ဖြစ်ရပ်များ၊ အမှတ်တရများ

မစိုးရိမ်ဆရာတော်ကြီး၊ ဆန်ဖရန်စစ္စကို၊ USF (2007) မှသည် ဒေါ်အောင်ဆန်းစုကြည်၊ ဆန်ဖရန်စစ္စကို၊ USF (2012)

မစိုးရိမ်ဆရာတော်ကြီး၊ ဆန်ဖရန်စစ္စကို၊ USF (2007) မှသည် … 
ဒေါ်အောင်ဆန်းစုကြည်၊ ဆန်ဖရန်စစ္စကို၊ USF (2012)
မောင်ရစ်၊ စက်တင်ဘာ ၁၀ ၊ ၂၀၁၂
            ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ စက်တင်ဘာ ၂၉  မှာ ဆန်ဖရန်စစ္စကိုဘေးဧရိယာက မြန်မာတွေနဲ့ တွေ့ဆုံမယ်။ ဒေါ်စုကိုယ်တိုင်က အမေရိကန်ပြည်ထောင်စုက မြန်မာများ စုဝေးရာ မြို့နယ်တွေကို လာရောက်ပြီး မြန်မာမိသားစုတွေနဲ့ တွေ့ဆုံဖို့ သူ့ဖာသာသူ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အဲသည်အတွက် မြန်မာမိသားစုတွေ၊ မြန်မာ့အရေး နိုးကြားသူတွေ အားလုံး တက်ကြွပျော်ရွှင်စွာနဲ့ ကြိုဆိုကြဖို့၊ အားခဲနေကြပြီ၊ ပြင်ဆင်နေကြပြီ။
            အမေရိကန်မိတ်ဆွေတွေက ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ဒေသမှာ အရှင်လတ်လတ်ကြီး အနီးကပ် တွေ့ဆုံပွဲမှာ တွေ့ရမှာနဲ့တင် ပီတိတွေဖြစ်ပြီး ပျော်နေလိုက်ကြတာ။ မြန်မာစကားပဲ ပြောပြော၊ ဘာမှ မပြောလဲရတယ်။ ကမ္ဘာကြီးတခုလုံးက မော့ကြည့်ရတဲ့ နိုင်ငံရေးခေါင်းဆောင်တဦးကို တွေ့ရတာကိုပဲ ကျေနပ်ပြီတဲ့။ မင်းတို့ မြန်မာတွေ ကံကောင်းတယ်။ မြန်မာပြည်အတွက် ကို်ယ်ကျိုးစွန့် ရပ်တည်တဲ့ ခေါင်းဆောင်၊ စွန့်စားပြီး ဦးဆောင်မှုပေးတဲ့ ခေါင်းဆောင်နဲ့ ကြုံကြိုက်ကြရပြီ။ သူတို့က ကျနော်တို့ကို မုဒိတာတွေ ပွားနေကြတယ်။
            အဲသည်လို ဒေါ်စုလာမယ်သတင်းကြားလို့ ကောလိပ်တွေ၊ တက္ကသိုလ်တွေ၊ ကျောင်းတွေဆိုတာ ကျောင်းတံခါးတွေဖွင့်၊ ကောဇောနီတွေ ဖြန့်ခင်းပြီး ဒေါ်စုအတွက် ဂုဏ်ပြုပွဲတွေ ချိမ့်ချိမ့်သည်း လုပ်ချင်ကြတယ်။ ရင်ဘတ်တွေဖွင့်၊ အသိဥာဏ်တံခါးတွေ ဖွင့်ပြီး တပါးပြည်က ခေါင်းဆောင်ကို ကိုယ့်မိသားစုဝင်တဦးလိုမျိုး ကြိုဆိုချင်ကြတယ်။
            အဲသည်ထဲမှာ ဆန်ဖရန်စစ္စကို ခရစ်ယာန်တက္ကသိုလ်ကြီးတခုဖြစ်တဲ့ ယူအက်စ်အက်ဖ် (USF) က ကံထူးသူဖြစ်သွားတယ် ပြောရမယ်။ ပွဲကျင်းပရေးလုပ်အားပေးတွေ ကွန်မြူတီဆော်သြသူတွေကို ဖိတ်ခေါ်ပြီး သူတို့ တက္ကသိုလ်မှာ မြန်မာတွေနဲ့ တွေ့ဆုံပွဲ စိတ်တိုင်းကျ ခင်းကျင်းလုပ်ကိုင်ကြပါလို့ လှိုက်လှဲစွာ ဖိတ်ခေါ်လိုက်တာပါပဲ။ ပြီးတော့ ဖြစ်များ ဖြစ်နိုင်ရင် ဒေါ်စုကို သူတို့တက္ကသိုယ်ရဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ဆက်ကပ်ပြီး ဂုဏ်ယူချင်လွန်းလို့ပါတဲ့လေ။
            သာဓုတွေ လှိုင်လှိုင်ခေါ်ရင်း လွန်ခဲ့တဲ့ ၅ နှစ်တာ ကာလကို ပြန်ပြောင်းတွေးမိတယ်။
            ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်သံဃာ့အရေးတော်ပုံအပြီး တကမ္ဘာလုံးက မြန်မာပြည်က သံဃာတော်များရဲ့ အကြမ်းမဖက်၊ ငြိမ်းချမ်းတဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို မျက်ဝါးထင်ထင်တွေ့ပြီး လေးစားကြည်ညိုကြတဲ့အချိန်၊ အဲသည်သံဃာတော်တွေကို လက်နက်နဲ့ အကြမ်းဖက်ပြီး ရက်စက်စွာ သတ်ဖြတ်နှိမ်နင်းတဲ့ စစ်အာဏာရှင်တွေကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချနေကြတဲ့အချိန်မှာ … အဲသည်သံဃာ့အာဇာနည်တွေကို အဲသည်ခရစ်ယာန်တက္ကသိုလ်ကြီး USFကပဲ သူတို့ရဲ့ အာဇာနည် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ခဲ့ကြတယ်။
 သာသနာပြုသူ ဘာသာရေးအာဇာနည်တွေဟာ မိမိအသက်ကို စွန့်လွှတ်ပြီး အများအကျိုးအတွက် ဆောင်ရွက်ကြတာကို ထုတ်ဖော် ဂုဏ်ပြုလေ့ရှိတဲ့ ကျောင်းတော်ကြီးက အဲသည်သံဃာတော်တွေကိုယ်စား သူတို့ရှေ့က ဖြတ်သန်းခဲ့ဖူးသူ သပိတ်မှောက်ဆရာတော်ကြီး၊ စစ်အာဏာရှင်တွေရဲ့ အကျဉ်းသားဟောင်း၊ မစိုးရိမ်စာသင်တိုက်က ဆရာတော်ကြီး ဦးကောဝိဒါဘိဝံသကို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ဆက်ကပ်လိုပါကြောင်း သူတို့ USF က လျောက်ထားခဲ့ကြတယ်။ ဖိတ်ကြား ဆက်ကပ်ခဲ့ကြတယ်။
            အခုတော့ ကြည့်ပါဦး၊ သူတို့တွေကပဲ အဲသည် USF ကျောင်းကပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာတိုင်းရင်းသားမိသားစုတွေ တွေ့ဆုံပွဲကို လာပါ၊ လုပ်ပါလှည့်လို့ တခါးဖွင့်ပေးကြပြန်တယ်။ မြန်မာပြည်ရဲ့ ခေါင်းဆောင်ကို သူတို့ရဲ့ ဂုဏ်ပြုဆု ပါရဂူဘွဲ့ ဆက်ကပ်ပါရစေလို့ ခွင့်ပန်လာကြပြန်တယ်။ အော် … ၂၀၀၈ ဧပြီမှာ ပျံလွန်တော်မူသွားပြီဖြစ်တဲ့ ဆရာတော်ကြီး ဦးကောဝိဒသာ သက်တော်ထင်ရှားရှိသေးရင် ပီတိသောမနဿဖြစ်ပြီး သာဓုတွေ အကြိမ်ကြိမ် ခေါ်နေလိမ့်မယ်လို့တွေးမိတယ်။
            အဲသည်နေ့ စက်တင်ဘာ ၂၉ ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာတိုင်းရင်းသားမိသားစုများ တွေ့ဆုံပွဲကို အဲသည် University of San Francisco က ခရစ်ယာန်ကျောင်းဆောင် ခန်းမမှာ ကျင်းပကြတဲ့အခါ မြန်မာတွေ အမေရိကန်တွေ အတူယှဉ်တွဲ တက်ရောက်ကြချိန်၊ ရှေ့က အထူးခုံတန်းတွေမှာ ဘာသာရေးခေါင်းဆောင်တွေနဲ့အတူ သံဃာတော်တွေ တန်းစီပြီး ပွဲတော်ကို ချီးမြှင့်တော်မူကြချိန်မှာ ဆရာတော်ကြီးကိုယ်တိုင်လည်း ပြုံးပြုံးကြီး တက်ရောက်လို့ ကြည်နူးနှစ်သိမ့်မှု ဖြစ်လိမ့်မယ်လို့ တွေးမိတယ်။
            အခုတော့ အဲသည် ၂၀၀၇ ဒီဇင်ဘာ ၁၄ ရက် USF ဘွဲ့နှင်းသဘင်မှာ မိန့်ခွန်းပြောခဲ့တဲ့ ဆရာတော်ကြီးရဲ့ ရုပ်သံမှတ်တမ်းကို ပြန်လည်တင်ဆက်လိုက်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts