တဆန်းသစ်ကို မျက်နှာတော်မူခန်း
ထူးချင်ရင်တော့ ရူးမှဖြစ်မယ်
ဂျွန်ချိန်ဘာလိန်ရဲ့ စိတ်ကူးကို
လက်ဆွဲနှုတ်ဆက်လိုက်ကြ။
ကိုခင်ဝမ်းရဲ့ ဒြပ်မဲ့ပန်းချီနဲ့ 
ငါ ခဏခဏ စကားပြောဖြစ်တယ်။
ဆရာကြီး ဗဂျီအောင်စိုးရဲ့ စိတ္တဇကောက်ကြောင်း
ကျွမ်းမဝင်ခဲ့တာ နောင်တရ မဆုံးတော့။
ဆရာကြီးဒေါင်းနွယ်ဆွေရဲ့
စိတ်ကူးမှ ထုတ်လုပ်သည်
အဆဲခံကဗျာပုံစံတွေ
အခု ငါတို့ စားသောက်နေကြတယ်။
ခေတ်စမ်းတုန်းက ခေတ်စမ်းအလျှောက်
ဆော်ပွဲ လှော်ပွဲ ခံခဲ့ရဖူးသတဲ့
ဆရာကြီး ဒဂုန်တာရာကဆိုတယ်။
ဥခွံထဲက ထွက်ကာစ
အူဝဲသီချင်းတော့ ရိုးရာမပျက်လိုက်ဆိုရမှာပေါ့
ဆရာကြီးမောင်စွမ်းရည်ကဗျာထဲက“အလှကိုယ်စီ”များရဲ့
စု-တု-ပြု တောင်ပံခတ်နိုင်တဲ့ တနေ့ 
ဒို-ရေ-မီ-ဖာ-ဆို-လာ-တီ ပတ်ပျိုးနဲ့ ကို ကလိုက်ဦးမှာ။
ခုတော့ ငါ့ရင်တွင်းဖြစ် ခိုးကူးကော်ပီတွေတောင်
မူပိုင်တံဆိပ်ကို ခပ်တည်တည်ကပ်ရင်း
ပို့ (စ်)မော်ဒန်လိုလို၊ မော်ဒန်လိုလို
လူအရှင်လတ်လတ် မော်ဒန်ဖြစ်ချင်နေသေး။
သစ်လိုက်ကြဟေ့-အဟောင်းတွေ အလွှာလိုက်ကွာဖို့ 
ရေးဆေးရင် ပြောင်တယ်ဆိုတဲ့ဝေါဟာရကြား
ရေချိုးပြီး သစ်လိုက်ကြရအောင်
သစ်ရင်ထူးတာပဲ ရူးလိုက်ဦးမယ်
စံနစ်ဟောင်း၊ဝါဒဟောင်း၊စိတ်ဟောင်း၊အရေခွံဟောင်းတွေခွာရင်း
လိုက်လျောညီထွေဖြစ်အောင် ဇာတ်တိုက်ထားကြ။
သစ်မှကို ထူးမယ်၊ ထူးဖို့ ရူးရမယ်၊ ရူးမှ ထူးမှာလေ
ဒို့ ခေတ်မှာ ဒို့ တမျိုးရူးလို့  အကွက်ရွှေ့ ကြ
နိုင်ငံတော်သီချင်း ရက်ပါ ပါးစပ်ထဲထည့်လိုက်ပြီ
ငွေရောင်ပိတ်ကားထက်မှာ
ပြကွက်သစ်များနဲ့ ပျော်ပါးနိုင်စေ အိပ်မက်များ။ ။