မှတ်စုမှတ်တမ်း ရသဆောင်းပါးစုံ လှကျော်ဇော

လှကျော်ဇော – ဖက်ဆစ်တော်လှန်ရေးနေ့လား တပ်မတော်နေ့လား

၁၉၄၂ ဒီဇင်ဘာ ၂၆ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုပြီးရဲဘော် သုံးကျိပ်ဝင်များလက်မောင်းသွေးဖောက်သစ္စာဆိုပြီး ဗမာ့လွတ်လပ်ရေးတပ်မတော်-ဘီ-အိုင်-အေ ကိုဖွဲ့စည်းတည်ထောင်ခဲ့တဲ့အဆောက်အဦး
လှကျော်ဇော – ဖက်ဆစ်တော်လှန်ရေးနေ့လား တပ်မတော်နေ့လား
(မိုးမခ) မတ် ၂၆၊ ၂၀၁၆

အခုတလော ဒီချုပ်ဦးဆောင်တဲ့အစိုးရတက်လာရင် တပ်မတော်နဲ့ဆက်ဆံရေးအခြေအနေ ဘယ်လိုရှိမလဲဆိုတာတွေကို လူတွေက စိတ်ဝင်တစား လေ့လာဆွေးနွေးနေကြပါတယ်။ သတင်းကွန်ရက်အမျိုးမျိုးကလည်း နယ်ပယ်စုံက လူပေါင်းစုံကို တွေ့ဆုံမေးမြန်းခန်းတွေ လုပ်နေကြတာတွေကို စီစီညံညံ ကြားနေရပါတယ်။ တနေ့ကပဲ ပုဂ္ဂိုလ်တဦးက ဒီလိုပြောသွားပါ တယ်။

ဒီချုပ်နဲ့ တပ်မတော်တို့ရဲ့အခြေခံအကျိုးစီးပွားခြင်း မတူတာကြောင့်အမြင်တွေလည်း မတူနိုင်ဘူး။ အခုပဲကြည့်လေ။ မတ်လ (၂၇) ရက်နေ့ကို ဒီချုပ်က “ဖက်ဆစ်တော်လှန်ရေးနေ့” လို့ သတ်မှတ်ခေါ်ဝေါ်ပြီး တပ်မတော်ကတော့ “တပ်မတော်နေ့” လို့ ခေါ်နေတာလို့ ဆိုသွားပါတယ်။

ဒါဖြင့်ရင် ဘယ်အမည် မှန်ပါသလဲ။ ဒါဟာ သမိုင်းဆိုင်ရာပြဿနာပါ။ ဒါကြောင့် ကျွန်မအနေနဲ့ ကိုယ်သိတဲ့ထောင့်က ဝင် ပြောချင်လာပါတယ်။

ဖေဖေ သက်ရှိထင်ရှားရှိစဉ်က ဒီကိစ္စကို အကြိမ်ပေါင်းများစွာ ပြောပြဖူးပါတယ်။ သတင်းမီဒီယာများကလည်း နှစ်စဉ်မပျက် မေးမြန်းခန်းတွေ လုပ်ခဲ့ပါတယ်။ ဖေဖေက အဲဒီမေးမြန်းခန်းတွေကို အလွန် အလေးထားပါတယ်။ သမိုင်းဆိုင်ရာတွေဖြစ်လို့ အလွန်တိကျသေချာအောင် ပြင်ဆင်ပါတယ်။ မေးခွန်းများကို (၃-၄) ရက် ကြိုတောင်းထားပြီး အဖြေများကို ကိုယ်တိုင် စာနဲ့ရေးထားပြီးမှ ဖတ်ပြတာပါ။ အချက်အလက်များကို အလွန်ခိုင်မာအောင် လုပ်ပါတယ်။ “ဖေဖေပြောခဲ့သမျှတွေကို တနေ့ ကျရင် သမိုင်းတွေဆိုပြီး နောက်လူတွေက ကိုးကားကြမှာ။ ဒါ့ကြောင့် သိပ်တာဝန်ကြီးတယ်” လို့လည်း ကျွန်မကို ပညာပေးပါ တယ်။ ဖေဖေက ဘယ်တော့မှလည်း လက်တန်းမပြောပါဘူး။

ဒါကြောင့် ဖေဖေရဲ့တွေ့ဆုံမေးမြန်းခန်းများအားလုံး လက်ရေးမူနဲ့ အပြည့်အစုံကျန်ရစ်တာပါ။ အဲဒါတွေအားလုံးကိုစုပြီး ဖေ ဖေ ကွယ်လွန်တာ (၁) နှစ်မြောက် (၂၀၁၃ အောက်တိုဘာ ၁၀ ရက်) အထိမ်းအမှတ်အဖြစ် နေရီရီစာပေမှ “တရားခံအစစ် ဘယ်သူလဲ” (ဗိုလ်မှုးချုပ်ဟောင်းကျော်ဇော-သတင်းဌာနများနှင့် အင်တာဗျူး) စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ ဒါ့အပြင် “ဗိုလ်မှူးချူပ်ဟောင်းကျော်ဇောရဲ့ သတင်းမီဒီယာများနဲ့ အင်တာဗျူးများ” ဆိုတဲ့ စာအုပ်ကို ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဗဟိုဝါဒ ဖြန့်ချိရေးက ၂၀၀၄ ဧပြီမှာ ထုတ်ဝေခဲ့ဖူးသလို ဖေဖေ ကွယ်လွန်ခြင်း (၃) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ၂၀၁၅ အောက် တိုဘာမှာ ဖေဖေရဲ့ အင်တာဗျူးအသံခွေများကို- ဗိုလ်ကျော်ဇောပုံရိပ်များဆိုတဲ့ခေါင်းစီးနဲ့ စီဒီဓာတ်ပြားအဖြစ်လည်း ထုတ် ဝေခဲ့ဖူးပါတယ်။

အခု ကျွန်မနေရီရီစာပေမှ ထုတ်ဝေတဲ့( ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော-သတင်းဌာနများနှင့် အင်တာဗျူး) စာအုပ်ထဲက အချက်အလက်များကို ကိုးကားပြီး ဒီဆောင်းပါးကိုရေးပါတယ်။ အထက်ပါစာအုပ်- နှာ၈၉-၂၀၀၄ခုနှစ်–ဘီဘီစီ-ဦးကျော်ဇံ သာနှင့်အင်တာဗျူး (၂၃-၃-၂၀၀၄)။

မေး။  ။ မတ်လ (၂၇) ရက်ကို တပ်မတော်နေ့လို့ သတ်မှတ်ထားပါတယ်။ ဖက်ဆစ်တော်လှန်ရေးနေ့ (သို့မဟုတ်) တပ်မ တော်နေ့လို့ နှစ်မျိုးဖြစ်နေရာမှာ ဘယ်လိုဖြစ်သင့်ပါသလဲ။ ရှင်းပြပါ။
ဖြေ။   ။ မတ်လ (၂၇) ရက်နေ့ကို ဖက်ဆစ်တော်လှန်ရေးနေ့လို့ပဲ ခေါ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေ့ရက်မှာ ဗမာပြည်သူတရပ်လုံး တညီတညွတ်တည်း အုံကြွပြီး ဖက်ဆစ်ဂျပန်တွေကို စတင်တော်လှန်ခဲ့ကြလို့ ဖြစ်ပါတယ်။ အဲဒီ ကာလတုန်းက ဗမာပြည်နိုင်ငံရေး အဖွဲ့အစည်းအားလုံးလည်း တညီတညွတ်တည်း ရှိခဲ့ကြတာပါ။ ၁၉၅၄ ခုနှစ်မှာမတ်လ ၂၇ ရက်နေ့ကို ဗမာ့တပ်မတော်က “တပ်မတော်နေ့” လို့ အမည်ပြောင်းလိုက်ပါတယ်။ အဲဒီကာလက တပ်တွင်းဆိုရှယ်လစ်များ ဖြစ်တဲ့ ဗိုလ်အောင်ကြီး ဗိုလ်မောင်မောင်တို့က ဗိုလ်နေဝင်းကို တပ်တွင်းဆိုရှယ်လစ်ခေါင်းဆောင်အဖြစ် တင်ပြီး တပ်မတော် ကိုလွှမ်းမိုးလာတဲ့ ကာလလည်း ဖြစ်ပါတယ်။ ဒီလိုနာမည်ပြောင်းလိုက်ရာမှာ ရည်ရွယ်ချက် ၃-၄ ခု ရှိနိုင်ပါတယ်။ တစ်တိုင်း ပြည်လုံးရဲ့ တော်လှန်ရေးကြီးတရပ်လုံးကို တပ်မတော်တဦးတည်းကသာ ၀င်ပြီးတာဝန်ယူသလို ဖြစ်သွားပါတယ်။ ဖက်ဆစ် တော်လှန်ရေးတုန်းက ဗမာ့တပ်မတော်က အဓိကအင်အားအဖြစ်ပါဝင်ခဲ့တာဖြစ်ပေမယ့်လို့ အခုလို တပ်မတော်နေ့ကို နာ မည်ပြောင်းလိုက်တာကတော့ သူတယောက်တည်း နာမည်ကောင်း ယူလိုက်သလို ဖြစ်သွားပါတယ်။ တော်လှန်ရေးကြီးကို ခေါင်းဆောင်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အခန်းကိုလည်း မှေးမှိန်သွားစေလိုတာလည်း ပါပါတယ်။ ဒါ့အပြင် အဲဒီအချိန် က ဆိုရှယ်လစ်တပ်မှူးများက ဂျပန်အကူအညီနဲ့ စစ်လျော်ကြေးများကို မျှော်ကိုးပြီး ဂျပန်ရဲ့နိုင်ငံရေး စီးပွားရေးလက်ဝေခံ သြဇာခံယူနိုင်ဖို့ ဂျပန်ကို မျက်နှာလုပ်လိုတာလည်း ပါပါတယ်။ အဓိက ကတော့ ဆိုရှယ်လစ်တပ်မှူးများက တပ်မတော်ကို ဗမာပြည်ရဲ့ နိုင်ငံရေးပါတီ အင်အားစုကြီးတစ်ရပ်အသွင် ဖြစ်လာအောင် လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။

တကယ့် တပ်မတော်နေ့ အစစ်အမှန်ကတော့ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီ-အိုင်-အေ) ကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်တို့က ၁၉၄၁ခုနှစ် ဒီဇင်ဘာ-၂၆ ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖွဲ့စည်းခဲ့တဲ့နေ့ပဲ ဖြစ်သင့် ပါတယ်။
အဲဒီနေ့ကျမှပဲ ဗမာ့အမျိုးသားတပ်မတော်ဆိုတာ ပေါ်ပေါက်လာတာပါ။ ဒါပေမဲ့ အဲဒီနေ့တုန်းက အခုနကပြောခဲ့တဲ့ ဆိုရှယ် လစ်တပ်မှူး အများစု မပါခဲ့ကြလို့ သူတို့က အဲဒီနေ့ကို အသိအမှတ် မပြုချင်ကြတာပါ။

ဒါကတော့–ဖေဖေရဲ့ရှင်းလင်းပြောကြားချက်ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဗမာ့လွတ်လပ်ရေးတပ်မတော် (Burma Independence Army-B.I.A) ကို ဖွဲ့စည်းတဲ့နေ့တုန်းကဗိုလ်နေ၀င်း မပါခဲ့ပါ။ သူတို့က ရှေ့ပြေးအဖွဲ့အဖြစ် ဗမာပြည်ထဲ ကြိုတင်ဝင်ရောက်သွားပြီး ဖြစ်ပါတယ်။အဲဒီနေ့က အဖြစ်အပျက်ကလေးကို ဖေဖေ မှတ်တမ်းတင်ထားတာလေးလည်း ပြောပြရပါဦးမယ်။

အထက်ပါစာအုပ်–နှာ (၁၆)
“ထိုအခမ်းအနားတွင်–ကျွန်တော်မှတ်မိနေသော မြင်ကွင်းတစ်ခုမှာ တက်ရောက်လာကြသော စစ်သားသစ်ပရိသတ်များထဲမှ အချို့မှာ သောက်ကြစားကြ ကကြ ခုန်ကြ အလွန်ပျော်ရွှင်နေကြသည်။ လူအုပ်တအုပ်သည် ဗိုလ်ချုပ် အောင်ဆန်းအား ဝိုင်း၍ ထမ်းကြပြီး ကကြ ခုန်ကြ၏။ မြှောက်လိုက်ချလိုက် လုပ်နေကြသည်။ ဗိုလ်ချုပ်မှာလည်း လူအုပ်ကြီးအပေါ်တွင် မြောက်လိုက် ကျလိုက်ဖြစ်နေ၏”—-တဲ့။

တခါ-၁၉၄၅ခုနှစ် မတ်လ-၂၇-ရက်နေ့ အဖြစ်အပျက်နဲ့ခံစားမှု–နဲ့ပတ်သက်ပြီး ပြောကြားချက်တွေကတော့—-

အထက်ပါစာအုပ်-နှာ(၉၈)–ဒီ-ဗွီ-ဘီမှ ကိုထက်အောင်ကျော်နဲ့-အင်တာဗျူး(၂၆-၃-၂၀၀၄)မှာ—
“၁၉၄၅ခု မတ်လ-၂၇ ရက်နေ့ ညဦး ၇ နာရီမှာ ပဲခူးမှာရှိတဲ့ စစ်ရေးပြကွင်းထဲမှာ တော်လှန်ရေးထွက်ကြမယ့် ပဲခူးဒေသက တပ်ဖွဲ့အသီးသီးဟာ တပ်ထွက်ဖို့ တန်းစီစုဝေးနေကြပါတယ်။ ကျွန်တော်က အဲဒီတပ်ဖွဲ့ကြီးကို တော်လှန် ရေးကောင်စီ (၁၉၄၅-ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်တော်လှန်ရေးအတွက် ပြင်ဆင်ရန်ဖွဲ့ခဲ့သည့်အဖွဲ့-ယခုဆောင်းပါးရေးသူ၏ ရှင်းလင်း ချက်) ကဗိုလ်ချုပ်အောင်ဆန်းရဲ့ဂျပန်ကို စစ်ကြေညာတဲ့ ကြေညာချက်ကိုဖတ်ပြပြီး ဂျပန်ကို ဒီနေ့ဒီအချိန် တစ်ပြည်လုံး တော်လှန်တော့မယ့်အကြောင်းကို မိန့်ခွန်းတိုလေးပေးပြီး တပ်ဖွဲ့အသီးသီး တာဝန်ကျတဲ့ တော်လှန်ရေးနယ်မြေတွေဆီကို စတင်ချီတက်သွားကြတာကို မြင်ယောင်နေမိပါတယ်။

“ကျွန်တော်ကတော့ တိုင်း (၄) စစ်ဌာနချုပ်တပ်ဖွဲ့နဲ့ ပဲခူးခရိုင်–ဝေါ-မြို့နယ်ဘက်ကို ချီတက်ကြပါတယ်။ လရောင်လင်းနေတဲ့ အောက်မှာ တပ်ဖွဲ့တွေ ချီတက်နေကြတာကို ကျွန်တော်ကမြင်းပေါ်က ထိုင်လိုက်ရင်း စိတ်ထဲမှာလည်း ကြည်နူးရွှင်လန်းနေ မိတာကို သတိရမိပါတယ်။
“ကျွန်တော်တို့တချိန်လုံး ဂျပန်တော်လှန်ရေးကိစ္စကြီး ပေါက်ကြားပြီး ဂျပန်တွေ လက်ဦးမှာကို အမြဲစိုးရိမ် သောကရောက်ပြီး ရင်တထိတ်ထိတ်နဲ့ နေရတာပါ။ အခုတော့ ကျွန်တော်တို့က လက်ဦးမှုရပြီး စတင်တော်လှန်နိုင်ပြီဖြစ်လို့ များစွာ ဝမ်းသာနေ မိပါတယ်။ အဲဒီညက တန်ခူးလပြည့်ညပါ”——-တဲ့။

ဒါတွေကတော့ ဖေဖေရဲ့ မတ်လ ၂၇ ရက်နေ့ကို “ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့”လို့ခေါ်သင့်သလား။ “တပ်မတော်နေ့” လို့ခေါ်သင့်သလားဆိုတဲ့ မေးခွန်းအပေါ် ဖြေကြားချက်နဲ့ အဲဒီနေ့ရက်-နှစ်ရက်- (၁) တပ်မတော်နေ့–၁၉၄၁ခု နှစ် ဒီဇင်ဘာ ၂၆ ရက်နဲ့ (၂) ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့၊ ၁၉၄၅ ခုနှစ်-မတ်လ (၂၇) ရက်နေ့များ အတွင်းက အဖြစ်အပျက်များနဲ့ ခံစားမှုများကို ပြောပြထားချက်များ ဖြစ်ပါတယ်။

တကယ်တော့ သမိုင်းဆိုတာ ပြင်ကောင်းတဲ့အရာ ပြင်ချင်သလိုပြင်နိုင်တဲ့အရာမဟုတ်ပါဘူး။ သမိုင်းထဲက ထိမ်ချန်ချင်တာ တွေကိုလည်း ထိမ်ချန်လို့မရပါဘူး။ သင်ခန်းစာများ ယူနိုင်ကြပါစေ။

၁၉၄၅ခုနှစ် မတ်လ ၂၇ ရက်နေ့မှာစတင်ပြီး သြဂုတ်လ ၁၅ ရက်မှာ အောင်ပွဲခံခဲ့တဲ့ ဗမာပြည်သူတရပ်လုံးရဲ့ဖက်ဆစ်ဂျပန် တော်လှန်ရေးကြီးအတွင်း စွန့်လွှတ်စွန့်စားသွားသူများအားလုံးကို ဦးညွှတ်အလေးပြုလျက်….

ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွင်း ကျဆုံးသွားခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းအပေါင်း ထာဝစဉ် ဥဒါန်းတွင်စေသောဝ်။

ဖက်ဆစ်ဂျပန်တော်လှန်ရေးအောင်ပွဲဂုဏ်ရောင် ထာဝစဉ် ထွန်းပြောင်ပါစေသောဝ်။
လှကျော်ဇော။
၂၇-၃-၂၀၁၆။
၇၁-နှစ်-မြောက် ဖက်ဆစ်တော်လှန်ရေးနေ့-အထိမ်းအမှတ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “လှကျော်ဇော – ဖက်ဆစ်တော်လှန်ရေးနေ့လား တပ်မတော်နေ့လား

Comments are closed.