဆိုင်ဘေးကပ်ရက်၊ သူငယ်ချင်းဟန်သိန်းရဲ့ “ရွှေဖလား“လက်ဖက်ရည်ဆိုင်မှာ ပုန်းအိပ်ခဲ့ရပါတယ်။

            ကျနော်သိလိုက်ပါပြီ။ မနက်ဖြန်ဆိုတာ မသေချာတော့ဘူး။ မရေရာတော့ဘူး။ မနက်ဖြန် ဘာ ဖြစ်လာမယ်ဆိုတာ၊ ဘယ်သူမှကြိုမပြောနိုင်တော့ဘူး။ သွားပြီ။ ကျနော့်ရဲ့ အနီ-အနက် နှစ်ရောင်နဲ့  အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ “Art of Struggle- တိုက်ပွဲအနုပညာ“ ဆိုတဲ့စာစောင်ကလေးလည်းသွားပြီ။ စစ်တပ်က အာဏာသိမ်းသိမ်းချင်း၊ စစ်ဦးဘီလူးဝင်လာတာမို့ ၊ ကျနော်လည်း မြေလျှိုးရပါတော့တယ်။ ကျနော့်စာစောင်ကလေးလည်း ထွက်ပေါ်မလာနိုင်ခဲ့တော့ပါဘူး။

            အခုတော့ (၂၄) နှစ် တိုင်ခဲ့ပါပြီ။

            ရှစ်လေးလုံးအရေးတော်ပုံကြီး တစ်ခုလုံးလည်း (၁၀) သိန်းပဲ တန်ပါတော့တယ်။

            အဲဒီတုန်းက တိုက်ပွဲဝင်ခဲ့သူ အမြောက်အမြားလည်း၊ အမေ့ခံဘ၀နဲ့ တိုင်းတစ်ပါးမှာ သောင်တင်နေပါပြီ။

            “စစ်တစ်ခါရှုံး၊ နှစ်သုံးဆယ်ကြာ“ ဆိုတဲ့စကား ကြားဖူးတယ်။ နှစ်သုံးဆယ်ကျော်သွားရင်၊ စစ်နိုင်မယ်၊ မနိုင်ဘူးဆိုတာကိုတော့၊ ဘယ်သူကမှ မပြောခဲ့ပါလား။       ။

            (စက်တင်ဘာ ၁၅-၂၀၁၂)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts