Uncategorized

ခင်မောင်တိုး (၁) နှစ်ပြည့် အမှတ်တရ: နားရှိသောသူမည်သည်ကား ကြားပါစေ

ခင်မောင်တိုး (၁) နှစ်ပြည့် အမှတ်တရ: နားရှိသောသူမည်သည်ကား ကြားပါစေ
(ဂီတပညာရှင် ခင်မောင်တိုး နှစ်လည် အမှတ်တရ မိုးမခ အစီအစဉ် – ၅)
မိုးမခ
နိုဝင်ဘာ ၁၅၊ ၂၀၁၃

ခင်မောင်တိုး (၁၉၅၀-၂၀၁၂)

ခင်မောင်တိုး အမှတ်တရ မိုးမခ အစီအစဉ်တွေကို ကဗျာ ကို အခြေခံ ဖြစ်ပေါ်လာခဲ့တဲ့ ခင်မောင်တိုး ရဲ့ သီချင်းလေးတွေ နဲ့ တင်ဆက်နေရာကနေ ကွယ်လွန်ခြင်း (၁) နှစ်ပြည့်တဲ့ ဒီ နေ့ မှာတော့ ခင်မောင်တိုး သီဆိုပေးသွားခဲ့တဲ့ ရှားပါး ခရစ်ယာန် ဓမ္မတေးကောင်းလေး တပုဒ် ကို မိုးမခ စာဖတ် ပရိသတ် ခင်မောင်တိုး ချစ်သူများ အတွက် ပြောင်းလဲ တင်ဆက်ပေးချင်ပါတယ်။
ဂီတ ဟာ လူသားမျိုးနွယ်အတွက် ကမ္ဘာသုံး ဘာသာစကား လို့ ဆိုလေ့ရှိကြတယ်။  တနည်းဆိုရရင် ပေါင်းကူး ဘာသာဗေဒ၊ တူညီ ဘာသာစကား “Our Lingua Franca” ပဲပေါ့..။  ဂီတကို ခံစားနိုင်ဖို့ရာအတွက် ဘာသာစကား တူစရာမလို၊ လူမျိုး တူ စရာ မလို၊ ကိုးကွယ်ရာ ဘာသာ တူ စရာ မလိုပါ။  တနည်းအားဖြင့် ဂီတ မှာ ဘာသာစကား မရှိ၊ လူမျိုး ဆိုတာ မရှိ၊ ဘာသာတရား ဆိုတာ မရှိဘူး ဆိုတဲ့ သဘောပါပဲ..။
 ဂီတ က ပေးတဲ့ ချစ်ခြင်း မေတ္တာ နဲ့ ငြိမ်ချမ်းခြင်း တရား ကို ခံစားနားလည် ဆင်ခြင် နိုင်စွမ်းဖို့ရာ အတွက် လူသားရဲ့ ပကတိ သဘော ခံစားမှု နှလုံးသား ရှိနေရင် ရပါပြီ။  ဂီတရသ ကပေးတဲ့ ငြိမ်းချမ်းမှု တရား၊ အေးချမ်းမှု မေတ္တာ ကို လူသားအားလုံးဟာ တူညီတဲ့ နှလုံးသား၊ တူညီတဲ့ အရောင်အသွေး နဲ့ ခံစားနားဆင် ပျော်ဝင် နိုင်ကြတဲ့ အတွက် အပေါ်ယံ ဘာသာဗေဒ၊ အသွေးအရောင်၊ တိုင်းပြည် နယ်နိမိတ် ဆိုတာတွေဟာ ဂီတဗေဒ မှာ အရေးမပါဘဲ ဂီတရသ ဆိုတဲ့ စိတ္တ အာဟာရ ဆေးတခွက် ဟာ လူသားမျိုးနွယ် အားလုံး အတွက် ဘုံ စားသုံးရာ.. ဘုံ မှီဝဲရာ.. ဘုံ ဆည်းကပ်ရာ.. ဘုံ ပျော်ဝင်ရာ.. ဘုံ နေရာ.. ဘုံ ဘာသာစကား  ဖြစ်နေပါတယ်။ 
ဒီ ဘုံ ဘာသာ စကား ဂီတ ကို အသုံးချရင်းနဲ့ လူသားဟာ အပေါ်ယံ လူလုပ်၊ စနစ်အဖွဲ့အစည်း လုပ်၊ ရိုးရာ အစဉ်အလာ လုပ် မတူညီကွဲပြားမှုတွေ၊ အမုန်းတွေ ကို ချေဖျက်နိုင်တယ်။  လူသား ရဲ့ ပကတိ သဘော လူသား ဖြစ်တည်မှု ကို မြင်နိုင်စွမ်းတယ်။  လူသားမျိုးနွယ် ရဲ့ ရှင်သန် တူညီနေတဲ့ နှလုံးသားက တသွေးတည်း တရောင်တည်း ဆိုတာကို တူညီ ခံစားနားလည်နိုင်တဲ့ ဂီတ အနုပညာ ခံစားမှု ရသ က ဖော်ဆောင်ပေးစွမ်းတယ်။
ဒီသဘောကို မြင်နိုင်ဖို့က လုပ်ယူထားတဲ့ မတူညီမှုတွေ၊ ကွဲပြားမှုတွေ အရေပြား တထောက်စာ ပဲ ရှိတဲ့ အရောင် အသွေး သွင်ပြင် လက္ခဏာ တွေ ကို ကျော် နိုင်ဖို့ လိုပါတယ်။  တနည်းအားဖြင့် ခံစားနိုင်လည်နိုင်တဲ့ နှလုံးသား၊ မြော်မြင်နိုင်တဲ့ ဦးနှောက်၊ အလင်း မကွယ် အမိုက် မဖုံး သိမြင်နိုင်တဲ့ မျက်စိ နဲ့ ပကတိ သဘော အမှန်တရားကို ကြားနိုင်စွမ်းတဲ့ နား တို့ ရှိဖို့ လိုပါတယ်။
နားရှိသောသူ မည်သည်ကား ကြားနိုင်ပါတယ်။  ဒါပေမယ့် လူသား ပီပီသသ ဖြစ်ဖို့တော့ လိုပါတယ်။ လူသားဖြစ်တည်မှုကို တန်ဖိုးထားတတ်ဖို့ လိုပါတယ်။  လူသားဝါဒီ ဖြစ်ဖို့ လိုပါတယ်။
ဒီလို လူသားဝါဒ ထွန်းကားဖို့ရာကလည်း ခံစားဆင်ခြင်နိုင်မှု ရသ အနုပညာတွေ ထွန်းကား ကျယ်ပြန့်ဖို့ မရှိမဖြစ် လိုပါတယ်။  ဒီသဘောမှာ ဂီတရသ က လူသား ကို ချစ်ခြင်းမေတ္တာ နဲ့ ငြိမ်းချမ်းခြင်း ဖုံးလွှမ်း ထုံမွှမ်းထားတဲ့ လူသားပီသမှု တရား ရှင်သန်ကြီးထွားဖို့ ကြီးစွာသော အထောက်အကူ ပေးနိုင်ပြန်ပါတယ်။
ဆိုတော့ ဂီတ ဟာ လူသားတွေ ရဲ့ မတူညီကွဲပြားမှုတွေကို ချေဖျက်ပေးစွမ်းနိုင်တဲ့ လက်နက်ကောင်း တခု၊ တူညီစားသုံးရာ စိတ္တ အာဟာရ ဘုံ ဘာသာစကား တခု ဖြစ်သလို လူသားဝါဒ ထွန်းကားဖို့ရာ ထောက်ပံ့ပေးတဲ့ ဆေးစွမ်းတလက် လည်း ဖြစ်နေပါတယ်။
ဗမာ့ စတီရီယို ဂီတ က ဗမာပြည် အတွက် ဖြည့်စွက်ပေးနေတဲ့ ဂီတ ရသ ရဲ့ တန်ဖိုးဟာ ဆိုခဲ့တဲ့ သဘော အားလုံးပါပဲ။
ဒါ့အပြင် ဗမာ့ စတီရီယို ဂီတ ရဲ့ ထူးခြားချက်တခုက စတီရီယို ဂီတ ရပ်ဝန်း မှာ နောက်ခံ လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်ရာ အယူဝါဒ မတူညီကွဲပြားမှုတွေ ဟန်ချက်ညီ ဆုံစည်းရာ နေရာလေး တခု ဖြစ်နေတာပါ။  လူသားရဲ့ ဘုံတူညီတဲ့ သဘော၊ ဂီတ ရဲ့ ဘုံ ဘာသာစကား သဘောကို ဘာသာစကားစုံ၊ လူမျိုးစုံ၊ အယူဝါဒ ပေါင်းစုံ ပူးပေါင်း ယှဉ်သန် ဖြစ်တည် နေတဲ့ ဗမာ့ စတီရီယို ဂီတ ရပ်ဝန်းလေးက တဖက်က လှစ်ဟ ဖော်ကြူးနေပြန်ပါတယ်။
ဗမာ့ စတီရီယို ဂီတ မှာ ဗမာပြည်ရဲ့ လူနည်းစု လူမျိုးစု ဝင်တွေ၊ လူနည်းစု ဘာသာ ဝင်တွေရဲ့ ပါဝင် လှုပ်ရှား ပံ့ပိုးဖြည့်ဆည်းမှု က စတီရီယို ဂီတ ဖြစ်ထွန်းစ အချိန်ကတည်းက ကြီးမားခဲ့တယ်။  ဘာသာမတူ၊ လူမျိုးကွဲ ပေမယ့် လူသားဖြစ်တည်မှု သဘော အတူတူသာ ဖြစ်တဲ့ ဗမာပြည်သား လူမျိုး၊ ဘာသာစုံ ဟာ စတီရီယို ဂီတ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တူညီ၊ ရှင်သန်၊ ရပ်တည် ချစ်ခင်စည်းလုံး မေတ္တာ နဲ့ နေထိုင် လှုပ်ရှားနေကြတာကို တွေ့နိုင်တယ်။
ခင်မောင်တိုး ရဲ့ မဇ္ဈိမလှိုင်း တေးဂီတ အုပ်စု ကို ဥပမာ အဖြစ် ကြည့်ရင် တီးဝိုင်း တည်ထောင်သူ ထဲက တဦး ဖြစ်သူ ကိုရဲလွင် ဟာ ခရစ်ယာန် မိသားစု က ပေါက်ဖွားခဲ့ပြီး သူ မြတ်နိုးရာ ဂီတ နဲ့ ရှင်သန်နေထိုင်နေရင်း သူ ပြောင်းလဲယုံကြည်ရာ ဗုဒ္ဓဘာသာ အယူဝါဒ ကို ကိုးကွယ်နေသူ ဖြစ်တယ်။  မဇ္ဈိမလှိုင်း အုပ်စု နဲ့ လိစ္ဆ၀ီများ ဘဝ ဝိုင်းရဲ့ဆည်းဆာ တေးစု (၁၉၈၁) ထဲက လက်တွဲခဲ့သူ ဒရမ်မာ တွက်ကီ (စောဒေးဗစ်ထွန်းမြိုင်) ဟာ ကရင်လူမျိုး ခရစ်ယာန် ဘာသာဝင် ကောင်း တယောက် ဖြစ်ပါတယ်။  အလားတူ သဘောမျိုး ဟာ ဗမာ့ စတီရီယို ဂီတရပ်ဝန်းမှာ Iron Cross (သူရဲကောင်းလေးများ) ဂီတအဖွဲ့အပါအဝင် ကျယ်ကျယ်ပြန့်ပြန့် အများစု တည်ရှိခဲ့၊ တည်ရှိနေပါတယ်။  ဒါဟာ ဗမာ့ စတီရီယို ဂီတ ရဲ့ အလှတရား တခု လို့ ဆိုနိုင်ပါတယ်။
သူတို့အားလုံး ဟာ ဂီတ ဆိုတဲ့ ဘာသာရပ်အောက် မှာ အတူတကွ ချစ်ခင် ရပ်တည် ရှင်သန်နေကြပါတယ်။  ဘာသာတရား အသီးသီး နဲ့ သက်ဆိုင်တဲ့ ဂီတ ကိစ္စရပ်များမှာလည်း အားလုံးဟာ ခွဲခြားမှု မရှိ ပါဝင်ခဲ့ကြ၊ ပါဝင် နေကြတာကို တွေ့ရတယ်။  ဒီလို သဘောကြောင့် ခရစ်ယာန် ဓမ္မတေးတွေကို သီဆိုပေးကြတဲ့ ခရစ်ယာန်ဘာသာဝင် မဟုတ်တဲ့ ဂီတပညာရှင်များရဲ့ သီချင်းများ ကို ဗမာ့စတီရီယို ဂီတ မှာ အများအပြား တွေ့နိုင်ပါတယ်။  အလားတူပဲ ဗုဒ္ဓ ဘာသာ ဓမ္မပူဇော်တေးများကို သီဆို ဖန်တီး တီးခတ် ပေးကြတဲ့ ဗုဒ္ဓ ဘာသာဝင် မဟုတ်သူ ဂီတပညာရှင်များရဲ့ အနုပညာ ဂီတ အလုပ်တွေလည်း အများအပြား ရှိပါတယ်။
အခု တင်ဆက်မယ့် ခရစ်ယာန် ဓမ္မ တေးသီချင်းလေးက ဒီလို ကြည်နူးဖွယ်ကောင်းတဲ့ သဘောလေးကို မြင်နိုင်တဲ့အတွက် ဂီတပညာရှင် ခင်မောင်တိုး ကို အမှတ်တရ ပြုတဲ့ မိုးမခ အစီအစဉ် မှာ ထည့်သွင်း တင်ဆက်ရခြင်း ဖြစ်ပါတယ်။  ဒါဟာ ဂီတ ရဲ့ ဂုဏ်ကျေးဇူးကို ဖော်ခြင်းဖြစ်သလို ခင်မောင်တိုးရဲ့ ဂုဏ်ကျေးဇူး ကို သိမြင် ဖော်ထုတ်ခြင်း တမျိုးလည်း ဖြစ်ပါတယ်။
သီချင်းလေး အကြောင်း ကို အကျဉ်းဆိုရရင် ခရစ်တော် ရဲ့ ဂုဏ်တော်၊ ကျေးဇူးတော်တွေကို ဖော်ကြူးတဲ့ သီချင်းလေးပါပဲ။
ခရစ်တော် ရဲ့ ဂုဏ်ကျေးဇူး ကို ချီးမွမ်းခြင်းဟာ ဓမ္မတရား ကို ချီးမွမ်းခြင်း မည်ပါတယ်။  ဓမ္မ တရား မှာ ခရစ်ယာန်၊ ဗုဒ္ဓ၊ ဟိန္ဒူ၊ အစ္စလာမ်၊ ဂျူး ဆိုပြီး ကွဲပြားမှု မရှိပါဘူး။  လူသားအတွက် မေတ္တာတရား၊ ငြိမ်းချမ်းခြင်း တရား တွေကို ဆောင်ကြဉ်းပေးရင်း အလင်း နဲ့ အမှောင်၊ အမှန် နဲ့ အမှား၊  တရားမှု နဲ့ မတရားမှု၊ ဓမ္မ နဲ့ အဓမ္မ ကို ခွဲခြား သွန်သွင် ဆုံးမပေးရင်း သုခချမ်းသာ အမှန်တကယ် လွတ်မြောက်ရာ နိဗ္ဗာန် (ဝါ) ကောင်းကင်ဘုံ ကို လမ်းညွှန်ပြသခြင်းဆိုတာဟာ ဘာသာတရားအားလုံးရဲ့ ဘုံတူညီရာ ဖြစ်သလို အန္တိမ ပန်းတိုင်ဟာလည်း အတူတူ သာ ဖြစ်ပါတယ်။  လွတ်မြောက်ရာလမ်းရွေးမှု မှာ ကွဲပြားကြပေမယ့် အဆုံးသတ်ဟာ တခုတည်းသာ ဖြစ်ပါတယ်။
ပိုင်ဆိုင်ရာ.. အားလုံး.. စွှန့်လွှတ်ပြီးမှ.. အလင်းတရား.. မျိုးစေ့.. ကို.. ဆောင်ယူကာ..
ခြုံနွယ်.. တောရိုင်း.. ဖုန်းလွှမ်းထားလို့.. အလင်းတရား.. ကင်းဝေးရာ.. နေရာကို..
ပင်လယ်.. လှိုင်းကြမ်း.. ခရီးလမ်း.. ခက်ထန်.. ဆူးခင်းလမ်းကို.. ရင်ဆိုင်လာ..
ယုံကြည်ခြင်း.. နဲ့.. ပျိုး.. ထားခဲ့လို့.. အလင်းတရား.. မျိုးစေ့.. တွေ.. ရှင်သန်နေ..
♫ ♪ ♫ ♪…
အလင်း.. တရား.. မျိုးစေ့..
အလင်း.. တရား.. မျိုးစေ့.. လေးများ..
အလင်း.. တရား.. မျိုးစေ့.. လေးများ..
ရှင်သန်.. သည်..
……………..
………………
♫ ♪ ♫ ♪…
ဒီ ဓမ္မ သီချင်းလေးကို နားထောင်နေရင်းနဲ့ လူသားတွေ အတွက် အလင်းပြပေးခဲ့သူ ကြီးမြတ်လှတဲ့ ခရစ်တော် ရဲ့ ဂုဏ်ကျေးဇူးတော် ကို နှလုံးသွင်း အောက်မေ့ သိမြင်ခံစား ဖြစ်ရသလို နှိုင်းအပ်စရာမဟုတ်ပေမယ့် လူသား အတိုင်းအတာ အရ လူသား အစွမ်းအလျောက် ဂီတ ဆိုတဲ့ အနုပညာ ပစ္စည်း ကြားခံကို အသုံးချပြီး ဗမာပြည်အတွက် ချစ်ခြင်းမေတ္တာ၊ ငြိမ်းချမ်းရေး နဲ့ တရားမျှတမှု ဓမ္မ ကို စွမ်းသလောက် ပုံဖော် အလင်းတရား မျိုးစေ့ ချပေးခဲ့သူ ဂီတပညာရှင် ခင်မောင်တိုး ရဲ့ ကျေးဇူးတရားကိုလည်း အသိအမှတ်ပြု ပိုမို နားလည် ဖြစ်ရပါတယ်။
ဒီလို ကျေးဇူးတရားတွေကို သိမြင် ရင်းနဲ့ ဗမာပြည်မှာ လူသားရဲ့ ပကတိ တရား ဖြစ်တည်မှုကို ပုံဖော်၊ လူသားတန်ဖိုးကို မြှင့်တင်၊ လူသားဝါဒ ထွန်းကား စေဖို့ ကြိုးစားကြပါစို့..။
ဓမ္မတရား ခိုင်မြဲပါစေ..။
ချစ်ခြင်း မေတ္တာ တိုးပွားပါစေ..။
ငြိမ်းချမ်းခြင်း တရား ကျယ်ပြန့်ပါစေ..။
ဗမာ့ ဂီတ ကျန်းမာပါစေ..။
 နားရှိသောသူ မည်သည်ကား ကြားပါစေ..။
ဒါမှသာ ဘာသာအယူဝါဒ အသီးသီး ရဲ့ ဘုရားတွေ လမ်းညွှန်ချပြပေးသွားတဲ့ အလင်းတရား မျိုးစေ့ ကို ရှင်သန်တိုးပွားအောင် လုပ်ခြင်း မည်ပါမယ်..။
ဒါမှသာ လူသားအတိုင်းအတာ၊ လူသား အစွမ်း အလျောက် ပေးဆပ်သွားခဲ့တဲ့ ခင်မောင်တိုး တို့လို ဂီတပညာရှင်တွေ ရဲ့ ဂုဏ်ကျေးဇူးကို အမှန်တကယ် သိမြင်ခြင်း မည်ပါမယ်..။
ဒါမှသာ အခုလို ကွယ်လွန်ခြင်း နှစ်လည် အမှတ်တရ အစီအစဉ် တွေ လုပ်ရခြင်းရဲ့ အဓိပ္ပာယ် ပြည့်ဝ လှပ ပါမယ်..။
နားရှိသောသူမည်သည်ကားကြားပါစေ (Gospel Song)၊ တေးရေး – စောဝီးလ်ဖရက်၊ တေးဆို – ခင်မောင်တိုး၊ တေးစု – မနက်ဖြန်အတွက်မစိုးရိမ်နှင့် (ဓမ္မတေး အုပ်စုတေးစု) (၁၉၉၄)
Music Video URL: http://youtu.be/uI0dMEOPEFM
ရေးသား စီစဉ် တက်ဆက်သူ – ငြိမ်းချမ်းအေး
၁၅၊ နိုဝင်ဘာ၊ ၂၀၁၃

(ဂီတပညာရှင် ခင်မောင်တိုး ကွယ်လွန်ခြင်း တနှစ်တင်းတင်းပြည့်သည့် နေ့တွင် ရေးသားတင်ဆက်သည်။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts