ပင်တိုင်ကဏ္ဍ မာမာအေး

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၃၀) – Mar Mar Aye


မာမာအေး
ဇူလိုင် ၁၅၊ ၂၀၁၂

 

Mar Mar Aye - Aung San Suu Kyi Continues Her Visit To The UK
မကြာသေးခင်က လန်ဒန်မှာ တွေ့ရတဲ့ ဒေါ်မာမာအေး နဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – Getty Images)


သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … မာအေး ခုတလော ပြောဖြစ်နေတဲ့ ရွာစားကျော် စိန်စတင်းနဲ့ တေးသံရှင် နိုင်နိုင်မော်တို့ မိသားစုကို ကြည့်ပြီးတော့ ဂီတအမွေ ပေးဝေသူနဲ့ ဆက်ခံသူတို့ နှလုံး ရင်ထဲ ဂီတသန္ဓေ ဗီဇအမှန် စွဲသန် ဇွဲမာန်နဲ့မို့သာ တောက်ရွှန်းမယ့် ကြယ်တာရာ ထွန်းသစ်နိုင်တာလို့ ဆိုချင်ပါတယ်ရှင်။

မာအေးတို့ သဘင်ဂီတလောက က ရှိသမျှ အမိအဖတွေဟာ ကိုယ့်သားကိုယ့်သမီး ကိုယ့်နည်းတူ ကိုယ့်လက်ငုတ်အနုပညာအလုပ်ကို ဆက်ခံသွားစေချင်တဲ့သူတွေလို့ ပြောရမှာပါ။ ဒါက သဘင်၊ ဒါက ဂီတရယ်လို့ ခွဲခြားသမှု မပြုမီက ဟာသပညာ ညောရွှင်သော ပညာတရပ်ရပ်မှာ တတ်ပွန်လိမ္မာ အောင်မြင်ခဲ့သူတွေကို ၀မ်းတွင်းပါ အနုပညာဗီဇ အားကေါင်းတာကြောင့်လို့ ယုံကြည်ခဲ့ကြပါတယ်။

အနုပညာအမွေ ပေးဝေတဲ့ဖက်ကတော့ ‘စုန်ရေ’မေတ္တာနဲ့ပေါ့ရှင်။ ဆက်ခံရတဲ့ဖက်မှာတော့ မိဘကြောင့်သာ ၀မ်းထဲက မပါတွေ ရှိတတ်လေတော့ ဗီဇမပါ၊ ကျိုးစားတဲ့ ၀ိရိယလေးလောက်သာ ခံစားရရှာပါတယ်။ သင်တိုင်း မတတ်တဲ့ပညာ ဆိုတဲ့ ရှေးလူတို့ရဲ့စကါး ရှိတာလဲ ကြားဖူးသာ မဟုတ်လားရှင်။ ကုသိုလ်ကံအကျိုးပေးလို့လဲ တမျိုးတွေးနိုင်ပါသေးတယ်။

ဒီမိသားစုလေးမှာတော့ ပေးဝေသူနဲ့ ဆက်ခံသူ ဆန္ဒတူ ဗီဇတူတွေမို့ ဂီတအမိအဖနှစ်ပါးရဲ့ အနားမှာ ဖ၀ါးမကွာ ခြံရံနေကြတာ ပျော်စရာပါရှင်။ ရွှေအလင်္ကာစိန်မင်းနိုင်က ဆိုင်းတော်မင်္ဂလာကို ဦးစီးခေါင်းဆောင် တီးခတ်ဖျော်ဖြေ သီဆိုနိုင်တာ ကြားရပြီဘဲ။ သူတို့ဂီတမောင်နှံရဲ့ သားငယ် ဖြစ်တဲ့ ‘ကျော်ကျော်ဟန်’ ဆိုတဲ့ ကလေးကိုလဲ VCD အခွေထဲမှာ တွေ့ရပါသေးတယ်ရှင်။ စိန်မင်းနိုင် တခွေလုံးလိုလို သူက တေးပြုစာဆို လုပ်ခဲ့တာဘဲရှင့်။ ဂီတစာဆိုကလေး ဖြစ်နေပြီပေါ့။ စိန်မင်းနိုင်နဲ့ ကျော်ကျော်ဟန် ညီအကိုဟာ သူတို့အမေ နိုင်နိုင်မော်နဲ့ ပိုပြီးတူကြပါတယ်။ အကိုဖြစ်သူက တီးတယ် ဆိုတယ်၊ ညီငယ်က ရေးတယ် ပြီးတော့ ဆိုလဲ ဆိုပါတယ်။ ဆိုင်းကို ဇန်းတင်ပြီးဆိုရတော့ စည်းသုတ်ထဲမှာ အသံချိုချိုလေးနဲ့ အပြေးဆိုမျိုး ကြားရတာပေါ့ရှင်။ တကယ့် အဆိုပိုင်းမှာ ရေဒီယိုလိုင်းမျိုး ပီပီပြင်ပြင် ဆိုခဲ့ရင် ပိုကေါင်းလာဘို့ရှိပါတယ်။ သူ့မှာ မနိုင်ရဲ့ ဆွဲတဲ့ဟန်လေးတွေ ကျန်နေတာ ကြားနိုင်ပါတယ်ရှင်။ နှစ်ယောက်တွဲဆိုပေးထားတဲ့သီချင်းထဲက သူ့အသံကြားရုံကလေး နားဆင်ပေးကြပါရှင်။

 

* (ကျော်ကျော်ဟန်အသံ) တို့များရဲ့ အလှူတော်မဟာ၊ ဒီဇမ္ဗူမှာ ကျော်စေသား၊ စေတနာတရားက ထက်သန်ပေစွာ ပေးလှူနေတာ x မြင့်မြတ်စိတ်ထားနဲ့ သဒ္ဓါဖြူစါာ ပေးကမ်းလှူဒါန်းတဲ့ ဒီစေတနာ၊ အလှူ့အမကြီးရဲ့ စိတ်ထားဖြူစွာ၊ ချစ်ကြလေတာ ခင်ကြလေတာ၊ ရပ်ရွာက ချစ်စနိုးခေါ်ကြတာ သူ့အမည် ချစ်စရာ ‘ဒေါ်လှူချင်’ တဲ့ဗျာ xxx


ဒါလောက်ဆိုရင် ကျော်ကျော်ဟန်ဟာ သီးသန့် အဆိုတော် လုပ်ရင်လဲ ရပြီပေါ့နော်။ ခလေးတွေကို ရေးတာဘဲဖြစ်ဖြစ် ဆိုတာဘဲဖြစ်ဖြစ် ကိုယ်လုပ်နိုင်တဲ့ အသိုင်းအ၀ိုင်းလေးထဲမှာတင် ကျေနပ်မနေစေချင်ဘူးလို့ အားပေးချင်လိုက်တာ။ မနိုင်လေး မရှိတော့ဘူး ကြားရလို့ပါ။ မောင်စတင်းရဲ့ ဆိုင်းပဋ္ဌာန်းဆက်ကတော့ မြေးအထိ ရောက်နေပြီလို့ ကြားမိသေးတယ်။ တခေါက်လောက် ပြန်ဖြစ်မှ စုလာပြန်ပြောပေးရမယ်လို့ တေးထားလိုက်ပါတယ်။

သူတို့မိသားစုကို ၀င်ကူကြတဲ့သူတွေလဲ အခွေထဲမှာ တွေ့ပါ့ရှင်။ အကိုကြီး ကိုမင်းနောင်၊ ညီမငယ် ရီရီသန့်၊ မောင်ငယ် ရန်ပိုင်စိုးတို့ပေါ့ရှင့်။ ဂီတလောကမှာ ဒီကနေ့အထိ နေရာရအောင်မြင်နေကြတဲ့သူတွေလေ။ မောင်စတင်းကိစ္စ ဂီတမျိုးဆက်ကိစ္စ ဆိုတော့ ဘယ်နေကြပါ့မလဲ။ မာအေး ရှိနေရင်လဲ ကူရမှာဘဲပေါ့။ မဆီမဆိုင် ဆိုင်းကြိုက်တဲ့မောင် ဟာသ သရုပ်ဆောင် ကင်းကေါင်တောင်မှ လာပြီး မိတ်ဆက်ပေးတဲ့ကိစ္စကူပြောပါတယ်။

နောက်တယောက်ကတော့ မာအေးသူငယ်ချင်းအရင်းကြီး နာမည်ကျော် သွားနှင့်လေသူကြီးတွံတေးသိန်းတန်ရဲ့ သမီး “၀င်းပပသိန်းတန်”ပါတဲ့ရှင်။ ဟိုးအရင် ကိုသိန်းတန် အဆိုကျော် ရုပ်ရှင်မင်းသား မဖြစ်ခင်က သူ့အဖေနဲ့အတူ အသံလွှင့်ရုံဓါတ်ပြားခန်းကို ပါပါပလာတဲ့ သမီးလေးပါလား လို့ ပြန်ကါသာရှေ့နောက်တွေး ပြေးသတိရမိပါတယ်။ အရွယ်ရောက်မှ တခါမှ မမြင်ဖူးပါဘူးရှင်။ ကိုသိန်းတန် အလုပ်ကထွက်ပြီးတော့ ဓါတ်ပြားအဆိုတော်ဘ၀လဲ အောင်မြင်တယ်၊ ရုပ်ရှင်မင်းသားလဲ အောင်မြင်တယ်။ ရုပ်ရှင်နဲ့သဘင် ကပွဲဆင်တော့လဲ အောင်မြင်တယ်။ ဒါနဲ့ ဘယ်မှာတွေ့ကြရတော့လို့လဲ။ ခလေးတွေတော့ ဝေးရောပေါ့။ သူ့သားအကြီးကေါင်ကလေးကတော့ ကိုသိန်းတန်အဖွဲ့မှာ ဇါတ်မင်းသားလေးအဖြစ် ၀င်ကပေးတာ တွေ့တယ်။ သူ့တို့အမေက ကိုယ့်လောကသားထဲက မဟုတ်တော့ လူချင်း ပြတ်သွားတာပေါ့လေ။ ဒီအခွေထဲမှာ လူကူဆိုပေးတဲ့ “၀င်းပပသိန်းတန်”ဟာလဲ သူ့အမေနဲ့ ပိုတူတယ် ထင်ပါတယ်။ ကိုယ့်သူငယ်ချင်းနဲ့ တူတာ မျက်ဝန်း မျက်တောင် နေရာနဲ့ နှုတ်ခမ်းမှာ ရှိနေလို့ သမီးမှန်း သေချာတော့တာပါရှင်။ “၀င်းပပသိန်းတန်”ရဲ့ အသံကိုလဲ ကြားရုံလေးဘဲ ဆိုတော့ ခွင့်လွှတ်ပေးကြဦးပေါ့ သောတရှင်တို့ရယ်။ ရန်ပိုင်စိုးနဲ့ အတူဆိုတဲ့ သီချင်းက ထုတ်ထားရလို့ပါနော်။

ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

စာစီစာရိုက် – မျိုးဇော်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on ““ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၃၀) – Mar Mar Aye

Comments are closed.