ရသဆောင်းပါးစုံ

ကိုသီလနှင့် တခါက … ကျေးလက် စာသင်ကျောင်းကလေး (၂)

ကမာပုလဲ
ဇူလိုင် ၁၂၊ ၂၀၁၂
• ကိုသီလ မြွေဖမ်းခြင်း

ရှေ့မှာ ပြောခဲ့သလိုပါပဲ။ ကိုသီလဟာ လွတ်မြောက်နယ်မြေကိုထွက်မလာခင် က ကျေးလက်တွဲဖက်အလယ်တန်းကျောင်းကလေးမှာ ရွာ ခန့် ကျောင်းဆရာကလေးလုပ်ခဲ့တယ်။ ကျောင်းကလေးက မြေစို က်ကျောင်းကလေးဖြစ်တယ်။ သွပ်မိုး၊ ပျဉ်ကာပြီး လယ်ကွင်းအစပ် ချောင်း ကလေးနဲ့ကပ်လျက်မှာ တည်ထားတယ်။

ကျောင်းဖွင့်စ မိုးတွင်းကာလမှာဆိုရင်တော့ ကျောင်းနောက်က စိမ်းမြလယ်ကွင်းတွေထဲမှာ ရေတဖွေးဖွေးနဲ့ပေါ့။ ကွင်းရေဟာ မိုးများကောင်း ခဲ့ရင် ကန်သင်းတွေမြုပ်တဲ့အထိ ရေကကြီးနေတတ်ပါတယ်။ ဒီတော့ ချောင်းကလေးနဲ့ကပ်လျက်က စာသင်ကျောင်းကလေးဆီ လယ်ထဲက ကြွက်တွေဟာ ဒုက္ခသည်အဖြစ်နဲ့ ရွေ့ပြောင်းနေထိုင်ကြကုန်တယ်။ သိတဲ့အတိုင်းပဲလေ၊ ကြွက်တွေလာနေတဲ့ ရေကြည်ရာ၊ မြက်နုရာ ကို သီလရဲ့ စာသင်ကျောင်းကလေးဆီကို ညညကျရင် မြွေတွေက လိုက်လာကြကုန်သပေါ့။ ငါ့ဝမ်းပူဆာ မနေသာနိုင်ကြဘူးမဟုတ်လား။

ကျေးလက်ရွာကလေးမို့ လျှပ်စစ်မီးမရှိတဲ့အရပ်ဖြစ်တယ်။ ဖယောင်းတိုင်၊ ရေနံဆီမီးခွက်ကိုသာ သုံးစွဲနိုင်တယ်။ ဒီတော့ ကိုသီလတို့ မိသား စုဟာ ညအိပ်ယာဝင်ပြီဆိုရင် ကိုသီလက ပိတ်ခြင်ထောင်ကြီးအထဲကနေ စာအုပ်တွေ သစ်သားချောင်းတွေနဲ့ ပတ်ပတ်လည် ဖိကာထားတော့ တာပဲ။ ကလေးကိုလည်း အလယ်မှာထားအိပ်ရတယ်။ လူကြီးတွေကတော့ ကြက်အိပ်ကြက်နိုး သတိနဲ့အိပ်ကြရတယ်ပေါ့။ ရေတဖွေးဖွေး ပေါ်က စာသင်ကျောင်းကလေးမို့ ကိုရွှေမြွေတွေက ညဖက်ဆို ကျောင်းထဲ မင်းမူသောင်းကျန်းနေတတ်တယ်လေ။

ကိုသီလကို ရွာထဲက မိတ်ဆွေတယောက်က ညရေးညတာအဖေါ်အဖြစ် ခွေးကလေးတကောင် ပေးမွေးထားပါတယ်။ သူ့ကို ကိုသီလက ဘိုနီလို့ အမည်ပေးထားတယ်။ သူ့အမွှေးက အုန်းခွံရောင်ရင့်ရင့်မလား။ ဘိုနီက လိမ္မာတယ်။ အိပ်ရင်လည်း ကိုသီလတို့ မိသားစုအိပ်တဲ့ ကြမ်းပြင်အောက်က မြေကြီးပေါ်မှာအိပ်တယ်။ စာသင်ခုံတွေအပေါ် လုံးဝတက်မအိပ်ဘူး။ အပေါ့အပါးသွားတာကအစ မနက်မိုးလင်းအထိ စောင့်တယ်။ မိုးလင်းမှ တအီအီနဲ့အသံပေးပြီး ကိုသီလကို အိပ်ယာကနှိုးတယ်။ ကိုသီလက ကျောင်းတံခါးဖွင့်ပေးလိုက်ရင် ဘိုနီက လယ် ကွင်းထဲ ခပ်လှမ်းလှမ်းကို ပြေးတော့တာပဲ။ သူ့ကိစ္စတွေပြီးမှ ကျောင်းကို ပြန်လာတယ်။ ကိုသီလတို့ ထမင်းစားနေရင်လည်း အနားလာထိုင်ပြီး မမျှော်တတ်ဘူး။ ကိုသီလတို့စားပြီး နယ်ဖတ်ကျွေးတော့မှ ဣနြေ္ဒရရစားတာ။ သားကလေးကိုလည်း သူက ကျောင်းပြင်မထွက်အောင် ကိုယ်လုံးနဲ့ လိုက်လိုက်ကာပေးထားတတ်တယ်။ ကျောင်းပြင်မှာက ရေတွေဖွေးလို့မလား။

တညတော့ ဘိုနီ အတင်းထိုးဟောင်နေတယ်။ ကျောင်းထဲမှာ ဟောင်နေတာ။ ၀ူး … ရှုးဆိုတဲ့ အကောင်တကောင်ရဲ့ ဒေါသတကြီး မှုတ်သံ ကလည်း မြည်နေတယ်။ ကိုသီလ ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ်။ ဒီကြားထဲ လက်နှိပ်ဓါတ်မီးက ဓါတ်ခဲကုန်နေပြန်တယ်။ ဒီအချိန် ခေါင်းရင်းဘက်မှာနေတဲ့ ကိုသီလမိတ်ဆွေရောက်လာတယ်။ ကိုသီလလည်း အဲဒီတော့မှ ကျောင်းတံခါးသွားဖွင့်ပေးလိုက်တယ်။ မိတ်ဆွေ က သူ့ သုံးတောင့်ထိုးဓါတ်မီးနဲ့ ကျောင်းထဲနေရာအနှံ့ထိုးပြီး ၀င်လာတယ်။ ဘိုနီက ကိုသီလမိတ်ဆွေကို ပြေးကြိုတယ်။ စောစောက သတ္တ ၀ါကောင်ရဲ့ ဒေါသမှုတ်သံလည်း ငြိမ်သက်သွားတယ်။ မိတ်ဆွေက ကိုသီလတို့ အခန်းကပြင်မှာထိုင်ရင်း ကိုသီလကို စကားမပြောဘဲ ငြိမ် ငြိမ် ကလေးထိုင်နေဖို့ပြောတယ်။ သူ့လက်ထဲမှာလည်း ခက်ရင်းခွမှိန်းကြီးကို ကိုင်ထားတယ်။

ခဏနေတော့ ဘိုနီဟာ ကျောင်းထောင့်ကို ပြေးသွားပြီး ထိုးဟောင်ပြန်တော့တယ်။ ခုန သတ္တ၀ါရဲ့ ဒေါသမှုတ်သံလည်း တဖန်ပြန်ပေါ်လာတယ်။ ကိုသီလရဲ့မိတ်ဆွေက ကျောင်းထောင့်ကို သူ့လက်နှိပ်ဓါတ်မီးနဲ့လှမ်းထိုးလိုက်တယ်။ အိုး မြွေကြီးပါလား။ ယောက်ျား လက်ကောက်ဝတ် လောက်ရှိမယ်။ ပါးပျဉ်းထောင်ပြီး ဘိုနီကိုလှမ်းပေါက်တယ်။ ဘိုနီက ခုန်ပြီး နောက်ဆုတ်ရှောင်တယ်။ မြွေက မြွေဟောက်အမျိုးအစားပဲ။ ကိုသီလ မိတ်ဆွေဟာ လက်နှိပ်ဓါတ်မီးနဲ့ မြွေရဲ့မျက်လုံးကို လှမ်းထိုးထားတယ်။ မြွေကလည်း ပါးပျဉ်းမချဘဲ မီးရောင်ကို စူးစိုက်ကြည့်နေတယ်။ ကိုသီလရဲ့ မိတ်ဆွေက မြွေနားအသာကပ်သွားပြီး မြွေရဲ့ခါးလယ်ကို မှိန်းနဲ့ထိုးချလိုက်တယ်။ မှိန်းသွားကိုပါ ရွံ့ခြောက်မြေကြီးထဲ တိုးဝင်သွား အောင် စိုက်ထားလိုက်တယ်။ နာသွားတဲ့ မြွေဟာ ပိုလို့ဒေါသကြီးလာတယ်။ တဒေါက်ဒေါက်နဲ့ မှိန်းတံကို အငြိုးတကြီး ပေါက်ကိုက်နေတာကို ဓါတ်မီးရောင်နဲ့ ကိုသီလ မြင်နေရတယ်။ အသက်ရှုမှားမတတ်ပါပဲ။

ကိုသီလရဲ့ မိတ်ဆွေက ကိုသီလကို မှိန်းရိုးတံပေးကိုင်ခိုင်းတယ်။ မြေကြီးထဲ စိုက်ထား။ မလွှတ်နဲ့ပေါ့နော်။ ကိုသီလလည်း ကြောက်ကြောက်နဲ့ မှိန်းတံကိုကိုင်ထားတယ်။ ဒူးတွေတဆတ်ဆတ်တုန်၊ ရင်တွေ တဒိန်းဒိန်းခုန်လို့ပေါ့။ ကိုသီလရဲ့မိတ်ဆွေက ခနစောင့်နော်အာစရိဆိုပြီး သူ့ အိမ်ဘက်ကို အပြေးသွားနေတယ်။ မြွေကလည်း မှိန်းရိုးကိုပေါက်လိုက်။ ကိုယ်ကို လူးလိုက် လှုပ်လိုက်နဲ့မို့ ကိုသီလ ဇောချွေးတွေပျံနေတာ မပြောပါနဲ့တော့ဗျာ။ ခနနေတော့ ကိုသီလမိတ်ဆွေဟာ တုတ်ပိုင်းရှည်ရှည်တချောင်းနဲ့ ပြန်ရောက်လာတယ်။ မပြောမဆိုဘဲ မြွေကို တုတ် ပိုင်းနဲ့ ခါးကိုဖြတ်ရိုက်လိုက်တယ်။ တဖုန်းဖုန်းနဲ့ သုံးချက်လောက်ရိုက်လိုက်တော့ မြွေဟာ ကျောရိုးတလျှောက် ကျိုးသွားပြီး လူးလွန့်နေတယ်။ ဒီတော့မှ မြွေရဲ့ကိုယ်မှာရှိနေတဲ့မှိန်းကို အသာဆွဲနှုတ်ယူလိုက်တယ်။ ပြီးတာနဲ့ မြွေရဲ ခေါင်းကို တုတ်နဲ့ရိုက်ချလိုက်ပြီး ခေါင်းတည့်တည့်ကိုပဲ မှိန်းနဲ့ ထိုးစိုက်ထားလိုက်တယ်။ နောက် မြွေကိုသေတဲ့အထိ စီရင်ရိုက်နှက်တယ်ပေါ့ဗျာ …။

ကိုသီလရဲ့မိတ်ဆွေဟာ မြွေကို အမြီးပြန်၊ ခေါင်းပြန်ကြည့်ရင်းက “ အင်း မြွေက အမဗျ အာစရိရဲ့” လို့ ကိုသီလကို ပြောပါတယ်။ ကိုသီလ ခမျာမလည်း သူ့မိတ်ဆွေ ဘာကိုကြည့်ပြောသလဲမသိပါဘူး။ သူက အမဆိုတော့ အမပေါ့နော်။ လျှာနှစ်ခွနဲ့ မြွေဟောက်မ ဆိုတဲ့စကား တွေလည်း ကိုသီလကြားခဲ့ဖူးပါတယ်။ ခု မြွေဟောက်မက လျှာနှစ်ခွလား၊ သုံးခွလား ကိုသီလ ဘယ်သိပါ့မလဲ။ မြွေကို ကြည့်လည်းမကြည့်ရဲ၊ ကြည့်လည်း မကြည့်ဖြစ်ခဲ့ပါဘူး။ ကြောက်စိတ် မပြေနိုင်သေးတာကိုပဲ ကိုသီလ ခံစားနေရတယ်။ အမလေး ဒီကောင်ကြီးကိုက်တာသာ ခံ လိုက်ရရင်ဖြင့်ပေါ့။

ကိုသီလရဲ့မိတ်ဆွေက မြွေကိုကိုင်ပြီး သူ့တဲဆီယူသွားပါတယ်။ မနက်ကျမှ ငှက်ပျောတောထဲမှာ ကြွင်းတူးမြှုပ်မယ်ပြောပါတယ်။ မြွေ ဟောက်တို့၊ မြွေပွေးတို့လို အဆိပ်ရှိတဲ့ မြွေမျိုးတွေက သေသွားလည်း အစွယ်မှာ အဆိပ်က ကျန်နေတတ်သေးတယ်လို့လည်း တဆက်တည်း ပြောသွားလေတယ်။ ကိုသီလလည်း သက်ပြင်းမောတွေ အခါခါချပြီး အိပ်ယာထဲဝင်လိုက်ပါတော့တယ်။

အဲဒီညက ကိုသီလ ပြန်ပြီးအိပ်လို့ မရတော့ပါဘူး။ တကယ်တော့ ဒါဟာ ကိုသီလအတွက် ဘ၀မှာ ပထမဆုံး မြွေဖမ်းရတဲ့ အတွေ့အကြုံပါပဲ။ ဒီမြွေဖမ်းပွဲမှာ ကိုသီလက ခေါင်းဆောင်မှုအခန်းကနေ အဖြစ်ရှိအောင် မဖမ်းနိုင်ခဲ့ပေမဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူဖမ်းခဲ့တဲ့ ကိုသီလရဲ့ မိတ်ဆွေကို အကောင်းဆုံး အကူအညီပေးနိုင်ခဲ့တယ်ဆိုရင် မမှားဘူးပေါ့ဗျာ။ အဲ သစ္စာလည်းရှိ၊ သတ္တိလည်းရှိ၊ သတိကြီးစွာ နေထိုင်တတ်တဲ့ ခွေးကလေး ဘိုနီကတော့ ဒီပွဲမှာ ဇာတ်လိုက်ပေါ့ဗျာ။ သူသာ စား၊ အိပ် ဇိမ်ရစ်နေမယ်ဆိုရင် မြွေက ကိုသီလတို့ကိုလည်း ကိုက်ရင်ကိုက်မယ်။ ဒါမှမဟုတ်ရင် ကျောင်းလာတက်တဲ့ ကလေးတွေထဲက တယောက်ယောက်လည်း အကိုက်ခံရနိုင်တယ်။ အင်း … တွေးရင်း၊ တွေးရင်းက မြွေဟောက်မကို ပြန်လည် မြင်ယောင်လာတယ်။ သူမရဲ့လည်ဂုတ်မှာ အိုမီဂါပုံအမှတ်နဲ့။ အဆိပ်သိပ်ပြင်းဆိုပဲ။

အဲဒီလို မြွေဟောက်မျိုးတွေကို ကိုသီလရဲ့ ကျေးလက်စာသင်နှစ်တွေမှာ နောက်ထပ် သုံးကောင်လောက် ထပ်ဖမ်းခဲ့ရပါသေးတယ်။ ဖမ်းရ တာလည်း ကျောင်းထဲမှာဖြစ်သလို၊ ဖမ်းရတဲ့အချိန်ကလည်း ညည့်နက်သန်းကောင် မှောင်နဲ့မည်းမည်း အချိန်တွေချည်း ဖြစ်နေပြန်ပါတယ်။ အားလုံးဟာ ဘိုနီ့ကျေးဇူးကြောင့်ပါပဲ။ ကိုသီလရဲ့မိတ်ဆွေကတော့ ခေါင်းဆောင်ကောင်း တယောက်ပေါ့။ ကိုသီလကတော့ ဓါတ်မီးထိုး ပေးတယ်။ မှိန်းကိုင်ပေးတယ်။ တုတ်ရှာပေးတယ်။ မြွေဖမ်းပြီးရင် သူ့မိတ်ဆွေကို အခါးရည်ကျကျလေး ကျိုတိုက်တယ်။ အဲ … ဘိုနီ့ကိုတော့ အမောပြေ ထန်းလျှက်ခဲကလေး သုံးလေးခဲလောက် ချကျွေးရတာပေါ့ဗျာ။ လွမ်းပါတယ် … မိတ်ဆွေကြီးနဲ့ ချစ်သောဘိုနီရေ …။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts