ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

ဇူလိုင်၂၉ ရက်နေ့ ဗြဟ္မစိုရ်ခြေလှမ်း ဒိုင်ယာရီများ (Kyaw Thu, FFSS)

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) 
ဇူလိုင် ၃၀၊ ၂၀၁၂

၂၉. ၇. ၂ဝ၁၂ ရက်နေ့ နံနက် ၉းဝဝ နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူမှ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ အမှတ် ၂၉ ရပ်ကွက် နာရေးကူညီမှုအဖွဲ့ ၆ လပြည့် အထိမ်းအမှတ် ရုံးခန်းသစ် ဖွင့်လှစ်ပွဲသို့ အသင်းသူ/သားများဖြင့် တက်ရောက်ချီးမြှင့် အားပေးစကားပြောကြားခဲ့သည်။

ဥက္ကဋ္ဌဦးကျော်သူမှ နှုတ်ခွန်းဆက် စကားပြောကြားရာတွင် “၆ လသား ရှိပြီဖြစ်သော ၂၉ ရပ်ကွက်၊ မြောက်ဒဂုံ နာရေးကူညီမှုအဖွဲ့သို့ မိမိရောက်ရှိရာ၌ အထူးဝမ်းသာ ကျေနပ်အံ့သြမိကြောင်း၊ ယခင်စတင် ဖွင့်လှစ်ချိန်ကာလများထက် ၂၉ ရပ်ကွက် မြောက်ဒဂုံနာရေးအသင်း၏ ရုပ်ဝတ္ထုအဆောက်အဦများ တိုးတက်မြင့်မားလာသည်ကို တွေ့ရှိရကြောင်း၊ ရုပ်ဝတ္ထု တိုးတက်မြင့်မားလာသလို စိတ်ပိုင်းဆိုင်ရာများလည်း တိုးတက်မြင့်မားမှုရှိရန်လည်း လိုအပ်ကြောင်း၊ ယခုကဲ့သို့ မြန်မာပြည်အရပ်ရပ် မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်းတွင် လူမှုရေးအသင်းအဖွဲ့များ များပြားလာသည်မှာ အများပြည်သူလူထုတို့အတွက် များစွာအကျိုးရှိကြောင်း၊ ထိုကဲ့သို့ အသင်းအဖွဲ့များ ပေါ်ပေါက်လာမှုသည် ရည်ရွယ်ချက်၊ ဦးတည်ချက် မပျောက်ရန်လိုအပ်ကြောင်း၊ မိမိနာမည်ကြီးရေး၊ မိမိအသပြာကြေးငွေရရှိရေး၊ အခြားအသင်းအဖွဲ့များအား ဂုဏ်တုဂုဏ်ပြိုင် ယှဉ်ပြိုင်ရေး အစရှိသည့် အတ္တများကို ဖြုတ်ပြီး မိမိကိုယ်မိမိ ကြည်ညိုမှုရှိအောင် သီလလုံခြုံရေး၊ မြတ်စွာဘုရားဟောကြားထားသော ဗြဟ္မစိုရ်တရား လေးပါးအား အမိအရလက်ကိုင်ပြု၍ ကျင့်သုံးနိုင်ရန်နှင့် ယော ဆရာတော်ကြီး ဟောကြားထားသော ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်ဖြစ်ကြောင်း” စသဖြင့် တိုက်တွန်းနှိုးဆော် အားပေးစကား ပြောကြားခဲ့သည်။

 

ထို့နောက် ၂၉ ရပ်ကွက် မြောက်ဒဂုံနာရေးကူညီမှုအဖွဲ့မှ တာဝန်ရှိသူများမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့သည်။

နံနက် ၁ဝးဝဝ နာရီအချိန်၌ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားပေါ်ပေါက်ခဲ့သော အခြေအနေအရပ်ရပ်နှင့် သဘာဝ ဘေးအန္တရာယ်များကြောင့် ဒေသခံပြည်သူများ၏ နေအိမ်များပစ္စည်း ဥစ္စာ၊ အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြရသည်။ ထိုကဲ့သို့ ပျက်စီးဆုံးရှုံးခဲ့ရသော ရခိုင်တိုင်းရင်းသား/သူများအတွက် ရန်ကုန်တိုင်း၊ တွံ့တေးမြို့ သူ/သားများမှ လူသားချင်းစာနာမှုဖြင့် ကူညီလှူဒါန်းမှုတစ်ရပ်ကို နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ကျင်းပပြုလုပ်ခဲ့သည်။

 
 
 

တွံ့တေးမြို့သူ/သားများသည် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအား ကူညီလှူဒါန်းနိုင်ရန်အတွက် ကောက်ခံထားသော အလှူငွေ ၂ဝ၃ဝဝဝဝိ/- (သိန်းနှစ်ဆယ်သုံးသောင်း) ကျပ်တိတိအား အလှူရှင်စာရင်း၊ ငွေစာရင်းရှင်းတမ်းများနှင့် အလှူရှင်များထံသို့ စနစ်တကျပြန်လည်ပေးပို့ခဲ့ကာ ယင်းအလှူငွေများအား နာရေးကူညီမှုအသင်း (ရန်ကုန်)မှတဆင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များထံသို့ ကူညီလှူဒါန်း ပံ့ပိုးနိုင်ရန်အတွက် လာရောက်လှူဒါန်းခဲ့သည်။ ထို့အပြင် တွံ့တေးမြို့မှ လာရောက်လှူဒါန်းကြသော လူမှုရေးသမားများသည် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လုပ်ဆောင်ချက် ပေးဆပ်မှုများနှင့် သင်တန်းခန်းမများအား ဝင်ရောက်လေ့လာ ကြည့်ရှုခဲ့ကြသည်။

 

မွန်းလွဲ ၁းဝဝ နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ကချင်ငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့နှင့် လက်တွဲ၍ ကချင်ပြည်နယ်ရှိ ဒုက္ခသည်များအား ကူညီလှူဒါန်းမှု အခမ်းအနားအား ကျင်းပခဲ့သည်။ ကချင် ဒေသရှိ ဒုက္ခသည်အများစုတို့သည် တရုတ်ပြည်နယ်စပ်အသီးသီး၌ ခိုလှုံနေကြရသည်။ ကချင်ဒုက္ခသည်များအား ယခင့်ယခင် သွားရောက်ကူညီလှူဒါန်းမှုများပြုလုပ်ရာတွင် အစိုးရ၏ထိန်းချုပ်နယ်မြေ၊ သတ်မှတ်ထားသော နယ်မြေများတွင်သာ လှူဒါန်းမှုများ ပြုလုပ်နိုင်ခဲ့သည်။ ထို့ကြောင့် ဒုက္ခသည်အများစုရှိရာ နယ်စပ်ဒေသအသီးသီးသို့ လှူဒါန်းမှု ပြုလုပ်နိုင်ရန်အတွက် ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ကမ်းလှမ်းလာခဲ့သည်။

 
 
 

ထို့ကြောင့် နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် ငြိမ်းချမ်းရေးကိုရှေ့ရှု၍ လူသားချင်းစာနာစိတ်ဖြင့် ထိုကဲ့သို့ စားဝတ်နေရေး ကျန်းမာရေး၊ ပညာရေး၊ လူ့အခွင့်အရေးဆုံးရှုံးမှုများ ခံစားနေရသော ဒုက္ခသည်များရှိရာ တရုတ်ပြည်နယ်စပ်ရှိ ဒုက္ခသည် စခန်းများသို့ သိန်းနှစ်ရာကျပ်တိတိ ထပ်မံလှူဒါန်းမှု ပြုလုပ်ခဲ့ပါသည်။

ယင်းဒုက္ခသည်စခန်းများတွင် ဒုက္ခသည်ပေါင်း ၆ သောင်းခန့်ရှိရာ ယခုလှူဒါန်းသော သိန်းနှစ်ရာကျပ်တိတိသည် တစ်လခွဲခန့်အတွက် စားသောက်ရေးသာ ဖြည့်စွမ်းပေးနိုင်မည် ဖြစ်ပါသောကြောင့် ကမ္ဘာ့ပြည်သူ မြန်မာ့ပြည်သူ၊ ကုသိုလ်ရှင်အပေါင်းတို့ လူသားချင်းစာနာ ထောက်ထားသောစိတ်များဖြင့် လှူဒါန်းကူညီကြပါရန် ယင်းအခမ်းအနားတွင် တိုက်တွန်းနှိုးဆော်ခဲ့သလို ပြည်တွင်း စစ်ကြီးရပ်စဲ၍ ငြိမ်းချမ်းရေးကို လူမျိုးဘာသာ မရွေးရရှိကြစေရန် မေတ္တာပို့သလိုက်ရပါသည်။

ကျော်သူ

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts