ကဗျာ

ဂါတွေ ဘလတ်ပြီး နူးတဲ့ ဟောဒီမြေကမ္ဘာ

ခင်အောင်အေး၊ ဇူလိုင် ၁၅၊ ၂၀၁၂

သူတို့ ပြိုဆင်းလာကြပြီ

ဒီဖက်ကို ယိုင်ထွက်လာတဲ့ အုပ်စုတွေ

တစ်ဖက်သတ် ထိုးထားတဲ့ စပေါ့လိုက်ထ်တွေ

ဝင်းဝင်းတောက်နေတဲ့ အလင်းထဲ တဖျပ်ဖျပ်

ဒါပေမယ့် ၀ရုန်းသုန်းကား နိုင်လွန်း ဒေါသ မီးတောက်

မီးလျှံတွေ နောက် ပေါက်ကွဲမှုတွေ ထိန်းမနိုင် သိမ်းမရ

ပရမ်းပတာ ပြန့်ကားသွားမှုများ

ပန်းခြံ တစ်ခုထဲမှာ

ကောင်လေးတစ်ယောက်ကို

ကောင်မလေး တစ်ယောက်က

ဗြန်းကနဲ ပါးကို လွှဲရိုက်ပစ်လိုက်တယ်

တစ်ကမ္ဘာလုံးဆိုင်ရာ ချိုမြိန်မှု

ခင်ဗျားလက်ထဲက စာရွက်ကို ခင်ဗျား ဘယ်လောက်ယုံကြည်သလဲ

ဖိုရမ်တွေ၊ စယ်မီနာတွေ၊ ၀ပ်ခ်ရှော့ပ်တွေ၊ ကွန်ဖရင့်န့်စ်တွေ

သစ်ပင်စိုက်ရတာနဲ့ ဆင်စွယ်တွေ မီးရှို့ဖျက်ဆီးရတာနဲ့

မီဂါ ကြော်ငြာ လုပ်ငန်းတွေကို ဟိုဟာ ဒီဟာ ကန့်သတ်ရတာနဲ့

ဒါဆို လုံလောက်သွားပြီလား ရေခဲတွေ ပျော်ကျနေတာကို ထိန်းသိမ်းနိုင်ပြီလား

ရေစီးကြောင်းတွေ ကမောက်ကမ ဖြစ်နေတာတွေကို တံ့ရပ်လိုက်နိုင်ပြီလား

ရင်ပတ်မှာ သွေးစွန်းကွက်နေတဲ့ အင်္ကျီ ဒီဇိုင်းပုံ တီရှပ်ဝတ်ထားတဲ့

အဲဒီ သူငယ်နဲ့ စကားပြောကြည့်တော့ သိမှု လို့ သူက ပဲ့တင်ထပ်တယ်

ကိုယ်က စကားလုံးပါကွာလို့ ယောင်နန ပြောတော့ သူတင်ပလွှဲထိုင်နေတဲ့

၂၈ ထပ်အမြင့် ၀ရံတာ လက်ရမ်းကနေ မြို့ကြီးကို ငုံ့ကိုင်းကြည့်တယ် ကိုယ်

အူယားလာတယ် ဒါနဲ့ ဘာမှ မလုပ်တတ်တဲ့ အဆုံး ခွက်ထဲက လက်ကျန်အရက်

ကိုပဲ တစ်ဆုံးတစ်စ မော့ချ လိုက်ရတယ် ဒါ ကိုယ်အကျွမ်းကျင်ဆုံး အလုပ်ပဲ ဒီဘ၀ မှာ

မီဒီယာတွေမှာ ဖွေးဖွေးလှုပ် ဖေ့စ်ဘုတ်မှာ မန့်လိုက်ကြတာ အတောမသတ် အစစ်

အမှန်ဖြစ်ရပ်ဟာ ပညာသားပါပါတင်ဆက်မှုတွေကြားထဲမှာ ပျောက်ဆုံး…

ကလေး ၃ ယောက်ရပြီးမှ ဘ၀တစ်လျှောက်လုံး အတူတူလက်တွဲသွားဖို့

(ခုမှ အရသာ တစ်စုံတစ်ရာ ရှာဖွေတွေ့ရှိသွားဟန်ထင့်) ရုံးတက် လက်မှတ်ထိုး

တရားဝင် လက်ထပ်မင်္ဂလာပွဲ ဆင်နွှဲတော့မယ်ဆိုတဲ့ စယ်လစ်ဘရစ် ၂ ယောက်

ရဲ့ ဘရိတ်ကင်း နျူးစ် ..(လက်ကွက်မှား click မိခြင်းရဲ့ အစွန်းထွက်ရလဒ်)

မနက် မနက်ဆို..

ဘာကြီးဖြစ်နေနေ ကော်ဖီ တစ်ခွက်တော့ အမိအရ ဖျော်သောက်တယ်

မျက်ချေး စင်ချင်မှ စင်မယ် အိမ်သာတက်တဲ့ ကိစ္စ ရာနှုန်းပြည့် အောင်မြင်ချင်မှ

အောင်မြင်မယ် ဒါပေမယ့် လက်ပ်တော့ အစုတ်အချာကလေးကို အရေးတကြီး ပါဝါ

အွန်ထားလိုက်တယ် ဆိုင်းဂ်အင် ၀င်တာ အဆင်ပြေ ချောမောသွားပြီဆိုရင်တော့

တစ်မေ့တစ်မောကြီး ညိသွားပြီ ကိုယ်နဲ့ဘာမှ မဆိုင်တဲ့ လူတကာ ယိုချတဲ့ချေးလို

ဇာတ်လမ်းဇာတ်ကွက်တွေထဲ မေ့လျော့မျောပါ သွားတော့တာပါပဲ။    ။

ခင်အောင်အေး

၁၄၊ ဇူလိုင်၊ ၂၀၁၂ ဖရာ့ပါရာဒင်န်၊ ဘန်ကောက် ၂၁း၁၃ နာရီ

(Photo credit – http://dcsillada.multiply.com/photos/hi-res/upload/SISouQoKCCcAABttKUc1 )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts