ဇော်အောင် (မုံရွာ) ရေခြားမြေခြား မြန်မာများ

ဟိုချီမင်းမြို့သို့ အလည်တခေါက် အလည်ရောက်တယ် (Zaw Aung (Mon Ywa))

ဟိုချီမင်းမြို့သို့ အလည်တခေါက် အလည်ရောက်တယ် 
ဇော်အောင် (မုံရွာ)
ဇူလိုင် ၂၆၊ ၂၀၁၂

ဟိုချီမင်းမြို့က ပြင်သစ်စတိုင် ကော်ဖီခါးခါးတခွက် နေ့ခင်း ထမင်းစားချိန်၊ ထမင်းစားပြီးနောက် ဗီယက်နမ်၊ ဟိုချီမင်းမြို့က ကော်ဖီဆိုင်တခုကို နာရီဝက်ခန့် သွားရောက်ဖြစ်ပါတယ်။ ထုံးစံအတိုင်း မော်တော်ဆိုင်ကယ်လေးတွေနဲ့ သွားကြပါတယ်။ ဆိုင်က သိပ်မကြီးပေမယ့် ဓနိမိုးထားတဲ့ဆိုင်လေးမှာ ၁၀ ပေပတ်လည် အခန်းလေးတွေမှာ လွှဲလို့ရတဲ့ လူကြီးစီး ပုခက်လေးတွေ ၄ ခု တပ်ဆင်ထားပါတယ်။ လူ ၄ ယောက်သွားပြီး တယောက် ပုခက်တခုစီ နေရာယူပါတယ်။

ဧည့်ကြိုမိန်းမငယ်တဦးနဲ့ ဗီယက်နမ်လူငယ်၂ ဦးတို့ ဗီယက်နမ်စကားနဲ့ အုန်းရည် မှာသောက်ပါတယ်။ ဖိလစ်ပိုင်လူမျိုးနဲ့ ဗမာလူမျိုး ၂ ယောက်ကတော့ ဗီယက်နမ်စကားလည်း မတတ်၊ သူတို့မှာတဲ့ အုန်းသီးနဲ့ အုန်းခြစ်၊ ဇွန်းနဲ့ခြစ်စားသောက်ရင် ပုခက်စီးနေပါတယ်။ ပုခက်က လူတကိုယ်လုံးဝင်နိုင်ပြီး ၄ ယောက်စလုံး ကိုယ့်ရဲ့မိုဘိုင်းဖုန်းလေးတွေ ထုတ်ကြည့်၊ အင်တာနက် ဝိုင်ဖိုင်က အခမဲ့ သုံးခွင့်ပေးထားတော့ အားလုံး မိုဘိုင်းဖုန်းနဲ့ အင်တာနက် အီးမေးလ်ကြည့် အနားယူနေကြပါတယ်။

ပုခက်ကလေးများဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ အထူးသဖြင့် ကော်ဖီဆိုင်များမှာ ပုခက်တွေ ချိတ်ထားပြီး၊ လူကြီးပုခက်စီး ဇိမ်ခံတဲ့အကျင့်ဖြစ်နေပါတယ်။ ဘယ်လိုနည်းနဲ့ ပုခက်စီးတဲ့ အလေ့ကျင့် ဗီယက်နမ်တွေဆီ ရောက်လာတယ်တော့ မသိပါ။ ဖြစ်နိုင်တာကတော့ ဗီယက်နမ်စစ်အတွင်းမှာ လူတကိုယ်၊ အထုတ်တခု၊ သေနတ်တလက်နဲ့ စစ်တိုက်ရတဲ့အချိန် တောတောင်များကြားမှာ အိပ်ဖို့ နေရာကို တိုင်၂ တိုင် ကြိုးချည်ပြီး၊ ပုခက်ဆင် အိပ်ကြပုံရပါတယ်။

အလုပ်ရုံ၊ စက်ရုံတွေမှာလည်း နေခင်း ထမင်းစားချိန်မှာ အလုပ်သမားတွေ အပြင်ထွက်လာပြီး ကိုယ့်ပုခက်ကြိုးလေးကို တိုင် ၂ တိုင်မှာချည်၊ ပုခက်စီးပြီး အိပ်ပျော်နေကြတာ တွေ့ရပါတယ်။ ဆောက်လုပ်ရေးလုပ်တဲ့ အလုပ်သမားတွေလည်း ဆောက်လုပ်ရေးလုပ်တဲ့နေရာမှာ ထမင်းထုပ် ဖြည်စားသောက်တယ်။ ပြီးတော့ ပုခက်ထုတ်ပြီး တိုင် ၂ တိုင်ကို ချည်နှောင် စီးပြီး အိပ်ကြပါတော့တယ်။

ပုခက်စီး ဇိမ်ခံခြင်း အလေ့ကျင့်တခုပါ

ကော်ဖီဆိုင်မှာထိုင်ပြီး ဇိမ်ခံ၊ စကားပြော၊ ကော်ဖီသောက်တဲ့ အလေ့ကျင့်က အမေရိကား STARBUCKS Coffee နဲ့ ကမ္ဘာတင်မက ဗီယက်နမ်မှာလည်း တော်တော်ပေါ်ပြူလာ ဖြစ်ပါတယ်။ မြန်မာပြည်ကတော့ လက်ဖက်ရည်ဆိုင်လို့ ခေါ်တာပေါ့၊ အတူတူပါပဲ။ အထူးသဖြင့် အမျိုးသားများ၊ လူငယ်များ ကော်ဖီဆိုင်ထိုင်တဲ့အချိန် ဇရက်မင်းစည်းစိမ် ခံကြပါတယ်။ ဗီယက်နမ် ဟိုချီမင်းမြို့မှာ လူတယောက်ရဲ့လစာက ဒေါ်လာ ၃၀၀ လောက် (အနိမ့်ဆုံး) ရှိပါတယ်။

ကော်ဖီဆိုင်ထိုင်ရင်း တနာရီဇိမ်ခံ ကော်ဖီသောက်ရင် ငွေဘယ်လောက်ကုန်မလဲ တွက်ချက်ကြည့်တယ်။ ထုံးစံအတိုင်း စားပွဲထိုးကတော့ မိန်းမငယ်ကလေးတွေပါပဲ။ ကော်ဖီတခွက် … ပြင်သစ်စတိုင်ကို လမ်းဘေးဆိုင်မှာ 60 cents လောက်ပေးရတယ်။ ပြင်သစ်ကော်ဖီစစ်ကနေ ကော်ဖီများ ခွက်ထဲ တစက်ချင်း ကျပါတယ်။ အဝါရောင် ရေခဲနဲ့ ဖန်ခွက်ပုလေးတခွက်လည်း ပေးပါတယ်။ နောက် ဖန်ခွက်ရှည်တခုမှာ ရေခဲနဲ့ ဇွန်းတချောင်းလည်း ပေးပါတယ်။ ကော်ဖီခွက်ထဲ စစ်ကျလာတဲ့ ပြင်းလှတဲ့ကော်ဖီကို ဖန်ခွက်ရှည်က ရေခဲထဲ ထည့်သောက်ရပါတယ်။ ဗီယက်နမ်မှာ ကော်ဖီပူပူလေး မသောက်ကြဘဲ ရေခဲနဲ့ ကော်ဖီအေးအေးပဲ သောက်တာကို တွေ့ရတယ်။

ကော်ဖီအေးအေးလေး အရသာခံပြီး သောက်လိုက်၊ စပါးအရောင် ခွက်ပုလေးထဲက လက်ဖက်ရည်ကြမ်းအရောင်နဲ့ မွှေးကြိုင်တဲ့ ရေခဲ့ရည်ကို သောက်လိုက်၊ လမ်းဘေးက သွားလာနေတဲ့ မော်တော်ဆိုင်ကယ်မောင်းသမားများ မျက်နှာကို အဝတ်နဲ့စည်းထားတာကို ကြည့်လိုက်၊ ပေါ်လူးရှင်း လေထုညစ်ညမ်းလို့ လူတော်တော်များများက အဝတ်များနဲ့ နှာခေါင်းကို ကာကွယ်ထားရပါတယ်။ စက်ဘီးစီးလာတဲ့ အမျိုးသမီးများစွာလည်း လမ်းမပေါ်မှာ မောင်းနှင်သွားလာကြပါတယ်။

စီးကရက် ပြည်တွင်းထုတ် ဆိုင်ဂုံတဆိပ် တဗူးကို 60 cents ပဲ ပေးရတယ်။ ကော်ဖီဆိုင်ထိုင်သူများ ကိုယ်စီကိုယ်ငှ စီးကရက်ဗူးလေးကိုယ်စီနဲ့ စီးကရက်သောက်လိုက်၊ ကော်ဖီလေးသောက်လိုက်၊ လမ်းဘေးကို ငေးကြည့်လိုက်၊ အချင်းချင်း စကားစမြည်ပြောလိုက် … ထိုင်နေချိန်မှာ ဆိုင်တွင်းက ဗီယက်နမ် အလွမ်းသီချင်း ဖွင့်ထားပါတယ်။ ရှမ်းသီချင်းပုံစံ အသံချိုချိုသာသာကို နားထောင်ရပါတယ်။ ဆိုင်အတွင်းထဲမှာတော့ တီဗွီကြိုက်သူများ သွားကြည့်နိုင်ပါတယ်။ ဆိုင်မှာ ၅ မိနစ်တခါ အပေါ်က ပိုက်ကနေ ရေမှုံ ရေဖွားတွေ ဖူးခနဲ ရေငွေ့ပမာ ကျဆင်းလာပါတယ်။ မွေးကြိုင်တဲ့ အနံ့နဲ့ ရေမှုံ ရေဖွားများကျလာလို့ အေးချမ်း ကြည်နူးရပါတယ်။ ဒါနဲ့ ဘီယာတဗူး၊ Local Made “Saigon Beer” ကလည်း ပုလင်းသေးတခုကို 80 cents လောက်နဲ့ သောက်နိုင်ပေမယ့် လမ်းဘေးဆိုင်တွေမှာ ဘီယာ မရောင်းပါဘူး။ ဘီယာကို အထူးအခွန်မြင့်မြင့်ပေးပြီးဖွင့်တဲ့ ကာရာအိုကေ ဘား၊ စားသောက်ဆိုင်များမှာပဲ အများအားဖြင့် ရောင်းပါတယ်။ ဗီယက်နမ်အစိုးရရဲ့ လူတန်းစား ၂ ရပ်ကို ခွဲခြားထားတဲ့ ဆိုရှယ်လစ်နဲ့ အရင်းရှင်စနစ် ၂ ခု တပြိုင်တည်း ရပ်တည်နေခြင်းပါ။

တလ ဒေါ်လာ ၃၀၀ လောက် ဝင်ငွေရှိချိန်မှာ တနေ့ တဒေါ်လာဖိုးလောက်တော့ ဆိုင်မှာကော်ဖီသောက် သုံးစွဲပြီး ဇိမ်ခံနိုင်ကြပါတယ်။

လမ်းဘေးတလျှောက်မှာ ကော်ဖီဆိုင်များ အလွန်ပေါ်များလှပါတယ်။ တချို့ဆိုင်ကြီးများဆို ကော်ဖီသောက်သူများ လူ ၃၀၀ မက ထိုင်နေကြတာကို တွေ့ရပါတယ်။ ကော်ဖီဆိုင်က ကော်ဖီ၊ လက်ဖက်ရည်နဲ့ အအေးမျိုးစုံပဲ ရောင်းပါတယ်။ ဗီယက်နမ်ရဲ့ ရိုးရိုး ကော်ဖီဆိုင်ထိုင် အတွေ့အကြုံနဲ့ ပုခတ်စီးဇိမ်ခံ ကော်ဖီသောက်ခြင်း အတွေ့အကြုံဖြစ်ပါတယ်။

လေထုညစ်ညမ်းမှု

ဗီယက်နမ်မြို့ကြီးတိုင်းမှာ မော်တော်ဆိုင်ကယ်ကတော့ ပေါများလွန်းပါတယ်။ ဟိုချီမင်းမြို့ဆို မော်တော်ဆိုင်ကယ်စီးသူ အထူးသဖြင့် လှပတဲ့အရွယ် မိန်းကလေးငယ်များကို ကြည့်ပြီး စာနာမိပါတယ်။ သူတို့လည်း အလုပ်သွား၊ အလုပ်လာ … မြန်မာပြည်လို ဘတ်စ်ကားထဲမှာ လှလှပပထိုင်ပြီး သွားချင်ပေမယ့် ဟိုချီမင်းမြို့မှာ ဘတ်စ်ကားစီးလို့ မကိုက်ပါဘူး။ ဆိုင်ကယ်စီးတော့ မြန်မြန်ရောက်တယ်။ အချိန်ကုန် သက်သာတယ်။ ငွေကုန် သက်သာပါတယ်။

အဆိုးဆုံးကတော့ မိန်းကလေး၊ ယောင်္ကျားလေးများ တမျက်နှာလုံးဖုံးတဲ့အထိ မျက်နှာဖုံးစွပ်ထားရတယ်။ ကျုပ်ကိုယ်တိုင် မြို့ထဲ (ကားမစီးဘဲ) မော်တော်ဆိုင်ကယ်၊ စက်ဘီးနဲ့သွားတာ တနာရီလောက်ကြာတော့ အလွန်မွန်ထူလှတဲ့ လေထုညစ်ညမ်းမှုဒဏ် မခံနိုင်ပါ။ မော်တော်ဆိုင်ကယ်များရဲ့ မီးခိုးကြောင့် ဖြစ်ပါတယ်။ ဒီတော့ မိန်းမငယ်လေးများ လှပချင်ပေမယ့် ဖုံမှုန့်ရန်ကာကွယ်ဖို့ မော်တော်ဆိုင်ကယ်မောင်းရင် မျက်နှာဖုံးစွပ်၊ ဂျာကင်အင်္ကျီဝတ်ပြီး သွားလာရတာ ရှိုးပဲ့ပေမယ့် မတတ်နိုင်ပါ။

လေထုညစ်ညမ်းမှု မော်တော်ဆိုင်ကယ်အစား ဘတ်စ်ကားများ ပြေးဆွဲဖို့ကတော့ အစိုးရရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ဘတ်စ်ကားစီးတဲ့အခါ ဟိုး လွန်ခဲ့တဲ့ ၂၅ နှစ် မ.ဆ.လ အစိုးရ မြန်မာပြည်က ဝန်ထမ်းဘတ်စ်ကားလက်မှတ်များ (အထူးသဖြင့် အမျိုးသမီးများ) အသုံးပြုပြီး သက်သာချောင်ချိရေးလုပ်ပေးထားတာ တွေ့ရပါတယ်။ ဆိုင်ကယ်မစီးတဲ့လူများအတွက်တော့ ဘတ်စ်ကားကို အချိန်ကုန်၊ ငွေကုန်ခံ စီးနေရမှာပါ။ မ.ဆ.လ မြန်မာ့ဆိုရှယ်လစ်ခေတ်က ဂဋ္ဌုန်ဆိုတဲ့ လူတန်းစားတရပ်လည်း ဟိုချီမင်း ရပ်ကွက်တွေမှာ တွေ့ရတယ်။ တရားမဝင် (အခွန်မပေးဘဲ) ဈေးရောင်းသူများရဲ့ပစ္စည်းတွေကို အာဏာနဲ့ သိမ်းဆည်းနေတာပါ။ အာဏာအလွဲသုံးပြီး အာဏာပြနေကြတဲ့ ဂဋ္ဌုန်လူတန်းစားတွေ ဗီယက်နမ်မှာ မရှိမဖြစ် ရှိနေသေးကြောင်း တွေ့ရပါတယ်။

ဟိုချီမင်းမြို့သို့ အလည်တခေါက်လာခဲ့ပါ

ဖိတ်ခေါ်ချင်ပါတယ်။ မြန်မာပြည်ပြုပြင်ပြောင်းလဲမှု ခေါင်းဆောင်ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်နဲ့အဖွဲ့ ဗီယက်နမ်နိုင်ငံကို အုပ်စုလိုက် ၂၀၁၁ တုန်းက အလည်လာခဲ့ပြီးပါပြီ။ ဟိုး … အရင်ကတော့ မကြာခဏ တိတ်တိတ်ကလေးလာပြီး လေ့လာတယ်။ အဓိကတော့ ဗီယက်နမ်နိုင်ငံဟာ FDI လို့ခေါ်တဲ့ နိုင်ငံခြား ရင်းနှီးမြုတ်နှံမှု ကန်ဒေါ်လာ ဘီလျှံပေါင်း ၂၀၀ လောက်ရယူထားနိုင်တာကို ဦးသိန်းစိန်အစိုးရ အရမ်းအားကျတဲ့ သဘောပါ။ မြန်မာနိုင်ငံက အခုမှ ကန်ဒေါ်လာ ဘီလျှံ ၂၀ (ဗီယက်နမ်ရဲ့ဆယ်ပုံတစ်ပုံ) ပဲ ရထားပါတယ်။ တဦးချင်းဝင်ငွေအရ ဗီယက်နမ်လူမျိုးများ မြန်မာပြည်ထက် ၃ ဆ ဝင်ငွေပိုကောင်းပေမယ့် မြန်မာပြည်ထက် ကုန်ဈေးနှုန်းအားလုံး ဈေးနည်းလှပါတယ်။

မြန်မာပြည်ပြန်ပြီး စီးပွား၊ လူမှု၊ နိုင်ငံရေး လုပ်ချင်တဲ့ ပြည်ပရောက်မြန်မာများ ထိုင်း၊ မလေးရှား၊ စင်ကာပူကိုတော့ ရောက်ဖူးကြပြီး ဖြစ်ပါတယ်။ အဲဒီနိုင်ငံများလောက် တိုးတက်ဖို့ဆိုတာ အဝေးကြီးလိုပါသေးတယ်။ ဗီယက်နမ်ကို မီအောင် မနည်းလိုက်ရပါမယ်။ ဗီယက်နမ်ကလူများ ကျပ် ၁၅၀၀ တန် ဆင်းမ်ကဒ် SIM Card နဲ့ ကျပ် ၁ သိန်းတန် ဗွီဒီယိုဖုန်းနဲ့ Viber, Skype, Tango စနစ်တွေကို တလ ကန်ဒေါ်လာ ၁၅ လောက်ပဲ ကုန်ကျခံပြီး တယ်လီဖုန်း၊ ဗီဒီယို ချက်တင် chatting လုပ်နိုင်ပါတယ်။ မြန်မာပြည်တွင်း၊ ပြည်ပ စိတ်ဝင်စားသူများ လာရောက် လေ့လာစေလိုပါတယ်။

ဈေးကြီးလှတဲ့ မြန်မာပြည်က ဝိသမလောဘ စီးပွားရေး A company, B company များကို သမ္မတ ဦးသိန်းစိန် အစိုးရက စတင်ဖယ်ရှားနေပြီဖြစ်ပါတယ်။ ရန်ကုန်မြို့ဟာ ၂ နှစ်အတွင်း ကမ္ဘာ့မြို့ကြီးပေါင်း ၁၃၀ ကို ဖြတ်ကျော်ပြီး အဆင့် ၃၅ ကိုရောက်လာခြင်းဟာ ဝိသမစီးပွားရေးသမားများကြောင့်လို့ပဲ ကျုပ် ယူဆပါတယ်။ ပြည်တွင်း၊ ပြည်ပ ၂ ခုစလုံးက ကိုယ်ကျိုးရှာ စီးပွားရေးသမားများကို ကာကွယ်နိုင်ရင် မြန်မာပြည်သားများလည်း တောကြိုတောင်ကြား၊ လယ်သမားကအစ ကားမောင်းရင်း လယ်ထွန်တဲ့ခေတ်ကို မကြာခင်ရောက်မယ် မျှော်လင့်ပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts