ကဗျာ

ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ် (Naing Oo Nyo (Po Zero)

နိုင်ဦးညို(ဖိုးဇီးရိုး)၊ သြဂုတ် ၁၊ ၂၀၁၂

ညီညွတ်ခြင်းရဲ့ ရှစ်ဆယ့်ရှစ်

ပြောင်းလဲခြင်းရဲ့ ရှစ်ဆယ့်ရှစ်
တော်လှန်ခြင်းရဲ့ ရှစ်ဆယ့်ရှစ်
ဝေဒနာများနဲ့ ရှစ်ဆယ့်ရှစ်
ဒဏ်ရာများနဲ့ ရှစ်ဆယ့်ရှစ်
ရှစ်ရက်ရှစ်လ ရှစ်ဆယ့်ရှစ်
လွန်ခဲ့တဲ့ နှစ်ဆယ့်လေးနှစ်က
ဗမာ့သမိုင်းမှာ ရာဇဝင်တွင်ခဲ့တယ် ၊
ဘဝတွေ ဘဝတွေ
ရှင်သန်နေတဲ့ ဘဝတွေ
အိမ်မက်ထဲက ဘဝတွေ
ရည်ရွယ်ချက်ထဲက ဘဝတွေ
မျှော်လင့်ချက်ထဲက ဘဝတွေ
ဘဝတွေ ဇောက်ထိုးမိုးမျှော်
ဘဝတွေ အမှောင်ဖုံးလွှမ်း
ဘဝတွေ ဝေဝါးထွေပြား
ဘဝတွေ ချည်တိုင်မဲ့သွား
ဘဝတွေ လမ်းလွဲလေလွင့်
ဘဝတွေ ပျက်စီးကြေကွဲ
ဘဝတွေ ကျိုးပဲ့ပျောက်ဆုံး
ဘဝတွေ တဆစ်ချိုးကွေ့
ဘဝတွေ ချုပ်နှောင်ခံရ
ဘဝတွေ ရိုက်သတ်ခံရ
ဘဝတွေ ချိုးဖျက်ခံရ
ဘဝတွေ လဲခဲ့ရ
ဘဝတွေ ပြိုခဲ့ရ
ဘဝတွေ ငိုခဲ့ရ ၊
ဒေါင်း အမှန်တွေ
ဒေါင်း အကြံတွေ
ဒေါင်း ဝင်စားတွေ
ဒေါင်း ဗလာတွေ
ခွပ်ဒေါင်းတွေ
ဖွတ်ဒေါင်းတွေ
ကဒေါင်းတွေ
ခွဒေါင်းတွေ
ဖွဒေါင်းတွေ
အလှဒေါင်းတွေ
ဘဝဒေါင်းတွေ
ပြန့်ကျဲ ရှုတ်ထွေးသွား ၊
ရှင်သန်သူတွေ ရှင်သန်နေဆဲ
ရုန်းကန်သူတွေ ရုန်းကန်နေဆဲ
ရင့်ကျက်သူတွေ ရင့်ကျက်နေဆဲ
ဖြတ်သန်းသူတွေ ဖြတ်သန်းနေဆဲ
ပြတ်သားသူတွေ ပြတ်သားနေဆဲ
ရိုးသားသူတွေ ရိုးသားနေဆဲ
နိုးကြားသူတွေ နိုးကြားနေဆဲ
ကြိုးစားသူတွေ ကြိုးစားနေဆဲ
ရိုက်စားသူတွေ ရိုက်စားနေဆဲ
နှိုက်စားသူတွေ နှိုက်စားနေဆဲ
လှိုက်စားသူတွေ လှိုက်စားနေဆဲ ၊
၂၄ နှစ် …
ဘာမှမဟုတ်သလို ဆိုပေမဲ့
ပတ္တမြားမှန်ရင် နွံမနှစ်ပါဘူး
သမိုင်းကြောင်း မှန်ရင်
ရာဇဝင် တွင်ရစ်လိမ့်မယ် ။        ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts