အရှင်ပညာနန္ဒ

မသေခင်နှုတ်ဆက်ခြင်း (သို့) မနေရလို့သေကြသောအခါ

အရှင်ပညာနန္ဒ
သြဂုတ်၊၂၀၊၂၀၁၂
ဒီလဘုန်းကြီးကျောင်းမှာ အတာသင်္ကြန်ပွဲတော်နဲ့ ဈေးရောင်းပွဲတော်လုပ်နေတာရယ် ရွှေည၀ါဆရာတော် တရားပွဲအတွက် ပြင်ဆင်နေရတာ တွေရယ်ကြောင့် အပြင်ကို မကြာခဏထွက်ဖြစ်နေပါတယ်။

ဒီနေ့လည်းရွှေည၀ါဆရာတော်တရားပွဲအတွက် ပိုစတာဓာတ်ပုံသွားကူးရာကနေ ကျောင်းပြန်ရောက်တာနဲ့ အတူနေဦးဇင်းကြီိး ဦးဝါယမက ဆီးကြိုပြီး “စာရေးဆရာမကြီး စစ်ကိုင်းစိမ်းစိမ်း ဖုန်းဆက်ကြောင်း၊ နှုတ်ဆက်ကြောင်းလျောက်ပေးဖို့မှာကြောင်း” ပြောပါတယ်။

ဆရာမကြီးစစ်ကိုင်းစိမ်းစိမ်းဟာ အကြောင်းမရှိဘဲဖုန်းဆက်လေ့ရှိသူမဟုတ်ကြောင်းသိထားလို့ ဘာအကြောင်းများရှိလေတယ်မသိလို့ စဉ်း စားပြီး ချက်ချင်းဖုန်းခေါ်လိုက်ပါတယ်။ ဒကာကြီးဦးခင်မောင်သိန်း ဖုန်းလာကိုင်ပါတယ်။

ဒကာမကြီးဖုန်းဆက်တယ်ဆိုလို့ ဖုန်းပြန်ဆက်တာဖြစ်ကြောင်းပြောပြတော့ ..ဒကာမကြီးအိမ်မှာမရှိကြောင်း၊ အာရီဇိုနားရောက်နေကြောင်း၊ သူမသေခင် ဘုန်းကြီးကျောင်းတွေသွားပြီး တတ်စွမ်းသမျှသွားလှူနေကြောင်း၊ တမလွန်ခရီးအတွက် ကြိုတင်ပြင်ဆင်နေကြောင်းလျောက်ပါတယ်။

သူ့စကားကြားရတော့ စိတ်ထဲတမျိုးကြီးဖြစ်သွားပါတယ်။ မိမိကိုလည်း အကြောင်းထူးမရှိဘဲဖုန်းဆက်ပြီး နှုတ်ဆက်တဲ့အတွက် ထူးဆန်း လိုက်လေခြင်းလို့ တွေးမိပါတယ်။ ဆရာမကြီးရဲ့ လက်ကိုင်ဖုန်းကိုဆက်လိုက်တော့မှ အကြောင်းစုံသိရပါတော့တယ်။

ဟုတ်တယ်ဘုရား။ တပည့်တော်အခုအာရီဇိုနားကဘုန်းကြီးကျောင်းအတွက် အလှူငွေ(၁၀၀၀) လာလှူရင်း ရေစက်လာချတာပါဘုရား။ အ ရှင်ဘုရားကျောင်းကိုရောက်တုန်းက ကလေးတွေစာသင်နေတဲ့မြင်ကွင်းရယ်၊ ကလေးတွေဘုရားစာတွေရွတ်ဆိုပြတာရယ် ပြီးတော့က လေးတွေက တပည့်တော်ကိုကန်တော့တဲ့မြင်ကွင်းတွေကို သတိရပြီးဖုန်းဆက်တာပါဘုရားလို့ လျောက်ပါတယ်။

အသက်အရွယ်ကြီးကာမှ မမောနိုင်မပန်းနိုင်ခရီးတွေထွက်လှပါလားလို့မေးကြည့်တော့ .. တပည့်တော်တို့အသက်တွေလည်းကြီးပြီဘုရား။ မသေခင်ကိုယ့်နောက်ပါမဲ့ကုသိုလ်အလုပ်တွေကို ရွေးလုပ်နေရပါတယ်။ သေရင် မိမိနောက်ဘာပစ္စည်းမှပါမှာ မဟုတ်ပါဘုရား။ ဒါ့ကြောင့် သေခြင်းတရားအတွက် ကြိုတင်ပြင်ဆင်နေရသလို၊ မသေခင် ကိုယ့်နောက်ပါမဲ့ ဒါန၊ သီလ၊ ဘာဝနာအလုပ်တွေကို ကြိုးစားလုပ်ဆောင်နေ ကြောင်းရှင်းပြပါတယ်။ တရားဓမ္မအခြေခံကလည်းကောင်းကောင်းရှိလေတော့ ပစ္စည်းဥစ္စာရဲ့ အနှစ်သာရအမှန်ကိုသိကာ စွဲလမ်းတွယ်တာ မှုနည်းပြီး သံသရာအတွက် ရိက္ခာစုဆောင်းနေတယ်လို့ အောက်မေ့မိပါတယ်။

ဆရာမကြီးစကားကိုကြားရတော့ အဘိဏှသုတ်မှာ ဘုရားရှင်ဟောကြားတော်မူထားခဲ့တဲ့

(၁) အိုခြင်းတရား၊ငါသည်ကား ထင်ရှားတွေ့ရမည်။ အိုခြင်းတရားငါသည်ကား၊ ကျော်လွှားမရပြီ။ အိုခြင်းတရားဆင်ခြင်ပွား၊ ပယ်ရှားယော ဗ္ဗနမာန်။

(၂) နာခြင်းတရားငါသည်ကား၊ ထင်ရှားတွေ့ရမည်။ နာခြင်းတရားငါသည်ကား၊ ကျော်လွှားမရပြီ။ နာခြင်းတရားဆင်ခြင်ပွား၊ ပယ်ရှား အာ ရောဂျမာန်။

(၃) သေခြင်းတရားငါသည်ကား၊ ထင်ရှားတွေ့ရမည်။ သေခြင်းတရားငါသည်ကား၊ ကျော်လွှားမရပြီ။ သေခြင်းတရားဆင်ခြင်ပွား၊ ပယ်ရှားဇီဝိ တမာန်။

(၄) ချစ်သူနဲ့လဲ ရှင်-သေ-ကွဲ မလွဲတွေ့ရမည်။ကွေကွင်းတရား ဆင်ခြင်ပွား၊ ပယ်ရှားတပ်မက်ဟန် ဆိုတဲ့လကာင်္လေးကိုသတိရမိပါတယ်။စာရေးဆရာမကြီးတို့ဇနီးမောင်က လှူဒါန်းတဲ့နေရာမှာရော ကျင့်ကြံပွားများတဲ့နေရာမှာရောစိတ်တူ

ကိုယ်တူရှိတာကလည်း တကယ့်အံ့သြစရာပါ။ ကုသိုလ်တရားတွေတိုးပွားအောင်လုပ်ဆောင်နေရင်း သေခြင်းတရားအတွက် ကြိုတင်ပြင် ဆင်နေကြတယ်ဆိုတာသိရလို့ ဘုရားရှင်လက်ထက်က တမလွန် နောက်ဘ၀အတွက် စိုးရိမ်ပူပန်နေတဲ့ မဟာနာမ်ဆိုတဲ့ဒကာကြီးကို သတိ ရမိပါတယ်။

ကပိလ၀တ်ပြည်၊ နိဂြောဓာရုံကျောင်းတော်မှာ မြတ်စွာဘုရားသီတင်းသုံးနေစဉ်အခါတုန်းက မဟာနာမ်လို့အမည်ရတဲ့ သာကီဝင်မင်း သားတယောက် မြတ်စွာဘုရားအထံတော်သို့ရောက်လာပြီး အောက်ပါအတိုင်းလျောက်ထားပါတယ်။

“အရှင်ဘုရား- ဤကပိလ၀တ်ပြည်သည် လူဦးရေ ထူထပ်ပေါများ၍ စည်ကားလှပါ၏။ လမ်းတို လမ်းရှည်နှင့် ဈေးအိမ်တို့လည်း များပြား လှပါ၏။ အရှင်ဘုရား- တပည့်တော်သည် မြတ်စွာဘုရားကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ဆည်းကပ်ခစားပြီး၍ ညနေချမ်း အချိန်၌ ကပိလ၀တ်သို့ဝင်သည်ရှိသော် ပြေးသွားနေသောဆင်နှင့်လည်း တွေ့ဆုံရပါ၏၊ မြင်း-ရထား-လှည်းတို့နှင့်လည်း တွေ့ဆုံရပါ၏၊ အရှင်ဘုရား-ထိုအခါမျိုး၌ တပည့်တော်အား မြတ်စွာဘုရားကို အာရုံပြုသောစိတ်သည် လွတ်သည်သာတည်း၊ တရားတော်-သံဃာတော် တို့ကို အာရုံပြုသောစိတ်သည် လွတ်သည်သာတည်း အရှင်ဘုရား- ထိုအခါငါသည် ဤအချိန်၌သေရမူ ဘယ်ဘ၀သို့လား ရောက်ရပါမည် နည်းဟု တွေးတောမိပါသည်ဘုရား” လို့ လျှောက်ထားပါတယ်။

အဲဒီအခါ မြတ်စွာဘုရားက “မဟာနာမ်-သင်မကြောက်ပါနှင့်၊ မစိုးရိမ်ပါနှင့်၊ သင့်အား မယုတ်ညံ့သော သေခြင်းဖြစ်လတ္တံ့” “မဟာနာမ်-အ ကြင်သူသည် ရှည်မြင့်စွာသော ကာလပတ်လုံး ယုံကြည်မူသဒ္ဓါဖြင့်ထုံအပ်သော စိတ်ဆောက်တည်မူ သီလ၊ အကြားအမြင် သုတ၊ စွန့်ကြဲမူ စာဂ၊ အသိဉာဏ်ပညာတို့ဖြင့်ထုံအပ်သောစိတ်ရှိသူဖြစ်၏၊ ထိုသူ၏ ခန္ဓာရုပ်သည် မဟာဘုတ်လေးပါး အစုအဝေးဖြစ်၏၊ ထမင်း-မုန့်စသော အစာအာဟာရတို့ဖြင့် ကြီးပွားရ၏၊ ပြုပြင်ထိန်းမတ်ပေးရခြင်း သဘောရှိ၏၊ မတည်မြဲခြင်း၊ ပြိုကွဲပျက်စီးခြင်းသဘောရှိ၏”

“ထိုခန္ဓာကိုယ်ရုပ်ကို ကျီးငှတ်တို့လည်း ထိုးဆိတ်ကုန်၏၊ တောခွေး၊ အိမ်ခွေးနှင့် ပိုးလောက်တို့လည်း ခဲစားကြကုန်၏၊ သို့သော် မဟာနာမ်- ထိုသူ၏ သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာတို့ဖြင့် ရှည်မြင့်စွာသော ကာလပတ်လုံး ထုံအပ်သောစိတ်သည်ကား အထက်သို့သာ တက်လေ့ရှိပေ၏၊ ထူးခြားစွာ သွားလေ့ရှိပေ၏၊”

“မဟာနာမ်- ဥပမာအားဖြင့်ကား ထောပတ်အိုးကို ရေအိုင်ထဲ၌ ရိုက်ခွဲလိုက်သောအခါ အိုးခြမ်းကွဲတို့သည် ရေအောက်သို့ကျရောက်၍ ထော ပတ်တို့သည် ရေပေါ်သို့တက်ရောက်ကုန်သကဲ့သို့တည်း။”

“မဟာနာမ်- အရှေ့အရပ်သို့ ကိုင်းညွတ်လျက်ရှိသော သစ်ပင်ကို အရင်းမှဖြတ်ပိုင်းသော် ထိုသစ်ပင်သည် အဘယ်အရပ်သို့လဲကျပေမည် နည်း၊ မဟာနာမ်-ထိုသစ်ပင်သည် အရှေ့အရပ်သို့သာလျှင် လဲကျမည်ပေမည်။

“မဟာနာမ်- ထိုဥပမာအတိုင်းပင်တည်း၊ အရိယာပုဂ္ဂိုလ်တို့ နှစ်သက်သော သူတော်ကောင်းတရားနှင့် ပြည့်စုံ ထုံမွမ်းပြီးသူသည် နိဗ္ဗာန်သို့ ရှေ့ရှုကိုင်းညွတ်သည်သာဖြစ်၏၊ ထို့ကြောင့် မဟာနာမ်- စိုးရိမ်ကြောငြ့်ကမဖြစ်ပါနှင့်၊ သင်၏သေခြင်းသည် ကောင်းသောသေခြင်း ဖြစ် လတ္တံ့၊ သင်၏ လားရာဂတိသည် မယုတ်ညံ့သော ဂတိ ဖြစ်လတ္တံ့” ဟု မိန့်ကြားတော်မူပါတယ်။

အဲဒီဥပမာအတိုင်းဘဲ သိပ်ပြီးစိုးရိမ်မနေပါနဲ့ဆရာမကြီးရေ။ ကောင်းမှုကုသိုလ်တွေများစွာလုပ်နေတဲ့ဇနီးမောင်နှံအတွက် ဘ၀ကောင်း ဘ၀ မြတ်ကိုရနိုင်မှာပါ။ ဆရာမကြီးက သူ့အလှူတွေနဲ့ပက်သက်ပြီး ခုလိုရှင်းပြပါတယ်။

တပည့်တော်တို့ ၁၉၇၁ ခုနှစ်က အမေရိကားကိုစရောက်တာဘုရား။ ကလေးတွေကျောင်းနေတဲ့အချိန်မှာ အလုပ်စလုပ်ပါတယ်။ IBM.CO မှာ ဒကာကြီး ဦးခင်မောင်သိန်းက ၂၅ နှစ်လုပ်ခဲ့ပါတယ်။တပည့်တော်က ၁၇ နှစ်လုပ်ခဲ့ပါတယ်။ သားသမီးသုံးယောက်ကိုလည်းကျောင်းပြီး အောင်ထားပေးနိုင်ခဲ့တယ်။ သားသမီးတွေလည်း သူတို့ဟာသူတို့ ရပ်တည်နေနိုင်ကြပါပြီဘုရား။ ပင်စင်စားပြီးနောက်ပိုင်းလည်း တပည့် တော်တို့ အချိန်ပိုင်းအလုပ်တွေလုပ်ကြပါသေးတယ်။ ရတဲ့ပင်စင်ရယ် အစိုးရကထောက်ပံ့တဲ့ ဆိုရှယ်စီကြူရတီပင်စင်ရယ် ဒီပင်စင်နှစ်ခုနဲ့တ ပည့်တော်တို့ရပ်တည်နေတာပါ။ အဲဒီပင်စင်ထဲကခွဲဝေပြီး သာသနာတော်အတွက် တပည့်တော်တို့ တတ်စွမ်းသမျှခွဲဝေလှူဒါန်းနေတာပါ ဘုရား။ တပည့်တော်တို့ သူဌေးမဟုတ်ပါဘူး။ မချမ်းသာပါဘူးဘုရား ခြိုးခြံချွေတာပြီးလှူနေတာပါ။ တတ်နိုင်သလောက်သီလဆောက်တည်ကြပါတယ်။တရားထိုင်ပါတယ်။အဓိဋ္ဌာန်ပုတီးများလည်းစိပ်ကြပါတယ်ဘုရားလို့ လျောက်ထားပါတယ်။

သံဃာတော်တွေနဲ့ပက်သက်ပြီး အောက်ပါအတိုင်းမှက်ချက်ပေးပါတယ်။

တပည့်တော်တို့ ခုလို သာသနာနဲ့တွေ့ရတာ သာသနာတော်ကိုကိုးကွယ်ဆည်းကပ်ခွင့်ရတာတွေဟာ သံဃာတော်တွေကြောင့်ပါဘုရား။ သံဃာတော်တွေက ဘုရားသာသနာတော်ကို လက်ဆင့်ကမ်းသယ်ဆောင်လာလို့သာ ဒီနေ့ဒီအချိန်မှာတပည့်တော်တို့ တရားဓမ္မတွေနာကြား ခွင့်၊ ကျင့်ကြံပွားများခွင့်ရနေသလို ဒါနသီလစတဲ့ကောင်းမှု ကုသိုလ်ကောင်းမှုတွေပြုလုပ်ခွင့်ရနေတာပါဘုရား။ ဒါကြောင့် သံဃာ့ဂုဏ်တော်ကို ရည်မှန်းပြီး သံဃာတော်တွေ ချမ်းချမ်းသာသီတင်းသုံးနိုင်အောင်တတ်စွမ်းသမျှထောက်ပံ့နေတာပါဘုရားလို့ လျောက်ထားပါတယ်။

အမေရိကန်တ၀ှမ်းလုံးမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေကို တကျောင်းလျင် ဒေါ်လာ ၁၀၀၀ နှုန်းနဲ့လှူဒါန်းနေတာဟာ ခုဆိုရင် ၄၇ ကျောင်း ရှိသွားပါပြီ။ ဂျမေကာမှာရှိတဲ့ဘုန်းကြီးကျောင်းနဲ့ပါဆိုရင်တော့ ၄၈ ကျောင်းပါ။

ဘုန်းကြီးကျောင်းတွေကို ကိုယ်တိုင်ကိုယ်ကျ သာဟတ္ထိကဒါနမြောက် လိုက်လံလှူဒါန်းနေတာဖြစ်တဲ့အတွက် လမ်းစရိတ်က ၇၀၀၀ ၀န်း ကျင်ကုန်ကျကြောင်းသိရပါတယ်။

ဆရာမကြီးတို့ဇနီးမောင်နှံဟာအမေရိကားမှာရှိတဲ့ ဘုန်းကြီးကျောင်းနှစ်ကျောင်းအတွက်လည်း လစဉ်အလှူငွေလှူဒါန်းလျက်ရှိသလို တက္က ဆက်ပြည်နယ်၊ အော်စတင်မြို့မှာရှိတဲ့ သီတဂူကျောင်းမှာလည်း ဒေါ်လာ ၆၀၀၀ တန်ကမ္မဋ္ဌာန်းကျောင်းတဆောင်လှူဒါန်းထားကြောင်းသိရပါတယ်။

သူတို့မောင်နှံလှူဒါန်းထားတာတွေကပြည်ပမှာတင်မဟုတ်ဘဲ မြန်မာပြည်တွင်းက ကျောင်းအိုကျောင်းပျက်တွေကိုလည်း သူတို့လက်လှမ်းမှီသလောက်ပြင်ဆင်လှူဒါန်းကြသလို ရေတွင်းရေကန်တွေလည်း တူးဖော်လှူဒါန်းကြပါတယ်။

မြန်မာပြည်တွင်းကသက်ကြီးရွယ်အိုစာရေးဆရာတွေအတွက်လည်းနှစ်စဉ်လှူဒါန်းနေကြတာပါ။ ဒါက စာရေးသူသိသလောက်ပါ။ အခြား အလှူတွေလည်းမြောက်များစွာရှိဦးမှာ သေချာပါတယ်။ အဲဒါကြောင့် ဆရာမကြီးတို့ဇနီးမောင်နှံကို အားပေးစကားလေးပြောချင်ပါတယ်။

မဟာနာမ်သာကီဝင်မင်းသားကြီးကိုမြတ်စွာဘုရားရှင်ဟောကြားသလိုဘဲ …ဒကာမကြီး ဒေါ်စိမ်းစိမ်းရေ အရှေ့အရပ်သို့ ကိုင်းညွတ်လျက် ရှိသောသစ်ပင်ကို အရင်းမှဖြတ်ပိုင်းသော် ထိုသစ်ပင်သည် အဘယ်အရပ်သို့ လဲကျပေမည်နည်း။ ထိုသစ်ပင်သည် အရှေ့အရပ်သို့သာလျှင် လဲကျမည်ပေမည်။ အဲဒီဥပမာအတိုင်း ဆရာမကြီးတို့ဇနီးမောင်နှံလည်း ဒါန၊ သီလ၊ ဘာဝနာတရားတွေတတ်နိုင်သလောက်လုပ်ခဲ့ကြပြီးပါ ပြီ။ ခုလည်းလုပ်ဆဲ၊ မသေခင်လည်းလုပ်နေကြအုံးမှာဖြစ်တဲ့အတွက် …. အရိယာပုဂ္ဂိုလ်တို့နှစ်သက်သော သူတော်ကောင်းတရားနှင့် ပြည့်စုံထုံမွှမ်းပြီးသူသည် နိဗ္ဗာန်သို့ ရှေ့ရှုကိုင်းညွတ်သည်သာဖြစ်၏။ ထို့ကြောင့် စိုးရိမ်ကြောငြ့်ကမဖြစ်ပါနှင့်။ သင်တို့၏သေခြင်းသည် ကောင်းသောသေခြင်းဖြစ်လတ္တံ့၊ သင်တို့၏လားရာဂတိသည် မယုတ်ညံ့သော ဂတိဖြစ်လတ္တံ့” လို့သာ အားပေးစကားပြောရင်း အောက်ပါ ကဗျာလေးနဲ့ နှုတ်ဆက်လိုက်ပါတယ်။ ။

မနေရလို့ သေကြသောအခါ
ကိုယ့်နောက်ကိုများ ဘာများပါမှာ။
ပစ္စည်းစုစု တခုမပါ
ကိုယ်ပြုငြား ကံ,များသူတို့ပါ။ ။

(လယ်တီဦးဝိလာသ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts