သတင်းဆောင်းပါး နှင့် မျက်မှောက်ရေးရာ ဦးစားပေး လစဉ်ထုတ် မော်ကွန်းမဂ္ဂဇင်း ထွက်ရှိလာ – Debut Issue of MawKun magazine


Yangon Press International
သြဂုတ် ၂၄၊ ၂၀၁၂


မျက်မှောက်ရေးရာတွေကို ဦးစားပေးဖော်ပြထားပြီး ဆန်းသစ်သော ရေးသားဟန်များပါရှိသည်ဆိုသည့် လစဉ်ထုတ် မော်ကွန်းမဂ္ဂဇင်းထွက်ရှိလာသည်။

ယနေ့(သောကြာနေ့)မှ စပြီး စာအုပ်ဆိုင်များတွင် ဖြန့်ချိမည့် အမှတ် (၁)စက်တာဘာလထုတ်စာအုပ်တွင် သတင်းဆောင်းပါးများ၊ သုံးသပ်ချက်များ၊ အင်တာဗျူး၊ပုံရိပ်လွှာ၊ ခရီးသွားဆောင်းပါး၊ အမေ့ခံ၊ ရပ်ဝေးမြေမှပေးစာ၊ ဧည့်ကလောင်ကဏ္ဍ၊ဓာတ်ပုံအက်ဆေး၊ ဒို့အသံ၊ စာအုပ်အညွှန်းနှင့် နိုင်ငံတကာ စသည့်အခန်းကဏ္ဍများပါဝင်ပြီး စာမျက်နှာ ၁၆၈ မျက်နှာရှိကာ ရောင်းဈေး ၂,၅၀၀ ကျပ်ဟုဆိုသည်။

မျက်နှာဖုံးဆောင်းပါးမှာ “ပြည်တော်ပြန်ခရီးနီးပြီလား´´ဟူသောဆောင်းပါးဖြစ်ပြီး၊ သတင်းဆောင်းပါးများအဖြစ် “ဒီရေတောတွေပေးမယ့်မနက်ဖြန်´´၊ “ခေတ်သစ်ကျေးကျွန်ဘ၀အောက်မှ လွတ်မြောက်မှုရှာပုံတော်´´၊“အာရှ၏ ကိုလိုနီခေတ်နောက်ဆုံး ခံတပ်ကြီးကိုထိန်းသိမ်းခြင်း´´တို့ပါဝင်သည်။

အယ်ဒီတာအဖွဲ့က အထူးညွှန်းထားသည့် အင်တာဗျူးကဏ္ဍတွင်ရခိုင်အရေးအခင်းနှင့်ပတ်သက်ပြီး ရခိုင်ရေးရာ ကျွမ်းကျင်သူ ပြင်သစ်ပညာရှင်ဒေါက်တာ ဂျာ့က်ပီ၊လိုက်ဒါ၏ ပညာရှင်ရှုထောင့်မှ အမြင်အယူအဆများပါဝင်သည်။

သုံးသပ်ချက်ဆောင်းပါးများအဖြစ် “ပိတ်ကားထက်က ပုံရိပ်များ၏အနာဂတ်´´၊“တောင်သူများ ဆင်းရဲတွင်းမှ လွတ်ကင်းရေး´´၊ “အလုပ်ရှင်နှင့်အလုပ်သမားအခွင့်အရေး´´တို့ဖြစ်ကာ ပုံရိပ်လွှာကဏ္ဍမှာတော့ ဥက္ကာပျံကိုအားကျခဲ့သည့် ဦးထွန်းလွင်အကြောင်း ရေးသားထားသည်ကိုတွေ့ရသည်။

ရပ်ဝေးမြေမှ ပေးစာကဏ္ဍတွင် လူငယ်တစ်ဦး၏ ဒုက္ခသည်စခန်းကို ဖြတ်သန်းခဲ့ရသည့်အကြောင်းအရာပါဝင်ပြီး ဒို့အသံကဏ္ဍတွင်ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ပေးရေးအတွက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ ဥက္ကဌ ကိုကျော်ကိုကို၏သဘောထားအမြင်များ ပါဝင်သည်။

မော်ကွန်းအတွက် အထူးသီးသန့်ရေးပေးကြသော ဧည့်ကလောင်ကဏ္ဍတွင် လန်ဒန်အခြေစိုက်Financial Times သတင်းစာတွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ဖူးပြီးယခုလောလောဆယ်တွင် သတင်းစာပညာများ ပို့ချပေးနေသော Graham Watts ၏“မြန်မာ့စီးပွားရေးအနာဂတ်အတွက် အကြံပေးချက်´´ပါဝင်ပြီး၊ Indochina MediaMemorial Foundation ၏ အမှုဆောင်ဒါရိုက်တာဖြစ်သည့် Sarah McLean ၏“မဲခေါင်မီဒီယာ ၁၅ နှစ်ခရီး´´ စသည့် ဆောင်းပါးများ ပါဝင်ပါသည်။

မဂ္ဂဇင်းပါ ဆောင်းပါးအချို့ကို Yangon Press International (YPI) ၏Facebook တွင် ဖော်ပြသွားရန် အယ်ဒီတာအဖွဲ့က စီစဉ်နေသည်ဟု ဆိုသည်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts