သတင်းဆောင်းပါး

ဆိပ်ကြီးခနောင်တိုမြို့၊ အမေ့ရင်သွေးကျောင်းက မိုးမခကျောင်းဆောင် ဖွင့်

ဆိပ်ကြီးခနောင်တိုမြို့၊ အမေ့ရင်သွေးကျောင်းက မိုးမခကျောင်းဆောင် ဖွင့်

မိုးမခမိတ်ဆွေ၊ စက်တင်ဘာ ၁၀၊ ၂၀၁၂

ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပညာရေးကွန်ရက်အောက် တွင်ဖွင့်လှစ်ထားသော “အမေ့ရင်သွေး” ပညာဒါန အခမဲ့ကျောင်းတွင် မိုးမခစာသင်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ (၈) ရက်နေ့မှာ အောင်မြင်စွာဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။

၎င်းဖွင့်ပွဲအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပညာရေးကွန်ရက်မှ ဦးလှသိန်း၊ 

ဘဏ္ဍာရေးကော်မတီ ညှိနှိုင်းရေးမှူး ကိုငယ်၊

ဘဏ္ဍာရေးကော်မတီ ကိုညီညီ (NLD-BG)၊  မိုးမခ ကျောင်းဆောင်ဖြစ်မြောက်ရေး တာဝန်ခံ၊

အမေ့ရင်သွေးပညာဒါနကျောင်းတွင် အင်္ဂလိပ်ဘာသာကို ပင်တိုင်သင်ကြားပေးနေသော ဒေါ်စံဝင့်ခိုင်တို့ဦးဆောင်ပြီး အမေ့ရင်သွေးပညာဒါနကျောင်း ကော်မတီ၊ အဖွဲ့ဝင်များ၊ သင်ကြားရေး ဆရာ၊ဆရာမများ၊ ကျောင်းသားနှင့် ကျောင်းသားမိဘများ၊မြို့နယ် NLD လူကြီး၊ လူငယ်များစုံညီစွာတက်ရောက်နိုင်ခဲ့ကြပါတယ်။


            ယခုကဲ့သို့ မိုးမခကျောင်းဆောင်ကိုဖွင့်လှစ်ရခြင်းအကြောင်းအရင်းခံကတော့ …  အဆိုပါဆိပ်ကြီး ခနောင်တို့မြို့ ပေါ်မှာ ၇၅ % ဟာ ဆင်းရဲသားတွေများပြားတဲ့အတွက်ကြောင့် စာမသင်နိုင်ကြတာများတယ်၊ စာသင် နိုင်ကြတယ်ဆိုရင်လည်း ကလေးတွေက အခုခေတ်မှာ ကျူရှင်ယူနိုင်မှ စာတတ်သလိုဖြစ်နေတော့ ကျူရှင်မယူနိုင်ကြတဲ့ကလေးတွေကများတယ်။ အဲဒီကလေးတွေထဲမှာမှ အထူးသဖြင့်ပေါ့လေ ဘ၀ရဲ့ ဂိတ်တံခါးဝကိုရောက်နေတဲ့ ဆယ်တန်းကျောင်းသား၊ ကျောင်းသူတွေအတွက်သင့်တင့်လျှောက်ပက်တဲ့ ပညာရေးကိုပေးဖို့ အထူးလိုအပ်နေတဲ့အခါကြတော့ ဆရာမကြီးတို့က ဆယ်တန်းကို သီးသန့် တစ်ကျောင်းဖွင့်တယ်။ ဖွင့်တဲ့အခါကြတော့ ကျောင်းမှာမူလတန်းကနေ ဆယ်တန်းအထိ ကျောင်းသား ဦးရေက (၅၀၀) လောက်ထိရှိနေတော့ မူလရှိနေတဲ့ကျောင်းဟောင်းကြီးနဲ့က နေရာအတွက် မလုံ လောက်တော့ဘူး၊မ လုံလောက်တော့ဘူးဆိုတာကို တကယ်သိလာတဲ့အခါကြတော့ ဆရာမကြီးက အခုလက်ရှိစာသင်ပေးနေတဲ့ကျောင်းဟောင်း ကျောင်းအိုကြီးကိုဓာတ်ပုံရိုက်ပြီး ပြည်ပ မှာရှိနေကြတဲ့ ဆရာမကြီး၏ တပည့််တွေဆီသို့ နေရာအခတ်အခဲ၊ ငွေအခတ်အခဲရှိနေတာတွေနဲ့ ပက်သက်ပြီး အကြောင်းစုံကို ပို့ပြီး အကြောင်းကြားခဲ့ကြပါတယ်။

အဲသည်လို ကြားသိခဲ့ကြတဲ့အခါ … ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏မြေး ကိုချိုဆိမ့်ကနေပြီးတော့ မိုးစက်အောက်ကဇွန်ပွင့်များ ဆိုတဲ့ ကဗျာလေးကို ရေးလိုက်ပါတယ်။ အဲဒီကဗျာလေးကို မိုးမခဆိုက်မှာ ဆရာကြီးဦးခင်မောင်လတ်နှင့် ဒေါ်ခင်မျိုးချစ်တို့မြေးဖြစ်သော အယ်ဒီတာ မောင်ရစ်က တင်လိုက်ပါ တယ်။ အဲဒီလိုကဗျာလေးကိုတင်လိုက်ပြီး အလှူခံလိုက်တဲ့အတွက်ကြောင့် အလှူတော်ငွေ ဆယ်သိန်း တိတိရခဲ့ပါတယ်။ ဆယ်သိန်းထဲကမှသုံးသိန်းကို မြောက်ဥက္ကလာကကျောင်းတစ်ကျောင်းမှာ လျှက်စီးမီး နှင့် စာသင်ခုံမပြည့်စုံတဲ့အတွက်ကြောင့်လှူဒါန်းခဲ့ပြီး၊ ကျန်တဲ့ ( ၇) သိန်းကို အမေ့ရင်သွေးပညာဒါန ကျောင်းတွင် လိုအပ်နေတဲ့ကျောင်းဆောင် ဆောက်လုပ်နိုင်ရန်အတွက်  မတည်လှူဒါန်းခဲ့ပါတယ်။

အဲသည်နောက်မှာ မူလကျောင်းအလှူရှင်များ ဖြစ်ကြတဲ့ မခင်စံပယ်၊ မခင်သူဇာ၊ မခင်သီတာ ညီအမ သုံးယောက်ကနေပြီးတော့ လိုအပ်တာမှန်သမျှကိုဖြည့်စွက်ပြီးလှူဒါန်းနိုင်ခဲ့လို့ အခုလိုဆိပ်ကြီး ခနောင် တို ဘက်မှာ အမေ့ရင်သွေးပညာဒါနကျောင်း တွင် မိုးမခစာသင်ကျောင်းဆောင် တစ်ခု ပေါ်ပေါက် လာခဲ့ရတာဖြစ်ပါတယ်။

အဲသည်အကြောင်းခံကို အခမ်းအနားမှာ ကျောင်းဆောင်ဖြစ်မြောက်ရေးကော်မတီတာဝန်ခံ၊ အင်္ဂလိပ်စာသင် ဆရာမကြီး ဒေါ်စံဝင့်ခိုင်မှ အကျယ်တ၀င့် ပြောကြားခဲ့ပါတယ်။

ကျောင်းဆောင်အတွက် အားလုံးကုန်ကျငွေဟာ (၁၆) သိန်းဖြစ်ပြီး မိုးမခဆိုက်မှ စတင်ပြီး အလှူငွေများကိုအလှူခံပေးတဲ့အတွက်ကြောင့် အလှူရှင်များကို ဂုဏ်ပြုတဲ့ အနေနဲ့ ကျောင်းဆောင်ကို မိုးမခကျောင်းဆောင်ဟု ပေးထားလိုက်ရခြင်းဖြစ်ကြောင်းကို ဆရာမကြီး ကပင် ပြောဆိုသွားခဲ့ပါတယ်။

            မူလတန်းနှင့်အလယ်တန်းကို ( ၃-၂-၂၀၁၂) နေ့မှာ စတင်သင်ကြားပေးခဲ့ပြီး၊ အထက်တန်း ကျောင်းကိုတော့ (၂၀-၅-၂၀၁၂) နေ့မှာ စတင်သင်ကြားပေးနိုင်ခဲ့တယ်လို့ ၄င်းကပင်ပြောဆိုခဲ့ပါတယ်။

            အခုဆို မိုးမခ၏ ကျေးဇူးနှင့် မူလကျောင်းအလှူရှင်များဖြစ်ကြတဲ့ မခင်စံပယ်တို့ ညီအမသုံး ယောက်၏ အားထုတ်မှု၊ ပံ့ပိုးမှုတွေကြောင့် အမေ့ရင်သွေးပညာဒါနကျောင်းမှာ မူလတန်းကနေ ဆယ်တန်းအထိ ကျောင်းသား၊ ကျောင်းသူပေါင်း ( ၅၀၀) ကျော်ကို မိုးမခစာသင်ကျောင်းဆောင်ကြီး ထဲမှာ မိုးလုံ၊ နေလုံနဲ့ အေးချမ်းစွာစာပေများကို သင်ယူ၊ သင်ကြားပေးနိုင်နေပြီဖြစ်ကြောင်း သိခဲ့ရ ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ဟာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုများနှင့် ဆက်လက်မောင်းနှင်နေသည့်အားလျော်စွာ အမေ့အိမ်ပညာဒါနကျောင်း ပေါင်း (၆၀) ကျော်ထဲမှာ ဆိပ်ကြီးခနောင်တိုမြို့နယ်က အမေ့ရင်သွေးပညာဒါနကျောင်းဟာ အုပ်စု (၃) ခုထဲက ( C/ စီ )  အုပ်စုထဲမှာ ပါဝင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေးကွန်ရက် ၊ ဘဏ္ဍာရေးကော်မတီ၊ ညှိနှိုင်းရေးမှုး ကိုငယ်က ပြောဆိုခဲ့ပါတယ်။

(မိုးမခအယ်ဒီတာအဖွဲ့ မှတ်ချက် ။ ။ မိုးမခသတင်းအဖွဲ့နဲ့ မိတ်ဆွေများကို အခုလို အသိအမှတ်ပြုတဲ့အတွက် အလွန်တရာကို အားနာမိပါတယ်။ လိုအပ်တဲ့နေရာကို ဖြည့်ဆည်းတာဟာ မြန်မာနိုင်ငံသားတိုင်းရဲ့ အလုပ်ပါ။ နိုင်ငံသားတဦးအလုပ်ကို ကူညီတာဟာ သာမန်အုတ်တချပ်၊ သဲတပွင့်ပါပဲ။ ပညာဒါနပြုသူတွေရဲ့ အလှူက သာလွန် မြင့်မြတ်တာမို့လို့ ဒီကနေ ဦးညွတ်လိုက်ပါရဲ့။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts