နိုင်ငံတကာရေးရာ

ဒေါ်အောင်ဆန်းစုကြည်နဲ့ ၀ါရှင်တန်ဒီစီမြန်မာကွန်မြူနီတီ စက်တင်ဘာ ၂၀ မှာ တွေ့ကြမယ့် အစီအစဉ် တစေ့တစောင်း

မိုးမခအထောက်တော် ၀၀၂၊ သြဂုတ် ၂၆၊ ၂၀၁၂

ဝါရှင်တန်ဒီစီက ဆက်သွယ်ရေးတာဝန်ခံ ဒေါက်တာနီနီခင်နှင့် မိုးမခမေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ပြည်ထောင်စုခရီးစဉ်မှာ ပထမဦးဆုံး မြန်မာကွန်မြူနီတီတွေ့ဆုံပွဲအဖြစ် စက်တင်ဘာ ၂၀ မှာ ကျင်းပမှာ ဖြစ်တယ်လို့ ပြောပါတယ်။ အဲသည်လိုတွေ့ဆုံရာမှာ American University က မေတ္တာနဲ့ နေရာထိုင်ခင်း စီစဉ်ပေးတယ်လို့ သိရပါတယ်။ ဧည့်ပရိသတ် ၂၅၀၀ ကျော် လက်ခံနိုင်တဲ့ ခမ်းမမှာ တွေ့ဆုံပွဲကို ကျင်းပမယ်၊ ဒေသခံ ကိုယ်စားလှယ် ဦးတင်မောင်သော်ကို ဆက်သွယ်ပြီး စာရင်းပေးသွင်းနိုင်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာမိသားစုများနဲ့ ချစ်ခင်ရင်းနှီးစွာ တွေ့ဆုံလိုတယ်၊ မြန်မာဘာသာစကားနဲ့ ပြောဆိုမယ်၊ မေးခွန်းများကိုလည်း ဖြေကြားမယ်လို့ ဆန္ဒရှိတဲ့အကြောင်း ဒေါ်နီနီခင်က ပြောပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲတွေ စီစဉ်တဲ့ နေရာမှာ အလှူငွေကောက်ခံတာတွေ၊ ရန်ပုံငွေ ကောက်ခံတာတွေနဲ့ ကျင်းပတာမျိုးထက် မြန်မာမိသားစုတွေ တယောက်တလက်၊ ရိုင်းပင်းကူညီပြီး စီစဉ်ထူထောင်ကြတာမျိုး ဖြစ်စေချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားရှိကြောင်း ရှင်းလင်းပြောပြပါတယ်။

ဝါရှင်တန်ဒီစီ အေယူတက္ကသိုလ် ပရ၀ဏ်အတွင်း တွေ့ဆုံကြရာမှာ ဧည့်ပရိသတ်တွေအတွက် အဆင်ပြေအောင် သတ်မှတ်ချက်လေးတွေထားတယ်။ ဥပမာ အစားအသောက်တွေ ယူဆောင်ခွင့် မပြုဘူး၊ စာရွက်စာတမ်းတွေ၊ လက်ကမ်းစာစောင်တွေ ယူဆောင်ပြီး ဖြန့်ချိတာတွေ ကိုင်ဆောင်တာတွေကိုလည်း မလုပ်စေချင်ဘူးလို့ ပြောပါတယ်။ အားလုံး လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနဲ့ တွေ့ဆုံပွဲကို ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဖိတ်ကြားသူတွေဆိုတာ အမေရိကန်ပြည်ထောင်စု လွှတ်တော်နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူ အဖွဲ့အစည်းများဖြစ်တဲ့အကြောင်း၊ ဒေါ်စုရဲ့ ခရီးစဉ်တလျောက်လုံးရဲ့ နေထိုင်ရေး၊ လုံခြုံရေးကိစ္စတွေကို အစိုးရနဲ့ သက်ဆိုင်ရာတို့က စီစဉ်ပေးမြှာ့ဖစ်တဲ့အကြောင်းကို ပြောပြပါတယ်။ မြန်မာကွန်မြူနီတီတွေက သူတို့ကျင်းပတဲ့ တွေ့ဆုံပွဲအစီအစဉ်နဲ့ ပတ်သက်ပြီး တာဝန်ယူကြရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာကွန်မြူနီတီတွေနဲ့ တွေ့ဆုံဖို့ ဘယ်လိုမျိုး ဆုံးဖြတ်လိုက်တာလဲ၊ ဘယ်လိုမျိုး တိုက်တွန်းနှိုးဆော်ချက်တွေ ရှိလို့လဲလို့ မေးမြန်းတဲ့အခါမှာ ဒေါ်နီနီခင်က ပြောကြားရာမှာ … ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အမေရိကန်ပြည်ထောင်စုရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံလိုတဲ့ ပကတိဆန္ဒရှိပြီး ဖြစ်တယ်လို့ ထင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဆုံးဖြတ်ပြီး မိမိတို့ကို အကြောင်းကြားခြင်းဖြစ်ကြောင်း၊ မိမိကို တာဝန်ပေးတဲ့အတိုင်း မြန်မာကွန်မြူနီတီနဲ့ ဆက်လက်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဖြေကြားသွားပါတယ်။

ဝါရှင်တန်ဒီစီရဲ့ မြန်မာမိသားစုတွေ့ဆုံပွဲအစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ဆောင်းပါးများ၊ စာရွက်စာတမ်းများ ဖြန့်ဝေရာမှာ မိုးမခမီဒီယာက ဖြန့်ချိခဲ့တဲ့ စာရေးဆရာ သန်းဝင်းလှိုင် ရေးသားပြုစုတဲ့ “ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအတွေးအမြင်များ” စာအုပ်ကို ကောက်နုတ်ပြီး ဖြန့်ဝေပေးရန် ဆန္ဒရှိတယ်လို့ ဒေါက်တာ နီနီခင်က ပြောပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts