ပင်တိုင်ကဏ္ဍ မာမာအေး

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၃၆) – Mar Mar Aye


မာမာအေး
သြဂုတ် ၂၅၊ ၂၀၁၂

 

“——သူတို့ပေးတဲ့အနုပညာကြေး ကျပ် ၅၀ိ/-ဟာ မာအေး ဓါတ်ပြားရောင်းဈေးကို တစ်ဆယ်ကျပ်နဲ့ဘဲ ထားဦး၊ ဓါတ်ပြား (၅)ချပ် ရောင်းပြီးတာနဲ့တင် ကျေပါပြီ။ အနည်းဆုံး ဓါတ်ပြားချပ်ပေါင်း (၅၀၀) (၁၀၀၀)တော့ ထုတ်တာပါဘဲ——“


သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … အရင်တပါတ်က မာအေးရခဲ့ဖူးတဲ့ ဓါတ်ပြားခေတ်က အနုပညာကြေးအကြောင်းတွေ ပြောပြနေခဲ့တာပါ၊ ကိုယ် ဓါတ်ပြားကို စမြင်ဖူးချိန်မှာ ‘ဓါတ်ပြားအဆိုတော်တော်လုပ်မယ်’ လို့ ဆုံးဖြတ်ခဲ့တဲ့အတိုင်းတော့ ဖြစ်လာခဲ့ပြီပေါ့နော်။

လွတ်လပ်ရေးရပြီးစတုန်းက ရှေ့မှာ ကြားဖူး ရှိဖူးခဲ့တဲ့ ခွေးတံဆိပ်တို့ ဘာတို့တော့ မရှိတော့ပါဘူး။ မြန်မာပိုင် ဆိုတာတွေတော့ ခေတ်ထနေပါပြီ။ များများစားစားလဲ မရှိသေးပါဘူးရှင်။ လွတ်လပ်ရေးကုမ္မဏီနဲ့ ပဒေသာဓါတ်ပြားကုမ္မဏီတို့သာ တွင်တွင်ကျယ်ကျယ် ဓါတ်ပြားထုတ်နေကြတဲ့အချိန်ပါဘဲ။

ဓါတ်ပြားကုမ္မဏီတခုခုက အသံသွင်းဖို့ စကါးကမ်းလှန်းတယ်၊ စာချုပ်ချုပ်ဖို့ ခေါ်ယူတယ် ဆိုတာမျိုးက ဂီတသမားတိုင်း ရနိုင်တဲ့ အခွင့်အရေးမျိုးမှ မဟုတ်တော့ အထင်ကြီးစရာထဲ ပါလေဟန်နဲ့ သွေးနားထင်ရောက် ခတ်မောက်မောက် အထာကြီးနဲ့ နေခဲ့သူတွေလဲ ကြုံခဲ့ဖူးလေတော့ ကိုယ့်အလှည့်ကျရင် ဒါမျိုး မဖြစ်ရအောင် နေမယ် လို့ ဆုံးဖြတ်ရပြန်ပါတယ်။ မရင့်ကျက်သေးတဲ့ ခလေးအရွယ်မှာ ပရိသဒ်တကါရဲ့ အချစ်ခံရတာလေးတွေ ထွက်ပြေးသွားမှာလဲ ကြောက်တယ်၊ လူမတွေ့ရဘဲ အသံလေး ပေးနိုင်တဲ့ ဓါတ်ပြားအဆိုတော်ဘ၀ ဆက်သွားနိုင်အောင် ဓါတ်ပြားကုမ္မဏီကိုလဲ ဘာမှ စောဒက မတက်ရဲခဲ့ပါဘူး။

ဓါတ်ပြားစာချုပ်မှာ တခြားသော ဓါတ်ပြားကုမ္မဏီများနဲ့ အသံသွင်းထုတ်လုပ်ခြင်း မပြုရဘူး ဆိုပေမယ့် တပ်မတော်ဓါတ်ပြားသွင်းပေးရတာမျိုးကျတော့ ခွင့်လွှတ်သားဘဲရှင့်။ ဘာမှ ပြောသံ ကန့်ကွက်သံ မကြားပါဘူး။ မာအေးက စစ်ရဲအချက်ပြတပ်ရဲ့ စစ်ရဲဂီတအဖွဲ့ဝင် အဆိုတော်မို့ ထင်ပါရဲ့။ မာအေးကလဲ တပ်မတော် ဓါတ်ပြားသွင်းပေးဘို့ ဆိုရင် မငြ်းခဲ့ပါဘူး။ အဲဒီအချိန်တုန်းက သူတို့တွေဟာ တော်လှန်ရေးမှာလဲ ဆောင်ရွက်ခဲ့တယ်။ တရုတ်ဖြူတွေကိုလဲ တိုက်ထုတ်ပေးခဲ့တဲ့ ဂုဏ်သိက္ခာကြောင့်ဖြစ်ပါတယ်။

ဒီလိုနဲ့ နေလာလိုက်တာ ကံကလဲပါ၊ ကိုယ်ကလဲချစ်တတ်တဲ့အရွယ် ရောက်လာတဲ့အချိန်မှာ အိမ်ထောင်စောစောကျခဲ့ပါတယ်။ ကြားကဖျက် ဆားကမျက်တွေကြောင့် မာအေးမှာ ပူလောင်သောက မကြာခဏရောက်ရတော့ကါ သားမက်နဲ့ယောက္ခမ ဘောက်ကျကေါက်ကျ၊ ကိုယ်ကလိုက်ခေါ်ရ အိမ်ခွဲနေရမှ ဆိုတာတွေနဲ့ ဂွကျ အမှုပွေလိုက်တာလေ၊ ပြန်ပြောရမှာတောင် ကြောက်သေးတော့တယ်။

 

(*ကသစ်ပန်းမှ) နှစ်တိုင်းဘဲ သခွပ်ပွင့်ချိန်မှာ သိကြားနဲ့အသူရာ၊ သါးမက်နဲ့ယောက္ခမ ဘောကျလို့လဲ အားမရနိုင်ရှာ x ဒါကို အားမကျဘို့ မယားအလှတောင်းပန်မှာ၊ ယောက္ခမဆိုတာ တည့်အောင်ပေါင်း ကျောင်းကိုထုတ် ဥပုသ်ရက်ရှည် စောင့်ခိုင်းပါ။

ဝေသာ၊ သခွပ်ဖြူပင်မင်း ငွေအဆင်းပွင့်ချိန်မှာ အသူရာ ဒေါသထွက်လို့ မြင့်မိုရထက်သို့တက်လို့ စစ်ဖက်တဲ့ခါ၊ အုံ့ကါလေတဖွဲဖွဲ့ ရွာလေတသဲသဲ xxx


အင်း … ပြောရမှာ ကြောက်တာတော့ ကြောက်တာဘဲ၊ မပြောလို့ကလဲ မဖြစ်သေးဘူးရှင့်၊ ဒီအနာတရဒဏ်ရာရမှုတွေကလဲ ဂီတဥပဒေရှိသင့်တယ်လို့ အမြုတေစုဖြစ်လာတဲ့အထဲမှာ ပါခဲ့တာမို့ပါ။ မာအေးရဲ့ချစ်ချစ်က အိမ်ခွဲကါမှ ပြန်ကြွမယ် ဆိုတော့ မာအေးတို့ဂီတအကိုတွေမောင်တွေရှေ့မှာ ပုတ်သင်ညိုမလေးလုပ်ပြီး ဂတိပေးခဲ့ရတာကိုးရှင့်။

ဂတိပေးပြီးရင် တည်အောင်လုပ်တတ်တဲ့ဥာဉ်အတိုင်း ဆောင်ရွက်ဖို့ကျတော့ ငွေရေးကြေးရေးက တက်လာပြီမဟုတ်လားရှင်။ ကိုယ်ရစရာရှိတဲ့ ဓါတ်ပြားကုမ္မဏီဆီကို ဦးတိုက်သွားရတာပေါ့။ မာအေးတို့ ကြည်နေတဲ့ကါလမှာ နောက်တကြိမ်ထပ်ပြီး နစ်နာမှာစိုးလို့ ကိုယ့်ကို စာမချုပ်နဲ့လို့ မှာထားခဲ့ပေမယ့် သူပြန်လာမယ့်အရေး အိမ်ခွဲရင် လိုမယ့် ငွေလေး ရချည်ရဲ့ ဆိုတဲ့ အတွေးနဲ့ သုံးနှစ်စာချုပ်ကို ဆက်ပြီး လက်မှတ်ထိုးမိလို့ပါရှင်။ ငွေကိစ္စ ပြောဘို့ ရောက်သွားတဲ့အခါ သူတို့အိမ်ဖေါ်လေးကသာ ဧည့်ခန်းထွက်လာပြီး ခဏစောင့်ပါတဲ့ လို့ ပြောသွားပြီး နေကုန်ကါနီးမှ ဇနီးက လာပြောတယ် “ဘယ်မြို့က VPP မရောက်လို့ ဆိုလား မာမာအေးရယ်၊ နောက်တပါတ်မှ လာခဲ့ပါလား” အဲဒီလိုချည်း ခံခံ ပြန်လာရတာ၊ ကြာတော့ ရမယ့်သူက သွားတောင်းရမှာကို ရှက်လာ ကြောက်လာတော့တာဘဲ၊ တောင်ဥက္ကလာနဲ့ မြို့ထဲ ခရီးဘယ်လောက်ဝေးမလဲ တွေးကြည့်စမ်းပါ သောတရှင်တို့ရယ်၊ အိမ်ပြန်ရောက်လို့ အဆင်မပြေလာမှန်း အိမ်ကလူ သိသွားပြန်ရင်လဲ “ငါအပြောသားနဲ့ မင်းမှ နားမထောင်တော့ ခံလိုက်ပေါ့” ဆိုတဲ့ မျက်နှာအချိုးမျိုးနဲ့ရှင့်။ နှစ်ဖက်ညှပ် ဆိုတဲ့ဒဏ် အတော် ခံစားရပါတယ်။

ဒီတော့မှ ကိုယ်က လူမှုရေးအရ ဆက်ဆံပြီး တဖက်က အသပြာအရ အတွက်ကျ အကွက်ချ ဆက်ဆံတာပါလား ဆိုတာ တွေးမိပြီး နာရကေါင်းမှန်း သိလာပါတယ်။ ကိုယ်ဖက်က ဘယ်လောက် နစ်နာနိုင်သလဲ ဆိုတာကိုလဲ အဲဒီတော့မှ တွက်ကြည့်မိတာ အမှန်ပါဘဲ။ အိမ်ရှင်မလဲ ဖြစ်ပြီ၊ သမီးတို့သားတို့မေမေလဲ ဖြစ်ပြီ ဆိုတော့ ကိုယ်ပျော်ရုံနဲ့ ဘ၀က မပြီးဆုံးသေးကြောင်း သဘောပေါက်မှ တွက်ချလိုက်တော့ ဓါတ်ပြားတချပ်အတွက် သူတို့ပေးတဲ့အနုပညာကြေး ကျပ် ၅၀ိ/-ဟာ မာအေး ဓါတ်ပြားရောင်းဈေးကို တစ်ဆယ်ကျပ်နဲ့ဘဲ ထားဦး၊ ဓါတ်ပြား (၅)ချပ် ရောင်းပြီးတာနဲ့တင် ကျေပါပြီ။ အနည်းဆုံး ဓါတ်ပြားချပ်ပေါင်း (၅၀၀) (၁၀၀၀)တော့ ထုတ်တာပါဘဲ၊ အကန့်အသတ်ကို မရှိတာပါရှင်။ ဘယ်လောက် အမြတ်အစွန်းရှိမှာလဲ တွေးကြည့်ပါ တွက်ကြည့်ပါ၊ ဟိုတုန်းက ကိုယ့်တိုင်းပြည်မှာ အသံသွင်းပြီး နိုင်ငံခြားမှာ လိုင်စင်စံနစ်နဲ့မှာပြီး ရောင်းရတဲ့အခါမှာတောင်မှ ဓါတ်ပြားတချပ်အတွက် အပြီးအငြိမ်း (၄ိ/-)ပဲ ပေးရတယ်၊ ကျသင့်တယ် ဆိုတော့ ဂီတသမားတွေ လမ်းလျှောက်ရတာဘဲလို့ အသိဝင်လာဖြစ်ခဲ့တာပါ။

ပြီးတော့ အလုပ်ရှင်ကုမ္မဏီဟာ စာချုပ်ထားတဲ့ မာအေးကိုသာမက တခြား ခြေကေါက်လိုက်လုပ်ကြတဲ့ အတီးသမားတွေကိုလဲ ဒီလိုဘဲ အချိန်အလဟသဖြစ်အောင် လုပ်လေ့ရှိတဲ့အကြောင်း၊ သူတို့ရုံးခန်းရောက်တိုင်း အသံသွင်းပြီး အနုပညာကြေး လာတောင်းခံတဲ့သူတွေ မြင်နေရာတာနဲ့တင် သိနိုင်နေတာပါရှင်။ စိတ်ညစ်ညူးနေတဲ့ မျက်နှာပိုင်ရှင်တွေကြည့်ရင်း ကိုယ်ချင်းစာမိတော့ စိတ်မချမ်းသာခဲ့ဘူးပေါ့ရှင်။

ဓါတ်ပြားတခွင် အောင်မြင်ရင် အောင်မြင်သလို မှာယူရိုက်ရောင်း တစ်သောင်းမက ရောင်းချချမ်းသာ အထက်လွှာဂိုက်ဖမ်း၊ ပိုးလုံချည်တရွှမ်းရွှမ်းနဲ့သူတွေက ဓါတ်ပြားထဲကသီချင်းတွေ ဖြစ်လာအောင် ဆောင်ရွက်ပေးတဲ့သူတွေကို ငွေကြေးစိုက်ရုံနဲ့ စက်ကလေးစိုက်ရုံနဲ့ ငုံ့ကြည့်ဆက်ဆံ၊ ကိုယ့်ပိုက်ဆံကိုယ်လာတောင်းတာတောင် ကြွေးရှင်တို့ပုံသဏ္ဌာန်ဟန်နဲ့မို့ ခံပြင်း၊ ဒီဝါသနာကလဲ ဆုတ်လို့မရတဲ့ရောဂါ၊ ဂီတသမားအို ၀ိုင်းကြိုဝိုင်းကြားအထိ သွာကြဦးမယ့်သူတို့အတွက် ကိုယ်လဲလျှောက်သာ သူလဲမမုန်းစရာ ဥပဒေတော့ ရှာမှဘဲလို့ စိတ်ထဲ ကြိတ်စွဲထားရတော့တာပါဘဲရှင်။

(*မျှော်လင့်စရာလေးတခုပါရှင် မှ)

 

သံသရာဘုံလောက၀ယ် ဆန်းကိုလဲဆန်းပါတယ်၊ အရာရာမတည်မြဲနိုင်ဘူးကွယ် xx ခုပင်မုန်းကါ ခုပင်ချစ်၊ အဖြစ်မြန်လွန်းလှတယ်၊ ပုထုဇဉ်များ ဖေါက်ပြား အသွယ်သွယ် xxx


ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

စာစီစာရိုက် လုပ်အားပေး- မျိုးဇော်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts