ကဗျာ ကမာပုလဲ

Kama Pale – မျှော်မနေတော့တဲ့ … ကိစ္စ

မျှော်မနေတော့တဲ့ … ကိစ္စ
ကမာပုလဲ၊ ဇူလိုင် ၉၊ ၂၀၁၂
ခုတလော
ဟိုတုန်းကလို
အမေရိကန် မရိန်းတပ်ကြီးကို မမျှော်တော့ဘူး …။
အာရှ ပစိဖိတ်ဒေသကို
အမေရိကန်ရေတပ်ကြီး လာနေတယ်
ဒီတော့
လက်ယပ်ခေါ် မျှော်နေဖို့ မလိုတော့ဘူးပေါ့ …။
လွန်ခဲ့တဲ့ ရက်ပိုင်းတွေမှာပဲ
တောင်ကိုရီးယားနဲ့ အမေရိကန် စစ်ရေးလေ့ကျင့်မှု လုပ်တယ်
ရန်သူ့ ပစ်မှတ်တွေကို ဒုံးလက်နက်တွေနဲ့ ပစ်တယ်
ဒါ … ဆန်းတဲ့ကိစ္စမှ မဟုတ်တာ
ပြုနေကျ ကိစ္စပဲ
အဲ … တခုထူးခြားတာက
သူတို့ရဲ့ ပစ်မှတ်ဟာ
မြောက်ကိုရီးယား အလံ ဖြစ်နေတာပဲ …။
မီးမွှေးတာလား
ရန်စတာလား
ဒါ … သူတို့ကိစ္စ
ဒုတိယ ကမ္ဘာစစ်မတိုင်မီက
ဆိုဗီယက်ရုရှကို တိုက်မယ်ဆိုပြီး
ဗာဆိုင်းစာချုပ်ကို ဆုတ်ဖြဲခဲ့တဲ့
အဓိပတိ ဟစ်တလာကို သတိရမိလိုက်တာပါပဲ …။
ခုဆို
ဆဒန်ဟူစိန် သေပြီ
ကဒါဖီ သေပြီ
အိုစမာဗင်လာဒင် သေပြီ
သိတယ်မလား
ဒီမှာက
နောက်ကြောင်းပြန် မလှည့်တော့ဘူး
စစ်ခေါင်းဆောင်ဟောင်းကြီးတွေကိုလည်း
နောက်ကြောင်းပြန် ဥပဒေတွေနဲ့
ကျူးလွန်ခဲ့သမျှ ပြစ်မှုတွေကို
အရေး ပြန်မယူရတော့ဘူး
ကဲ … ဘယ်လောက် မိုက်သလဲ
ဘုရားသခင်ရဲ့
ကံ … ကံ၏ အကျိုး တရားကိုတောင်
ခေတ်နဲ့ လျော်ညီ … ပြုပြင်လိုက်ကြတာ …။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး နယ်မြေတွေမှာ
အပစ်အခတ်တွေ ရပ်စဲနေခဲ့ပြီ
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကလည်း
လွန်းပျံ ကျင်းပနေကြတာ
ဟင်နရီ ကစ်ဆင်းဂျားတောင် လိုက်မမီနိုင်တော့ဘူး
အဲ …
တိုက်ပွဲတွေ ပြန်ဖြစ်တာ
ဒုက္ခသည်တွေ တိုးတိုးလာနေတာတော့ ရှိရဲ့
ဒါကလည်း
အပေါ်က ပြောင်းလဲနေတာကို
အောက်ခြေက နားလည်မှုလွဲ
နှစ်ဘက် စစ်ဦးကျွံကြလို့ ဖြစ်တယ်
ဘာဖြစ်တယ် … ညာဖြစ်တယ်ပေါ့
အောက်ခြေတပ်တွေဟာ
အတော့်ကို စစ်သွေးကြွနေကြပုံပဲ …
ဘာပဲ ဖြစ်ဖြစ်လေ
ဘယ်တော့မှ နောက်ပြန် မလှည့်တော့ပါဘူး
တကယ့်ကို ဘုရားစူးရစေရဲ့ …။
ခုတလောမှာ
အမေရိကန် မရိန်းတပ်ကြီးကို မျှော်မနေတော့ဘူး
သူ့ဖာသူ
လာချင်ရင်လည်း အနီးကလေး
ဒီမှာ …
၂၀၀၈ စစ်အခြေခံ ဥပဒေကြီးက
ရုပ်သေး အစိုးရတရပ်နဲ့
လွှတ်တော်ထဲမှာ … ခိုင်နေပြီ …။     ။
၀၅၊ ၀၇၊ ၂၀၁၂။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts