“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၃၇) – Mar Mar Aye


မာမာအေး
စက်တင်ဘာ ၁၀၊ ၂၀၁၂

 

http://www.revolveraz.com/wp-content/uploads/2011/04/princessnicotine1.jpg
“သီချင်းစာသား စစ်ဆေးဘို့ တင်ပြရတာဟာ အဲဒီအချိန်မှာ ရှိနေပါပြီ။ မြန်မာ့အသံ စိစစ်ရေးဘုတ်အဖွဲ့ကဘဲ စစ်ပေးတာမျိုးပါ။ စာပေစိစစ်ရေး မ၀င်လာသေးပါဘူး”


သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … ရှေ့တပါတ်က စာချုပ်ချုပ်ပြီး အလုပ်လုပ်ဖြစ်ပေမယ့် အလုပ်ရှင်တွေဖက်က ပညာပြသလို လုပ်လာရင်လဲ ခံစားရတတ်တာဘဲ ဆိုတာ သိစေချင်လို့ ပြောပြခဲ့တာပါနော်။ အိမ်ကလူနဲ့သူတို့ကြား အတော် ဒုက္ခများခဲ့တာပေါ့ရှင်။ မာအေး ကြော်ငြာဆိုပေးနေကျ ဂိုးဖလိပ်စီးကရက်ပိုင်ရှင်တွေက သဘောပေါက်စွာ ကူညီပေလို့ ကိုယ့်အိမ်ကလေးနဲ့ကိုယ် ခွဲပြီး နေနိုင်ခဲ့ရပါတယ်။ အလုပ်ရှင်ချင်းတူပေမဲ့ ကိုယ်ချင်းစာတဲ့နေရာမှာမတူဘူး၊ ကျေးဇူးတင်ရပါတယ်ရှင်။

ကိုယ့်ကိစ္စလေး အေးသွားရတော့လဲ စကါးမတည် လက်တွန့်တတ်တဲ့သူတွေဆီ မသွားဖြစ်တော့ဘူးပေါ့။ အဲဒါကို သူတို့က မာအေး တခုခု ကြိတ်လုပ်နေလို့ဖြစ်မယ် ထင်တာကိုး။ သူတို့ကလဲဆက်သွယ်၊ သူတို့ရှေ့နေကြီးကလဲ ဆက်သွယ်သလိုလိုနဲ့ ချိန်းခြောက်တွေလုပ်တယ်ရှင့်။

မာအေးက အဲဒီအချိန်ရောက်တော့ ဂီတလမ်းကဖေါက်ပြီးနေပြီလေ။ ရုပ်ရှင်သီချင်းတွေလဲ အသံသွင်းရ၊ ကြော်ငြာကိစ္စတွေအတွက်လဲ အသံသွင်းပေး၊ စင်ပွဲမှာလဲ ဆိုပေးနဲ့ဟာ အားမှမအားတော့တာ။ သူတို့ဆီက ပိုက်ဆံမေ့နေပြန်တာ မဆန်းဘူးမို့လားရှင်။ သူတို့သာ ကိုယ်ချင်းမစာ မတန်မရာ လျှော့ဈေးချထားတဲ့ပမာ စိတ်မချမ်းသာအောင် လုပ်ဆောင်ခဲ့ကြတာပါ။ သားကလေး ကိုယ်ပြည့်လက်ပြည့်နဲ့ သူတို့တိုက်ခန်းကို တက်လိုက်ရတာ အခါပေါင်း မရည်နိုင်လို့ လက်မှုင်ချခဲ့ရတဲ့သူကို သံသယကပိုသေး၊ ဟေး … ဟေး … ဆရာကြီးဦးပုညရဲ့ ရေသည်ပြဇါတ်ထဲကလိုဘဲ ပဲဝက်အသပြာလောဘကို ကြားဖူးတယ်မို့လား။ တရားသဖြင့်ရထားတဲ့ငွေကို မက်သလိုပေါ့ရှင်။ မာအေးလဲ ကိုယ့်လုပ်အားနဲ့ တရားသဖြင့် ရမယ့်ငွေကို ခြောက်ပြားတပဲ ဖြစ်ပါစေ ရချင်တာပါပဲ။ ခုဟာက စိတ်ပျက်လောက်အောင် လက်ခက်လွန်းလို့ စိတ်ကုန်တဲ့သဘောပါ။ ဂတိတော့ တည်ပေးထားပါတယ်။ သူတို့စာချုပ်ရက်မစေ့မချင်း ဓါတ်ပြားသွင်းတဲ့အလုပ်ကို မာအေး မလုပ်ဖဲ ထိုင်နေလိုက်တာ တနှစ်နဲ့ ချီပါတယ်။

အဲဒီလို စစ်အေးတိုက်ပွဲနွှဲနေစဉ်မှာ ကုမ္မဏီသူဋ္ဌေးကတော် ကိုယ်တိုင် မာအေးတို့ အိမ်ကလေးကို ကြွလာပါတယ်ရှင်။ ဓါတ်ပြားပြန်သွင်းပေးဘို့ လာပြောတာပါဘဲ။ မာအေးကလဲ စာချုပ်ရက်မစေ့မချင်း ဘယ်ဓါတ်ပြားကုမ္မဏီကိုမှ အသံသွင်းပေးမှာ မဟုတ်ဖူးလို့ ကြေညာထားတော့ မမတို့လဲ ပါတာပေါ့ လို့ အေးအေးလေးဘဲ ငြင်းခဲ့တာပါ။ ဒါကိုကြားရင်ဘဲ မျက်နှာကြီးမဲသွားရာက ပြောပါတယ်။ “ခုတော့ ညည်းက အားကိုးတွေ ရှိလာလို့ ဘ၀င်မြင့်တာပေါ့လေ၊ ကြမ်းခုနှစ်ချောင်းနဲ့ အိမ်စုတ်ကလေးမှာ နေတုန်းက ငါ့ကို စကါးတောင် ကေါင်းကေါင်းပြန်ပြောရဲလို့လား” တဲ့ …။ လူငယ်က ယဉ်ယဉ်ကျေးကျေး လေအေးအေးနဲ့ ဆွေးနွေးမယ်လို့ ကြံပါမှ လူကြီးက နှိမ်ချလိုက်တော့ ပွဲခံပြီပေါ့။

“ကျမက မိကေါင်းဖခင်သမီး ဆိုတော့ လူကြီးတွေကြား မပါသင့်ရင် မပါဘူးပေါ့။ ရှင်မို့ ရူးလို့ပြောနေတာ။ ရှင်လဲ ၀ါးဓနိရောင်းတဲ့အမျိုးကလာတဲ့မိန်းမဘဲ၊ ဘာကြောက်စရာရှိလို့လဲ။ ခုလဲ ရှင်က ကျမအိမ်လဲလာသေး၊ စေါ်ကါးမော်ကါးလဲပြောသေး၊ ကေါင်းပါတယ်၊ ကျမလိမ်မာရင်လဲလိမ်မာတတ်တယ်၊ ကြမ်းမယ်ဆိုလဲကြမ်းလို့ရပါတယ်။ ခု ရှင် ကျမအိမ်ပေါ်ကဆင်းသွား” လို့ မောင်းချလိုက်ကရော – မှတ်ထား။

ခြောက်နှစ်လုံးလုံး အချိန်တွေဆုံးပါး လုံးပါးမပါးခဲ့တာ ကံကေါင်း၊ ဥပဒေ ဥပဒေ ဆိုပြီး မသိတဲ့သူကိုဖိနှိပ်၊ သူတို့အိတ်ထဲချည်းထည့်သိတ်နေတဲ့ ၀ိသမလောဘသားတို့က သူတို့စာချုပ်အတိုင်း မာအေးကို တရားစွဲမယ် တဲ့။ ဂီတကေါင်စီမှာလဲ အရင် လာဆုံပါသေးတယ်။ သူတို့ကိုယ်တိုင် မလာရဲလို့နဲ့တူတာဘဲ၊ ကိုယ်စားလှယ်ဘဲလွှတ်ပြီး ညှိခိုင်းခဲ့ပါတယ်။ ဘယ်သူမတရားတာလဲ ဂီတ တလောကလုံး သိနေတာဘဲဟာ၊ မာအေးဖက်က ခလေးသူငယ် စာချုပ်လုပ်မရတာကို လိမ်ညာခဲ့တယ်လို့ ချေရမယ်၊ လက်ရှိပေါက်ဈေးကို တွက်ပြပြီး စာချုပ်က အတိုင်းအတာမရှိ၊ ဓါတ်ပြားဘယ်လေါက်ထုတ်လို့ထုတ်မှန်း မသိရတာတွေဟာ တဖက်သတ် နားမလည်သူကို လိမ်ညာတဲ့စာချုပ်ဖြစ်နေတာ ဘာညာတွေ ဖြေရမယ်ပေါ့လေ။ အဲဒီလို စဉ်းစားနေတုန်းမှာဘဲ နိုင်ငံမှာ ပြည်သူပိုင်သိမ်းတဲ့ကါလနဲ့ တိုးသွားတာနဲ့ တရားရုံးအထိ မဆက်ခဲ့ရတော့ပါဘူးရှင်။ ကိုယ်ဖြစ်ချင်တဲ့ စီရင်ထုံးကလေးများ ကျန်ရစ်လေမလား တွေးထားတာလေးလဲ မရေမရာဖြစ်သွားရတော့တယ်။

(*မျှော်လင့်စရာလေးတခုပါရှင်မှ)

ချစ်ပင်ပျိုးလို့ ချစ်ကြိုးရစ်သွယ်၊ ချစ်မှုဆိုစကါး ပျားသို့ပုံနှယ်၊ မုန်းဖြစ် မုန်းနွယ် မုန်းလွန်းဖွဲ့နှောင် မုန်းမှောင်ဖုံးတော့ – တမာလိုအပြစ်ဆိုကြတယ် xxx တကယ်တော့လဲ မေ့အတွက်တော့ ဒါတွေဟာ မဆန်းကျယ်ဟင် (ရှိပါစေကွယ်)၂ xxx ဒီလိုအဖြစ်မျိုးတွေလဲ ဘ၀တလျှောက်ဝယ်၊ လူ့ဘ၀တလျှောက်မယ်၊ မျှော်လင့်စရာတခုမျှသာ ဖြစ်ပါတယ် xxx ဘယ်လိုပင်ချစ်တဲ့သူချင်းသော်လဲ မလွှဲသာတယ်၊ တကြိမ်တခါဝယ် မုန်းကြရစမြဲကွယ်၊ လူ့သဘာဝမို့ သိမှန်တရား ခွင့်လွှတ်ထားလျက်ကွယ်၊ သို့မှမောင်ရယ် စိတ်ချမ်းသာနိုင်မယ် xxx


ပြည်သူပိုင်လုပ်ပြီးတဲ့ ခေတ်ရေစီးတလျှောက်၊ ဓာတ်ပြားကုမ္မဏီတွေ ပြန်လည်တာစူ လုပ်ကိုင်ကြတဲ့အထဲမှာ လွတ်လပ်ရေးနဲ့ ပဒေသာပြန်မပါလာတော့ပါဘူး။ ကိုယ်ပိုင်ဆိုင်၊ ကိုယ်ပိုင်ထုတ်လုပ်တဲ့ အနုပညာအသိုင်းအ၀ိုင်းတွေ ပေါ်ပေါက်လာတာ ဘယ်လေါက်များသလဲဆို၊ မောင်ထော်လေးလမ်း အလယ်လမ်းက အခန်းတွေ အပြည့်လို့ ဖြေရလောက်ပါတယ်၊ ဂီတလောကသားထဲကဆိုရင်၊ မာအေးဆရာ ရဲသီဟ ကိုသန်းအောင်၊ စန္ဒရားကိုညွန့်၊ ဟင်္သာတစိန်လင်း၊ မသက်ဝေ ခေါ် သက်ဝေသန်း စတဲ့သူတွေပေါ့။ တိုးနိုင်၊ စူပါဟိုက်၊ ဟင်္သာတဆန်ရောင်းဝယ်ရေးအဖွဲ့တို့ကတော့ အင်အားကြီးပါတယ်။ မာအေးလဲ ဓါတ်ပြားခေတ်ကုန်ကါနီးမှာ ‘တေးသံရှင်’ နာမည်နဲ့ ဓါတ်ပြားထုတ်ဖြစ်သွားခဲ့ပါသေးတယ်။ စာအုပ်ထုတ်ရင် ကိုယ်ရေးကိုယ်ထုတ် တအုပ်စီ ခွင့်ပြုတာမျိုး၊ ဓါတ်ပြားကဏ္ဍမှာလဲ တခါတင် တခါထုတ်တဲ့သူတွေ ရှိခဲ့ပါတယ်။ သီချင်းစာသား စစ်ဆေးဘို့ တင်ပြရတာဟာ အဲဒီအချိန်မှာ ရှိနေပါပြီ။ မြန်မာ့အသံ စိစစ်ရေးဘုတ်အဖွဲ့ကဘဲ စစ်ပေးတာမျိုးပါ။ စာပေစိစစ်ရေး မ၀င်လာသေးပါဘူး။
ရန်ကုန်မြို့မှာ ချိုတေးသံ တညံညံပေးတဲ့ စစ်ကဲမောင်ထော်လေးလမ်းကို ဓါတ်ပြားတန်းလို့ ပြောင်းမှည့်ဘို့ကေါင်းခဲ့ပါတယ်ရှင်။

(*မြန်မာ့တန်ဆောင်မှ)

ဆိုင်းတွေတီးသံစုံ၊ တိုင်းပြည်ကြီးရန်ကုန်၊ ပြည်တော်ရည်မျှော် စည်ဆော်လို့သာ တိုင်းပြည်ကြီးရန်ကုန်၊ ဆိုင်းတွေတီးသံစုံ၊ တိုင်းပြည်ကြီးရန်ကုန်၊ ရည်ရော်ရည်မျှော် စည်ဆော်လို့သာ တိုင်းပြည်ကြီးရန်ကုန်၊ ဘုရားတရားသံဃာဂုဏ် ဘေးအပေါင်းရန်တွေကုန်၊ ရွှေပြည်ရန်ကုန်၊ မြို့ကြီးကတော့ မီးရောင်တွေစုံ xxx


ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။


စာစီစာရိုက် လုပ်အားပေး- မျိုးဇော်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts