တူမောင်ညို သူတို့အာဘော်

Tu Maung Nyo – ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းဆိုသည်မှာ

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းဆိုသည်မှာ

တူမောင်ညို ။ ဇူလိုင် ၉၊ ၂၀၁၂


“ပြည်ထောင်စု” ဟူသောမြန်မာဘာသာစကားလုံးတွင် တူညီကြသော် အင်္ဂလိပ်ဘာသာနှင့် ကိုင်စွဲကြသည့် အနှစ်သာရအပိုင်း သဘောတရားရေးအပိုင်းတွင်မူ ပြက်ပြက်ထင်ထင်ကွဲလွဲနေကြပါသည်။ အင်္ဂလိပ်ဘာသာစကားလုံးတွင် အုပ်စိုးသူများဘက်က (Union)  ဟူသောစကားလုံးကို သုံး၍ တိုင်းရင်းသားအင်အားစုများဘက်က (Federal)ဟု တစ်သမတ်တည်းသုံးစွဲခဲ့ကြသည်။


၂၀၁၂ ခုနှစ်၊ မေလ ၃ ရက် တွင်ထုတ်ပြန်ခဲ့သော နိုင်ငံတော်သမ္မတရုံး၊ အမိန့်အမှတ် ( ၁၂/၂၀၁၂) ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဖွဲ့စည်းခြင်း ဆိုသည့်  ကြေညာချက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ၏ တာဝန်များအဖြစ် အောက်ပါအတိုင်း (က) နှင့် (ခ) ဟူ၍ ၂ပိုင်းခွဲပြီး ဖေါ်ပြထားပါသည်။

(က) ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးခြင်း

(ခ) ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးခြင်း

ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးခြင်း တွင် လုပ်ငန်းတာဝန် (၅) ပါရှိပြီး၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း တွင် လုပ်ငန်းတာဝန် (၈) ရပ်ပါရှိပါသည်။ ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးခြင်းတွင် တိုင်းရင်းသားလက်နက်အဖွဲ့အစည်း ၁၂ ဖွဲ့ဖြင့် ပဏာမသဘောတူညီချက်လက်မှတ်ရေးထိုးပြီးဖြစ်ပါသည်။

 (KIO/KIA)အဖွဲ့နှင့်မူ ယနေ့အချိန်အထိ မည်သည့် သဘောတူညီမှုမျှမရရှိသေးဘဲ၊ ဆက်လက်တိုက်ခိုက်နေကြဆဲဖြစ်ပါသည်။

အထက်တွင်ဖေါ်ပြခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ၏ တာဝန် (က) နှင့် (ခ) ကို  ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့၊ သမ္မတအိမ်တော်တွင် ကျင်းပခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ ပထမ အကြိမ်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်တွင် လုပ်ငန်းတာဝန် ၅ ရပ်နှင့် ပြည်ထောင်စုအဆင့်တွင်လုပ်ငန်းတာဝန် ၈ ရပ်တို့ကို မူဝါဒ အဖြစ်ချမှတ်ပေးထားပြီးဖြစ်ပါကြောင်း” ဟူ၍ ထည့်သွင်းပြောကြားခဲ့ပါသည်။

ကျွန်တော့်အနေဖြင့် ဤဆောင်းပါးတွင်  အဆိုပါ မူဝါဒ အဖြစ်ချမှတ်ပေးထားသည့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း နှင့် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးခြင်းလုပ်ငန်း ၂ ခုအနက်မှ  ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးခြင်း အပိုင်းတွင် ပါဝင်သည့် လုပ်ငန်းတာဝန်ကို ၈ ရပ်ကို တစ်ခုချင်းစီ အလိုက် လေ့လာတင်ပြသွားပါမည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်က မူဝါဒအဖြစ် ချမှတ်ပေးထားသည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းတွင် လုပ်ငန်း တာဝန် ၈ ရပ်ပါရှိပါသည်။ ၄င်းတို့မှာ –

၁။ ပြည်ထောင်စုအတွင်း အမြဲအတူတကွ ပူးပေါင်းနေထိုင်ရေး

၂။ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို သဘောတူရေး

၃။ စီးပွားရေးလုပ်ငန်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ နှစ်ဖက်ပူးတွဲ၍ တရားဝင်ဆောင်ရွက်ရေး

၎။ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများတိုက်ဖျက်ရေးအား ပူးပေါင်းဆောင်ရွက်ရေး

၅။ ပါတီထူထောင်၍ ရွေးကောက်ပွဲဝင်ရေး

၆။ ဖွဲ့စည်းပုံအခြေခံဥပဒေအား လက်ခံရန်နှင့်ပြင်ဆင်လိုသည့်ကိစ္စများရှိပါက လွှတ်တော်အတွင်း၌ အများသဘောတူဆန္ဒနှင့် အညီ ဆောင်ရွက်ရေး၊

၇။ ထာဝရငြိမ်းချမ်းရေးအတွက် ဥပဒေဘောင်အတွင်းသို့ အပြီးအပိုင်ဝင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တန်းတူနေထိုင်၊ သွားလာ၊ လုပ်ကိုင်၊ စားသောက်ရေး၊

၈။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တစ်ခုတည်းသော လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းရေးကို ညှိနှိုင်း ဆောင်ရွက်ရေ

၁။ ပြည်ထောင်စုအတွင်း အမြဲအတူတကွ ပူးပေါင်းနေထိုင်ရေး

ဤအချက်၏ အနှစ်သာရနှင့် လိုရင်းသဘောမှာ ပြည်ထောင်စုမှ “ခွဲမထွက်ရ” ဟူသည့်သဘောသာဖြစ်ပါသည်။ ဤအချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)၊  ပုဒ်မ ၁၀ အဖြစ်ထည့်သွင်း ပြဋ္ဌာန်းထားပြီးပါသည်။

တစ်ချိန်က ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၄၇) အခန်း (၁၀) ပုဒ်မ ၂၀၀ တွင်ဖေါ်ပြထားသည့်  “ခွဲထွက်ခွင့်”မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင်ပါရှိသော တရားဝင်ပြဋ္ဌာန်းထားသည့် အခွင့်အရေးတစ်ရပ်ဖြစ်ပါသည်။ ပင်လုံစာချုပ် ချုပ်ဆိုစဉ်ကပါရှိခဲ့သော အချက်အလက် လည်းဖြစ်ပါသည်။

“ပြည်ထောင်စု” ဟူသောမြန်မာဘာသာစကားလုံးတွင် တူညီကြသော် အင်္ဂလိပ်ဘာသာနှင့် ကိုင်စွဲကြသည့် အနှစ်သာရအပိုင်း သဘောတရားရေးအပိုင်းတွင်မူ ပြက်ပြက်ထင်ထင်ကွဲလွဲနေကြပါသည်။ အင်္ဂလိပ်ဘာသာစကားလုံးတွင် အုပ်စိုးသူများဘက်က (Union)  ဟူသောစကားလုံးကို သုံး၍ တိုင်းရင်းသားအင်အားစုများဘက်က (Federal)ဟု တစ်သမတ်တည်းသုံးစွဲခဲ့ကြသည်။

ဖက်ဒရယ်ပြည်ထောင်စု၊ ပြည်နယ်ပေါင်းစုပြည်ထောင်စုဟူ၍ပင် ကွဲပြားအောင်ပင် ရေးသားပြောဆိုဖေါ်ပြခဲ့ကြပါသည်။ အုပ်စိုး သူများဘက်က ဖက်ဒရယ် ဆိုလျှင် ခွဲထွက်ရေးဟုသာ သရုပ်ဖျက်ဝါဒဖြန့်ခဲ့ကြသည်။ ဖြန့်နေဆဲဖြစ်သည်။

 ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၈ တွင် “နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်” ဟုမြန်မာ ဘာသာဖြင့်ရေးသားပြီး၊ အင်္ဂလိပ်ဘာသာတွင်မူ The Union is constituted by the Union system ဟုရေးသားပါသည်။ ဖက်ဒရယ်ပြည်ထောင်စုတောင်းဆိုနေသူများ သတိပြုဆန်းစစ်ကြရန်ဖြစ်ပါသည်။

၂။ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့ကို သဘောတူရေး

            ဤအချက်မှာ (နဝတ-နအဖ) စစ်အစိုးရ စီမံဖော်စပ်ခဲ့သော “ဒို့တာဝန်ရေး ၃ ပါး” ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၃၈၃ တွင် ထည့်သွင်းပြဋ္ဌာန်းထားသည့်အချက်လည်းဖြစ်ပါသည်။

၃။ စီးပွားရေးလုပ်ငန်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ နှစ်ဖက်ပူးတွဲ၍ တရားဝင်ဆောင်ရွက်ရေး

            ဤအချက်ကလည်း ဗိုလ်ခင်ညွန့်နဲ့ထောက်လှမ်းရေးမိုးကောင်းခဲ့စဉ်လုပ်ခဲ့သည့်နည်းကိုခွင့်မပြု၊ “ဥပဒေနှင့်အညီ” လုပ်ရမည် ဟုကိုင်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာသူတို့အုပ်ချုပ်မှု ဘောင်အတွင်းက လုပ်ရမည်၊ ခွင့်ပြုချက်ယူရမည်၊ ခွင့်ပြုသည့်လုပ်ငန်းကိုသာ လုပ် ရမည်ဟူ၍ဖြစ်သည်။ နှစ်ဖက်ပူးတွဲဆောင်ရွက်ရမည်ဟုလည်းဆိုထားသည်။ ပြည်နယ်အဆင့်တွင် “ဆက်ဆံရေးစခန်း” ဟုသာသုံးပါသည်။ တစ်ချိန်က“ဆက်ဆံရေးရုံး” ဟူ၍သုံးခဲ့ပါသည်။

 တစ်ဖက်နှင့်တစ်ဖက် အခြေအနေနှင့်ဆက်ဆံမှုများ၏ သဘောထား အတိမ်အနက်နှင့်ဒီဂရီတို့ကို စူးစမ်းကြရာတွင်  ဝေါဟာရ နှင့် စကားလုံးသုံးစွဲမှုများကိုလည်းအလေးထား သတိပြုသင့်ပါသည်။

၎။ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများတိုက်ဖျက်ရေးအား ပူးပေါင်းဆောင်ရွက်ရေး

            ဤအချက်သည် မူးယစ်ဆေးဝါးနှင့်မကင်းရာမကင်းကြောင်းရှိကြသည့် အဖွဲ့များကို ချည်ပြီးတုတ်ပြီးလုပ်သည့် အချက်ဖြစ်ပါ သည်။ မူးယစ်ဆေးဝါးလုပ်ကြောင်း ဝန်ခံပြီး /ဖျက်သိမ်းရေးလုပ်ကြသည့်သဘောဖြစ်သည်။

 ဘိန်းဘုရင်ခွန်ဆာကို “လွတ်ငြိမ်းချမ်းသာခွင့်” ပေးနိုင်ခဲ့ကြသော စစ်အစိုးရသည် ငြိမ်းချမ်းစွာဆန္ဒပြသော ကျောင်းသားများ အပေါ်မပြေနိုင်သော အညှိုးအာဃာတဖြင့် ဘယ်ခေတ်မှာမှ မကြုံဖူး မကြားဖူးသည့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ မိသားစုနှင့် ဝေးရာထောင်များသို့ ရွှေ့ပြောင်းပစ်ခဲ့သည်။ “လွတ်ငြိမ်းချမ်းသာခွင့်” မပေးခဲ့ချေ။ နိုင်ငံရေးအကျဉ်းသား၊ ယုံကြည်ချက်အရ အကျဉ်းကျ ခံရသူဟူ၍ပင် သဘောမထားနိုင်ခဲ့။  ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁)အရ ပြစ်မှုကြွေးကျန်ဖြင့်သာလွှတ်ပေးခဲ့သည်။

၅။ ပါတီထူထောင်၍ ရွေးကောက်ပွဲဝင်ရေး

ဤအချက်သည် အဆင့်များကို ကျော်၍ပြောသောအချက်ဖြစ်ပါသည်။ ပါတီထောင်ရန်အတွက်မူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထံတွင် တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများအရတည်ထောင်ခွင့်/ မှတ်ပုံတင်ခွင့်များကို တဆင့်ပြီးတဆင့် လျှောက် ထားကြ ရမည်။နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်လျှောက်ထားမည်ဆိုလျှင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ ပါ အချက်များကို စောင့်ထိန်းလိုက်နာပါမည်ဟူသော ဝန်ခံချက်ကို လက်မှတ်ရေးထိုးကြရမည်ဖြစ်သည်။

ပုဒ်မ ၆ တွင် အချက် (၆) ပါရှိပါသည်။ အဓိကအချက်များမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပါမည် ဟူသော အချက်ဖြစ်ပါသည်။ သို့အတွက် ဦးစွာအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို လက်ခံမှသာ နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်/ မှတ်ပုံတင်ခွင့်များ လျှောက်ထားနိုင်မည်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဖြစ်ပေါ်လာရေးတွင် တက်တက်ကြွကြွပါဝင်ခဲ့သော  ဒေါက်တာတူးဂျာ၏ နိုင်ငံရေးပါတီ ထူ ထောင်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့မှုများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လုံးဝခွင့်မပြုခဲ့သဖြင့် အချည်းအနှီးဖြစ်ခဲ့ရသည်များကို လည်း သတိပြုကြရပါမည်။ ဒေါက်တာတူးဂျာအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလအဖြစ်ပင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရခဲ့ ချေ။ လုံခြုံရေးအကြောင်းပြပြီး မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲကျင်းပခြင်းကိုရွေ့ဆိုင်းပစ်ခဲ့သည်။

၆။ ဖွဲ့စည်းပုံအခြေခံဥပဒေအား လက်ခံရန်နှင့် ပြင်ဆင်လိုသည့်ကိစ္စများရှိပါက လွှတ်တော်အတွင်း၌ အများသဘောတူဆန္ဒနှင့်အညီ ဆောင် ရွက်ရေး၊

ဤအချက်တွင် ဦးသိန်းစိန်အစိုးရသည်  အခြားသောအချက်များကဲ့သို့ ဝေ့ဝိုက်နေခြင်းမရှိဘဲ၊ ဒဲ့ဒိုးပြောလိုက်သည့်အချက်ဖြစ်ပါ သည်။

– ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို လက်ခံရမည်။

– လွှတ်တော်ပြင်ပတောင်းဆိုနေသည့် အခြေခံဥပဒေပြင်ဆင်ရေးကို မည်သို့မျှ လက်မခံဟု ဆိုလိုခြင်းဖြစ်သည်။

၇။ ထာဝရငြိမ်းချမ်းရေးအတွက် ဥပဒေဘောင်အတွင်းသို့ အပြီးအပိုင်ဝင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တန်းတူနေထိုင်၊ သွားလာ၊ လုပ်ကိုင်၊ စားသောက်ရေး၊

            ဤအချက်ကလည်း အထက်က အချက် ၆ ကို သေချာအောင်ထပ်ပြောဆိုခြင်းနှင့် အချက် ၈ အတွက် ကြိုတင်လေပြေထိုး ခြင်းဖြစ်သည်။ ချွင်းချက်ထားရှိမည်မဟုတ်။ အပြီးအပိုင်တပ်ဖွဲ့ဖျက်သိမ်းပြီး လက်နက်အပ်ကြရမည်ဟူသောအချက်ကိုပြောခြင်းဖြစ်သည်။

၈။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တစ်ခုတည်းသော လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းရေးကို ညှိနှိုင်းဆောင်ရွက်ရေး

            ဤအချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၃၃၈ “နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည်” ဟူသော ပြဋ္ဌာန်းချက် ကို အတိအလင်းရည်ညွန်းခြင်းပင်ဖြစ်ပါသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အောက်ပါအချက်ကိုထည့်သွင်းပြောကြားခဲ့ပါသည်။

“တိုင်းရင်းသားများအတွက် အသက်တမျှအရေးကြီးသည့် ဥပဒေအရပြဋ္ဌာန်း ထားသော တန်းတူရည်တူအခွင့်အရေးများနှင့် အခြားသော တိုင်းရင်းသားအခွင့်အရေးများကို လွှတ်တော်မှလေ့လာသုံးသပ်ပြီး ဥပဒေပြဋ္ဌာန်းပေးမည်ဆိုပါက မိမိတို့တာဝန်ယူဆောင် နေသည့် ပြည်တွင်း ငြိမ်းချမ်းရေး ဗဟိုကော်မတီ၏ လုပ်ငန်းများ အလျှင်အမြန်အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း” ဟူ၍ဖြစ်ပါသည်။

ဥပဒေအရ ပြဋ္ဌာန်းထားသော တန်းတူရည်တူအခွင့်အရေးများ နှင့် အခြားသော တိုင်းရင်းသားအခွင့်အရေးများ” ဆိုသည်မှာ အဘယ်နည်း။ ဤကိစ္စကို လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မေးခွန်းထုတ်ကြရပါမည်။

ခြုံငုံသုံးသပ်ရသော်

ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေး မူဝါဒလုပ်ငန်းတာဝန်များ ၈ ရပ် ၏ ရည်ရွယ်ချက်သည်  ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက လက်ခံရေးသာဖြစ်ပါသည်။ သို့အတွက် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဆွေးနွေးခြင်း အောင်မြင်မှု/မအောင်မြင်မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို လက်နိုင်မှု/လက်မခံနိုင်မှုဆိုသည့် အချက်ပေါ်တွင် သာ အဓိက တည်မှီနေပါသည်။ ဖြစ်ထွန်းလာမှုများကို စောင့်ကြည့်လေ့လာကြရပါဦးမည်။

ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအတွက်  ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး “လုပ်ငန်းကော်မတီ” သည် အထက်တွင်တင်ပြခဲ့သည့် မူဝါဒလုပ်ငန်းတာဝန်များကိုကိုင်စွဲလျက် တိုင်းရင်းသားလက်ကိုင်အဖွဲ့အစည်းများနှင့်ဆွေးနွေးကြရမည်။

            ဆွေးနွေး ရရှိလာသည့်အချက်များကို အချိန်နှင့်တပြေးည ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး “ဗဟိုကော်မတီ ” ထံ တင်ပြ အစီရင်ခံကြရမည်ဖြစ်သည်။

 နှစ်ဖက်ဆွေးနွေးမှုနှင့်စပ်လျဉ်းပြီး  အပြီးသတ်ဆုံးဖြတ်ချက်ကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး “လုပ်ငန်းကော်မတီ” က ချမှတ်ခွင့်ရှိသည်မဟုတ်။ အပြီးသတ်ဆုံးဖြတ်ချက်မှန်သမျှကို သမ္မတဦးသိန်းစိန်ဥက္ကဋ္ဌအဖြစ်ပါဝင်သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေး “ဗဟိုကော်မတီ” ကသာ ချမှတ်ပေးမည်ဖြစ်ပါသည်။

အသေအချာစိစစ်ကြည့်လျှင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး“ဗဟိုကော်မတီ” ဆိုသည်မှာ  နိုင်ငံခြားရေးဝန်ကြီး မပါ သည့် “အမျိုးသားလုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီ” ပင်ဖြစ်ပါသည်။

ညွန်း

– နိုင်ငံတော်သမ္မတရုံး၊ အမိန့်အမှတ် ( ၁၂/၂၀၁၂) (၁၉ မေ ၂၀၁၂ မြန်မာ့အလင်းသတင်းစာ)

– ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေး (၄ ဇူလိုင် ၂၀၁၂ မြန်မာ့အလင်းသတင်းစာ)

– ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)

– နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “Tu Maung Nyo – ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းဆိုသည်မှာ
  1. Now showing!
    “Disciplined Democracy”
    Director: Thanshwe (7-acamedy awarded)
    Actor : Today Theinsein
    Supporting actor (Good guy): Shweman, Khinmgmyint
    Supporting actor (Bad guy): Aungthaung, Aungtheinlin, Zawmin, Kyawsan, Htayoo
    Don’t miss to see.
    Acamedy normination: Director, Actor, Supporting Actors, Picture, Screen play

Comments are closed.