သတင်းပဒေသာ

အကျဉ်းမှလွတ်မြောက် သံဃာ၊ ရဟန်းဘောင်ပြန်ဝင်ရေး တိုင်းသာသနာရေး ဆောင်ရွက်မှု နှောင့်နှေး

မိုးမခ အထောက်တော်၊ ရန်ကုန်
သြဂုတ် ၁၊ ၂၀၁၂ခုနှစ်
အမေရိကန်  ၃၃ ဒေါ်လာ  လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး ထောင်ချခံရသည့် ဦးဇင်း ဦးကောဝိဒ ပြန်လည်လွတ်မြောက်လာပြီးနောက်   ရဟန်းဘောင်  ပြန်ဝင်ရေးခွင့်ပြုချက်ရရှိဖို့ နှောင့်နှေးလျှက်ရှိသဖြင့် ယခုဝါမ၀င်မီ တရက်အထိ ခွင့်ပြုချက်မကျသေးကြောင်း ကာယကံရှင်က ပြောသည်။
ယခုနှစ် ဖေဖေါ်ဝါရီလတွင် အင်းစိန် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီး မဟန (နိုင်ငံတော် သံဃမဟာနာယက အဖွဲ့) သို့လျှောက်ထားခဲ့ရာ မေလတွင် မဟနမှ တိုင်းသာသနာရေး ဦးစီးဋ္ဌာနသို့ ပြန်လည်ချပေးခဲ့သော်လည်း တိုင်းသာသနာရေးမှ ယခုချိန်ထိ ခွင့်မပြုသေးခြင်း ဖြစ်သည်ဟု ဦးကောဝိဒက ပြောသည်။
၎င်းက “ တခြား ရွှေဝါရောင် သံဃာတွေ လုပ်သလို အရင်ရဟန်းပြန်ဝတ်ပြီး နောက်တော့မှ သတိပေးစာ နဲ့လက်မှတ်လာထိုးခိုင်းတာမျိုး လုပ်လိုက်ရင်တောင် ကောင်းသေးတယ်။ အခုတော့ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာပြီး လျှောက်ထားခဲ့တာ လွတ်ကတည်းကဆို ၅လ နီးပါးရှိသွားပြီ၊ မနက်ဖြန်ဆို ၀ါဝင်တော့မယ်၊ ဒီလမမှီရင် ဒုတိယ၀ါကို စောင့်ရတော့မယ့် ကိန်းဆိုက်နေပြီ” ဟု မိုးမခသို့ပြောသည်။

ရွှေည၀ါဆရာတော်နှင့် နိုင်ငံတော် သံဃမဟာနာယက ဆရာတ်ာတပါး၊

အဖမ်းခံရပုံမှာ ယမန်နှစ် ဇန်န၀ါရီလက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ဒေ၀သာဂရ ရဟန္တာသိမ်တော်ကြီးကျောင်း၌ သီတင်းသုံးလျှက်ရှိသော ဦးကောဝိဒ ( လူအမည် သက်နိုင်ထွန်း) အား နယ်မြေခံ အက်စ်ဘီနှင့် ရဲများက ကျောင်းတွင်လာရောက်စစ်ဆေးရှာဖွေရာမှ အမေရိကန် ၃၃ ဒေါ်လာကို လက်ဝယ်တွေ့ရှိမှုဖြင့် ထောင်ဒဏ် တနှစ်ခွဲ ချမှတ်ခဲ့သည်။
မင်္ဂဇင်း ဂျာနယ်များတွင် ဆောင်းပါး စာပေများ ရေးသားလျှက်ရှိခြင်းနှင့် နိုင်ငံရေးနှင့် ဆက်နွယ်သည်ဟု မသင်္ကာမှုကြောင့်  လာရောက်ရှာဖွေကာ အရေးယူနိုင်မည့် ပုဒ်မဖြင့် ထောင်ချခဲ့ခြင်း ဖြစ်သည်ဟုလည်း ဦးကောဝိဒက ကောက်ချက်ချကြောင်း ဆိုသည်။
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှ ညွှန်ကြားချက်အတိုင်း သာသနာတွင် နေထိုင်နေကြရသည့် အဖြစ်နှင့် ပတ်သက်၍ ၎င်းက “အခုက ဗုဒ္ဓသာသနာမဟုတ်တော့ဘဲ မဟန သာသနာဖြစ်နေပြီ” ဟုလည်း ဝေဖန်ပြောဆိုသည်။ 
မန္တလေး အန်အယ်ဒီရုံးတွင် တရားချီးမြှင့်ခဲ့မှုဖြင့် ကြည့်မြင်တိုင် သာဓုကျောင်း ပရိယတ္တိစာသင်တိုက် မှ ရွှေည၀ါ ဆရာတော် ဦးပညာသီဟအား ကျောင်းတိုက်မှ ဖယ်ရှားပေးရန် ယခင်နှစ် ဒီဇင်ဘာလက မဟနမှ ညွှန်ကြားချက် ပေးပို့ခဲ့ပြီး လအနည်းငယ်အကြာတွင် ရွှေည၀ါဆရာတော်မှာ ကျောင်းတိုက်မှ ဖယ်ရှားပေးခဲ့ရသည်။ 
နိုင်ငံတော် သံဃမဟာနာယက ဆရာတော် ၄၇ ပါးရှိ၍ မူလက သာသနာသန့်ရှင်းရေး ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ယင်းအဖွဲ့ကို အစိုးရအာဏာပိုင်များက နိုင်ငံရေးရည်ရွယ်ချက်ဖြင့် အသုံးချလျှက်ရှိသည်ဟု သံဃာများအကြား ပြောဆိုဝေဖန်မှုများ မကြာခဏ ထွက်ပေါ်လေ့ရှိသည်။      ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts