သရော်စာ သောင်းပြောင်းထွေလာ

ဂျီးဒေါ် နဲ့ ဆော်ကြမ်း – gyaw dee


 

ဂျော်ဒီး
ဇွန် ၁၂၊ ၂၀၁၂


ဂျီးဒေါ် တယောက် ခြေထောက်နှင့် မြေကြီး ထိသည်တောင် မထင်။ တသက်နှင့်တကိုယ် သည်လို အခွင့်အရေးမျိုး အိပ်မက်မျှမမက်ခဲ့ဘူး။ ခေတ်ပြောင်းနေပြီ ဆိုတာ မယုံခဲ့တဲ့ ဂျီးဒေါ်တယောက် ဒီသတင်း ကြားကတည်းက ခေတ်ပြောင်းတယ် ဆိုတာကိုအယုံကြီးယုံသွားပြီ။ သူများနိုင်ငံတွေမှာတော့ ဒီလိုစီမံကိန်းတွေရှိတယ် ဆိုလား။ သာဂိတို့ ပြောနေတာ…ကြားဖူးသည်။ တကယ်ဆို ကိုယ့်တိုင်းပြည်သယံဇာတတွေ ဒီလောက် ကြွယ်ဝနေတာ။

“ကမ္ဘာ တ၀ှမ်းလုံးက စီးပွားရေးသမားတွေ သွားရည် တများများ၊ အာသာတငမ်းငမ်း၊ ခေါ်တောကုလား ငမ်းသလိုငမ်းငမ်း…”

ဂျီးဒေါ်တယောက်တည်း အတွေးကနေ တဆင့် ပါးစပ်ကပါ လွှတ်ခနဲ အသံထွက် ရေရွတ်မိနေတုန်း

“ဂျီးဒေါ် ခေါ်တောကုလား နဲ့ အဆက်အသွယ်ရှိတယ်လား။ ဒါဆို ဘင်္ဂါလီ ကုလားတွေနဲ့လဲ အဆက်အသွယ်ရှိနိုင်တယ်။ ဂျီးဒေါ် အမျိုးထဲမှာ ရှိုဟင်ဂျာရှိသလား။ အင်းးး နောက်ပြီး … ဟို … ဟို … အရေးထဲ ကိုယ်ထွင်ထားတဲ့ စကားလုံး ကိုယ် မေ့နေပြန်ပြီ။ အဲ …အဲ … မွတ်စလင် ကုလားတွေ နဲ့ကော အဆက်အသွယ် ရှိသလား။ မှန်မှန် ဖြေပါ”

လေသံ ခပ်တင်းတင်း ကြောင့် ဂျီးဒေါ် ရုတ်တရက် ကြောင်သွားသည်။

အို… ငါ့ဖာသာ စိတ်ထဲရှိတာ ရေရွတ် နေတာ။ ဘယ်သူများ လာအမိန့်ပေး နေရတာတုံး။ လေသံကကော မာလှချည့်လား။ ဟင်းးး ဂျီးဒေါ်ကိုများ ဘာမှတ်နေလဲ။ အရင်လို ကန်စွန်းရွက် စားပြီး အားမရှိတဲ့အဖွားအို တုံချိ
မဟုတ်တော့ဘူး။ နိုင်ဂံဒေါ် ဆိုလား … ဒေါ်နိုင်ဂံ ဆိုလား … ထားပါတော့လေ၊ ဘယ်သူမှန်းတော့ မသိဘူး၊ စေတနာရှင် တယောက်ယောက်ပဲ လား မသိ။ အဲဒီ သူကြီးက ဂျီးဒေါ်တို့လို သက်ကြီးရွယ်အိုတွေကို ထောက်ပံ့ကြေးတွေ ပေးတော့မယ် … တဲ့။ လူတန်းစေ့အောင် စားရ ၀တ်ရ တော့မယ်။ အမယ်… သူများတိုင်းပြည်က အဖိုးကြီး အဖွါးကြီးတွေလို ကမ္ဘာလှည့် ခရီးတောင် ထွက်ချင် ထွက် နိုင်နေမှာ။ ဒီလို ကံဇာတာ ဆန်းလဂ် ဖလမ်းဖလမ်း တက် နေသောဂျီးဒေါ် ကို ဘယ်သကောင့်သား ငပါမွှားကများ မနာလို မရှုစိမ့် … အာနာခွါနာတွေ ပြနေရသတုံး။

မုန်းမုန်း နဲ့ကြည့်လိုက်တော့ … သြော … ရွာလူကြီး ဖွတ်ဆော်ကြမ်းပါလား။

“ဟဲ့ … ဖွတ်ဆော်ကြမ်း။ ငါ့စိတ်ကူးအတွေးနဲ့ငါနေတာ။ ဘာတွေ လာဖွ နေတာလဲ။ နင့် နံမယ်ကို ဖွဆော်ကြမ်း လို့ ပြောင်းဖို့ ကောင်းတယ်။ တကထဲ၊ ဟို နေရာ လိုက်ဖွ … ဒီနေရာ လိုက်ဖွ။ ရွာလူကြီးလုပ်ပြီး ကြီးတဲ့အမှု သေးအောင်၊ သေးတဲ့အမှု ပပျောက်အောင် မလုပ်ဖူး။ ပြဿနာကို မီးထွန်းရှာနေတာဘာသဘောလဲ”

ဂျီးဒေါ် က ခပ်တင်းတင်း လေး ဟောက်လိုက်ရာ

“အို… အို … ဂျီးဒေါ်ကလည်း စိတ်မရှိပါနဲ့။ ကြီးတဲ့ အမှုကို သေးအောင်လည်း လုပ်ပါတယ်ဗျ။ ကိုယ့်ဖက်ပြန်လှည့်လာမယ့် ၊ အမှုပတ်လာမယ့် အမှုမျိုးဆို ဘယ်လောက်ကြီးကြီး ဖျောက်ပစ်လိုက်တာပဲ။ သက်သေတောင် သတ်သေခိုင်းလိုက်တယ်၊ အေးရော… ဟဲဟဲ။ ပိုင်ပါတယ် ဗျ။ ကျနော်က အနုပညာသမားတွေ နဲ့ နီးနီးစပ်စပ် ရှိတော့ သူတို့တွေဆီက ဇာတ်ညွှန်းရေးနည်းတွှို၊ ဒါရိုက်တာလုပ်နည်းတို့ တတ်ပြီးသား”

“အင်းး တတ်ပြီးသားမိုလို့ပဲ။ လုပ်လိုက်ရင် ကသောင်းကနင်းနဲ့၊ ခြေရာလက်ရာတွေ ပေါ်လွန်းလို့ ဘယ်သူမှ မယုံဘူးဟဲ့”

“ဂျီးဒေါ်သာ မယုံတာ။ ကျနော် စိတ်ဒတ်စစ်ဆင်ရေး လုပ်ပြီး ဖွလိုက်တာ၊ တင်မယ်တကဲကဲ ဖော်ပင်လန်ဂဒုက လူတွေတော့ အိမ်တောင် မပြန်နိုင်တော့ဘူး။ အိမ်သာနက် ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီ … ဟိဟိ။ အခု ဆိုကျနော် တီထွင်တဲ့ မီးသီးယာကို မီးသီးယာနဲ့တိုက် ဆိုတဲ့ ပေါ်လစီအရ ဖွဝက်ခြံ တွေ ဆောက်ထားပြီ။ ဖွမူးလဲတို့ ဖွမူးပေါ် တို့ကို ဖွဘုတ်တွေ တယောက် တအုပ်ပေးပြီး ဖွခိုင်းလိုက်တာ တရွာလုံးကို ဗြောင်းဆန်နေတော့တာပဲဗျာ”

ပြောပြော ဆိုဆို ဖွဆော်ကြမ်း တယောက် ရွာလည်လမ်း တလျှောက် ကွတကွတလျှောက်ကာ တွေ့သမျှ ၀င်ဖွ သွားလေရာ တရွာလုံး မြင်မကောင်း ရှုမကောင်း ပွစာကြဲ နေသည်ကို မသက်မသာ တွေ့လိုက်ရလေ၏။

ထိုစဉ် ယိုင်နဲ့ပန်းလျ နေသော ခြေလှမ်းများဖြင့် သာခွေယိုင်လာသော တူတော်မောင်သာဂိကို တွေ့လိုက်ရသည်။ လူကသာ သာခွေယိုင် နေသော်လည်း ပါစပ်က တော့ ဒေါမာန်ပါပါဖြင့် ရေရွတ်လျက်

“တောက် … ပြောတော့ မမှန်မကန် သတင်းတွေ ဖွ ရင် အရေးယူမယ် တဲ့။ သူ့ပထွေးကချည်း လိုက်ဖွတာ။ သူ့ပထွေး ရဲ့ မီးသီးယာကို အရင် အရေးယူရမှာဟင်းးးး”

“သာဂိ … တူလေး… ၊ သာဂိ… ဘယ်လို ဖြစ်လာတာတုံး”

“ပြောချင်ပါဘူးဂျီးဒေါ်ရာ။ ဖွဆော်ကြမ်း အုပ်စု ရဲ့ ထောင်ချောက်ကို ထောင်ချောက်မှန်း သိသိကြီးနဲ့ ၀င်တိုးကြတာ စိတ်နာလို့ပါ။ တင်မယ် တကဲကဲ ဖော်ပင်လန် မီးသီးယာ ဂဒုက လူတွေအိမ်သာနက်ထဲမှာ ချကုန်ကြပြီ။ ခေါ်လို့လဲ မရတားလို့လဲ မရ။ ကြာလာရင် အားလုံး ဒုက္ခ ရောက်ကုန်တော့မယ်ဗျ။ ကြားလားသူတို့ အသံတွေ”

ဂျီးဒေါ်လည်း သာဂိပြောတဲ့ အသံများလာရာ ကို အာရုံစိုက်နားထောင် လိုက်ရာ…

“ အကုန်မောင်းထုပ်”
“ချ”
“သတ်ပစ်”
“အဆိပ်တွေ ခပ်ကုန်ပြီ တဲ့”
“အလယ်ကိုင်တာတွေ ဖမ်းမိတယ်တဲ့။ လက်တော်ထဲမှာ ရှောက်သီးဆေးပြားတွေ တွေ့တယ် တဲ့”
“အဲဒီဖွစာ…က အတည်ပြု ချက် မချက်ရသေးပါဘူး။ အတည်ပြုချက် ချက်ပြီး မှ ပူစပ်ပူလောင်ဖြစ်အောင် (@#)အော်သီးလေး အုပ်ပြီး ဆက်ဖွမည် ဖြစ်ကြောင်း”
“ဟေ့…ဖွမသား။ အတည်ပြုချက် မချက်ရသေးပဲ နဲ့ ဖွရအောင်ငါတို့ကို သံပုရာသီး မှတ်လို့လား။ ( (@##$) ပဲ ထင်တယ်ကွ။ ဖွ နဲ့ မျောက်မူးလဲစပ်ကြား သားရဲ့ ”
“၀ုန်းဒိုင်းဒက်…ဒက်ဒက်ဒက်”
“အရေးတော့ ပေါ်ပြီတဲ့။ ၁၄၄။ ၄၁၂။ ၄၁၃။ ဒီတပတ်ဒီဂဏန်းတွေ အာလိုက်ဦးမယ်။ အပြီးပေါက် ဂဏန်းတွေ ထင်တယ်”
“ညရော နေ့ရော မထွက်ရတော့ဘူး… တဲ့။ တေပီဆြာ”
“နင် တို့ က ဖွကောင်းရုံဖွ။ ဟိုမှာ အလစ်ချောင်းနေတဲ့ ကောင်တွေက လောင်ချာတွေနဲ့ လာကုန်ပြီ။ ပြန်ပစ်လေ ဖွမသားတွေ ရဲ့။ လက်နက် မရှိတဲ့လူတွေမှ ပစ်ကောင်းရဲ့လားဟဲ့”

ဒိုင်းးးးးဒိုင်းးးးးဒက်…ဒက်…ရွှီးညွန့် မအေးညွန့်၊ ဖရုံညွန့်၊ ဘူးညွန့်။

အိုးးးးသူတို့ဆီက အသံတွေကို နားထောင်ရင်း ဂျီးဒေါ် နားတွေ အူလာ၊ မျက်စိတွေဝေလာ။ ခေါင်းထဲက တရိပ် ရိပ် မူးလာ။ နောက်ဆုံးလောကကြီး တခုလုံး မှောင်အတိကြသွားလေတော့သည်။

###############

“ဂျီးဒေါ်…ဂျီးဒေါ်…ဗျိုး…ဂျီးဒေါ် နေ့ခင်းကြောင် တောင်ကြီး ကန်စွန်းရွက်စည်းကြီး ကိုင်ပြီး အိပ်နေလိုက်တာ”

ဆူညံ ဆူညံ သာဂိ အသံကြီးကြောင့် ရုတ်တရက် လန့် နိုးသွားရာ လက်ထဲမှ ကန်စွန်းရွက်စည်းကြီးကို ကြည့်ပြီးနေ့ခင်း ကြောင် တောင် အိပ်မက်မက်နေပါလားလို့ သဘောပေါက်သွားသည်။

တဆက်တည်း အိပ်မက်ထဲမှ မဟာ အခွင့်အရေးကြီးကို လက်လွှတ်ဆုံးရှုံး လိုက်ရပြီဟူသော အသိက ရင်ထုမနာ ၀င်ရောက်လာရာ “ဖွမသားတွေ ဖွရင်း ဖွရင်း သူတို့ပါ ပွကုန်ပါစေတော်” လို့ ကျိန်စာ တိုက်လိုက်မိလေသတည်း။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “ဂျီးဒေါ် နဲ့ ဆော်ကြမ်း – gyaw dee

Comments are closed.