မိုးမခကို ပေးတဲ့စာ

မွန်ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ ထမင်းရှင် ဘယ်သူလဲ

မွန်ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ ထမင်းရှင် ဘယ်သူလဲ 
ရာမညသား ။ ဇူလိုင် ၂၆၊ ၂၀၁၂ 

မွန်ပြည်နယ် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ ရှင်စောပုလမ်းအတွင်း တရားမဝင် ဖွင့်လှစ်လုပ်ကိုင်နေသော အနှိပ်ခန်းနှင့် အခြားသော မြိုင်သာယာရပ်ကွက်အတွင်းရှိ တရားမဝင်ဖွင့်လှစ်ထားသော အနှိပ်ခန်းများအား တိုင်ကြားသော်လည်း ဖမ်းဆီးအရေးယူဖယ်ရှားခြင်း မရှိသောကြောင့် အွန်လိုင်းမီဒီယာများမှတစ်ဆင့် နေပြည်တော်မှ သက်ဆိုင်ရာလူကြီးမင်းများမှ လိုအပ်သလိုအရေးယူဆောင်ရွက်ပေးပါရန် တင်ပြခဲ့ပါသည်။

ထိုသို့တင်ပြခဲ့ရာ ၉-၇-၂၀၁၂ ရက်နေ့တွင် မိုးမခ အွန်လိုင်းမီဒီယာ၊ ၁၃-၇-၂၀၁၂ ရက်နေ့တွင် သစ်ထူးလွင် အွန်လိုင်းမီဒီယာ များတွင်ဖော်ပြပါရှိခဲ့ပါသည်။

ထိုသို့ပါရှိခဲ့မှုကြောင့် ၁၅-၇-၂၀၁၂ ရက်နေ့ ညတစ်နာရီခန့်တွင် မွန်ပြည်နယ် ပြည်နယ်ရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့ အပါအဝင် အဖွဲ့ပေါင်းစုံမှ ရဲတပ်ဖွဲ့ဝင်အင်အား ၄၀ ခန့်ဖြင့် အယောင်ပြ ရှာဖွေပြခဲ့ပါသည်။

ထိုသို့ အယောင်ပြရှာဖွေပြသောအချိန်တွင် မြိုင်သာယာရပ်ကွက်တစ်ခွင်ရှိ အနှိပ်ခန်းအသီးသီးမှာ တံခါးပိတ်၊ မီးမှိတ် ကိုယ်ဖျောက်နေခဲ့ကြပါသည်။ အချိန်နှစ်နာရီခန့် ကြာမြင့်သောအဆိုပါ အယောင်ပြရှာဖွေစစ်ဆေးမှု ပြီးစီးသော နံနက်သုံးနာရီအချိန်ခန့်မှ စတင်၍ ပြန်လည်ဖွင့်လှစ်လုပ်ကိုင်နေကြသည်မှာ ယနေ့ထက်တိုင် ဖြစ်ပါသည်။

မြိုင်သာယာရပ်ကွက်၊ ရှင်စောပုလမ်း၊ အမှတ်(၄၇) တွင်ဖွင့်လှစ်ထားသော တရားမဝင်အနှိပ်ခန်းမှာ ပြည့်တန်ဆာလုပ်ငန်းကိုပါ ပူးတွဲလုပ်ကိုင်နေကြောင်း သိရှိရပါသည်။

ထိုကဲ့သို့ တိုင်ကြားပါက တိုင်ကြားသူသာ စစ်ဆေးမေးမြန်းခံရခြင်း၊ အရေးယူဖယ်ရှားမှု မရှိခြင်း၊ အယောင်ပြရှာဖွေပြပြီး အထက်သို့ တရားမဝင်အနှိပ်ခန်းများ ဖွင့်လှစ်လုပ်ကိုင်မှုမရှိကြောင်း တင်ပြနေခြင်းများကြောင့် ရပ်ကွက်အတွင်းနေ ပြည်သူလူထုအနေဖြင့် ရဲတပ်ဖွဲ့၏ထမင်းရှင်မှာ အခွန်ထမ်းပြည်သူလူထု မဟုတ်ဘဲ တရားမဝင်အနှိပ်ခန်းများ ဖြစ်နေသလား ဟူသောယူဆချက်များဖြစ်ပေါ်စေပြီး ရဲတပ်ဖွဲ့အပေါ် ယုံကြည်မှုကင်းမဲ့စေပါသည်။

သို့ဖြစ်ပါ၍ သက်ဆိုင်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ နေပြည်တော်မှ တာဝန်ရှိလူကြီးမင်းများမှ သေချာစွာ ကြီးကြပ်ကွပ်ကဲ၍ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်အတွင်းရှိ တရားမဝင်အနှိပ်ခန်းများ ပျောက်ကွယ်သွားစေရန် လိုအပ်သလိုအရေးယူဆောင်ရွက်ပေးပါရန် ထပ်မံတင်ပြလိုက်ရပါသည်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မွန်ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ ထမင်းရှင် ဘယ်သူလဲ
  1. ဟုတ်တယ် မွန်ပြည်နယ်ရဲဟာ အဆိုးဆုံးပဲ ပြည်နယ်ဆိုးလို့ မြို့နယ်ဆိုး ရပ်ကွက် ရွာတွေ တအားဆိုးသွားတယ်..လာဘ်ပေးလာဘ်ယူလေးများတယ်။ အထက်ပါးလူကြီးစစ်ဆေးပါရန်။

Comments are closed.