စာအုပ်စင်

Myo Myint Maung – ကိုးကိုးကျွန်းနှင့် သူရဲကောင်းအာဇာနည် (၈) ဦး

ကျွန်းတိုက်ပွဲနှစ်(၄၀) ပြည့်အထိမ်းအမှတ်

စာရေးသူ – တောင်ပေါ်သား ကျွန်းပြန် (၂၄-၁-၂၀၁၁)/ စာမျက်နှာ – ၆၂

မျိုးမြင့်မောင်၊ မိုးမခစာအုပ်အညွှန်း ၊ ဇွန် ၁၆၊ ၂၀၁၂

ဤစာအုပ်ကို များမကြာမီကမှ ကျွန်တော်ဖတ်ရှုခဲ့ရခြင်းဖြစ်ပါသည်။

“ကိုးကိုးကျွန်းနှင့် သူရဲကောင်းအာဇာနည် (၈) ဦး [ကျွန်းတိုက်ပွဲနှစ်(၄၀) ပြည့်အထိမ်းအမှတ် ] ” ဟူသောခေါင်းစဉ်နှင့် “တောင်ပေါ် သား ကျွန်းပြန် ”ဟူသည့် အမည်ကပင် ကျွန်တော့်အတွက် ထူးခြားနေပါသည်။

“ဓါးတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်” (မြသန်းတင့်) စာအုပ်ကို ကျွန်တော် သတ္တမတန်းကျောင်းသားဘဝမှာ စပြီး ဖတ်ဖူးတာပါ။ ပြန်စဉ်းစားကြည့်တော့ ထိုစဉ်က စွန့်စားခန်းဝတ္တုတစ်ပုဒ်လို ဖတ်ခဲ့ပြီး၊ စွန့်စားခန်းဝတ္တုတစ်ပုဒ်အဖြစ် နှစ်သက်စွဲလန်းမိခဲ့ပါ သည်။ သတ္တမတန်းကျောင်းသားတစ်ယောက်ရဲ့နှစ်သက်စွဲလန်းမှုမျိုးနဲ့ နှစ်သက်စွဲလန်းခဲ့တာမျိုးဖြစ်ပါလိမ့်မည်။

သို့သော်လည်း ထိုဝတ္တုထဲက “သံချောင်း” သည် ကျွန်တော်တို့လူငယ်များအတွက် သူရဲကောင်း၊ ဟီးရိုးဖြစ်ပါသည်။

၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်တွင် ဒီမိုကရေစီအရေးတော်ပုံကြီးပေါ်ပေါက်လာပါသည်။ ထိုအချိန်က အခြားသော လူငယ် ကျောင်းသားများ နည်းတူ ကျွန်တော်လည်းပါဝင်ခဲ့ပါသည်။ ထို့နောက် တောတွေဆီ၊ တောင်တွေဆီ။

“တောင်ပေါ်သား ကျွန်းပြန် ” က သူ၏ “ကိုးကိုးကျွန်းနှင့်သူရဲကောင်းအာဇာနည် (၈) ဦး” စာအုပ်ထဲတွင် “ဓါးတောင်ကို ကျော် ၍ မီးပင်လယ်ကိုဖြတ်မည်” ဝတ္တုကြီးထဲက ဇာတ်ဆောင် “သံချောင်း”  ဘယ်သူလဲဆိုတာ ခြေရာခံပြထားပါသည်။

— ယနေ့ကာလအထိ “ မြန်မာပြည်အကျဉ်းထောင်သမိုင်းတွင် အကျဉ်းသားနိုင်ငံရေးသမားတွေက တိုက်ယူလို့ရတဲ့ အစာ ငတ်ခံတိုက်ပွဲ(လုံးဝအောင်ပွဲ)ဟာ မြန်မာပြည်အကျဉ်းထောင်သမိုင်းမှာ တစ်ခုထဲပဲရှိခဲ့တယ်၊ အဲဒါဟာ ကိုကိုးကျွန်းက “ကိုယ်ထူကိုယ်ထ ဖျက်သိမ်းရေးတိုက်ပွဲ”ပဲဆိုတာ ဝါရင့်ထောင်မှူး၊ ထောင်ပိုင်တွေနှင့်စစ်ထောက်လှမ်းရေးတို့ကအကျဉ်းစခန်းအသီးသီးတို့တွင်  အကြောင်း တိုက်ဆိုင်တိုင်း ယနေ့အထိ ဖွင့်ဟဝန်ခံနေရဆဲပဲဖြစ်သည်” ဟု မှတ်တမ်းတင်ထားသည်။

ဤစာအုပ်သည် တိုက်ပွဲ၊ ခေါင်းဆောင်မှု၊ သူရဲကောင်း၊  အာဇာနည်၊ ဟူသည့် စကားလုံးများ၏ အနှစ်သာရနှင့်အသွင်သဏ္ဍာန် ၊ ရပ်တည်ချက်နှင့်ပြုမူလှုပ်ရှား တို့ကို ရိုးရှင်းစွာဖေါ်ပြထားပါသည်။

လာမည့် ဇူလိုင်လ ၃၁ ရက်နေ့ဆိုလျှင် “ကျွန်းတိုက်ပွဲ”သည် (၄၁) နှစ် ပြည့်ပါတော့မည်။

“သံချောင်း”သည် ကျနော့်အတွက် သူရဲကောင်းဖြစ်မြဲဖြစ်ဆဲ။

၁၅ ဇွန် ၂၀၁၂

မှတ်ချက်။  စာအုပ်ရီဗျူးမဟုတ်ပါ။ ဝေဖန်ချက် သာမဟုတ်သေး။ ဖတ်ပြီး ဖျက်ခနဲ ပေါ်လာတဲ့ခံစားချက်ကို စာလုံးအဖြစ် ချရေးလိုက် တာပါ။

Coco Island and Martyrs


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts