ကဗျာ

မှတ်တမ်း နှစ်ဆယ့်လေးနှစ်

ကမာပုလဲ
ဇွန် ၁၂၊ ၂၀၁၂


ဝသန္တ
တိုရေ ရှားရေ လရောင်မှိန်ဖျော့
မြစ်တစင်း
သူ့အချစ်နဲ့သူ စီးဆင်းနေမြဲ
နှစ်ဆယ့် လေးနှစ် …။

နှစ်ဆယ့်လေးနှစ်ကို မြစ်ပေါ်တင်ပေးလိုက်တယ်
ကမ်းနှစ်ဖက်ရဲ့ မိုးမခပင်တွေမှာ
တခါက မျက်နှာနုနုကလေးတွေ
အဆုပ်လိုက် … အဆုပ်လိုက် တဖတ်ပြန်လည်ဖူးပွင့်လာကြ
နှစ်ဆယ့် လေးနှစ် …။

နှစ်ဆယ့်လေးနှစ်ဟာ
စာသင်ခန်းတွေထဲက စတင်စီးဆင်းလာခဲ့
နှစ်ဆယ့်လေးနှစ်ဟာ
အမေ့မျက်ရည်ကို သမိုင်းပေးတာဝန်နဲ့ အလဲအလှယ်ပြုခဲ့
နှစ်ဆယ့်လေးနှစ်ဟာ
နောင်ဥဒါန်း ဘယ်မကြေစရာ ရာဇ၀င်အရိုးတွန်သံကို နာခံခဲ့
နှစ်ဆယ့်လေးနှစ်ဟာ
သူ့ခေတ်ကတောင်းဆိုတဲ့ တိုက်ပွဲဝင်အလံတလက်ဖြစ်ခဲ့
နှစ်ဆယ့်လေးနှစ်ဟာ
အိမ်အလွမ်း၊ ငှက်ဖျား၊ ဒဏ်ရာအနာတရနဲ့ ကျဆုံးရဲဘော်တွေဖြစ်ခဲ့
နှစ်ဆယ့်လေးနှစ်ဟာ
သစ္စာခိုင်မြဲသူတွေရဲ့ သံပြိုင်တေးတပုဒ်ဖြစ်ခဲ့ …။

နှစ်ဆယ့်လေးနှစ်မှာ
စစ်အာဏာရှင်လက်သစ်က
၂၀၀၈ စစ်ဥပဒေ မကိုဋ်ကို အသေအချာဆောင်းပြီး
ပြည်သူ့အိမ်ဦးခန်းတွေထဲမှာ ပိုင်စိုးပိုင်နင်းထိုင်လို့

နှစ်ဆယ့်လေးနှစ်မှာ
အာဏာအကြောလိုက်နေတဲ့လက်ကို သေနတ်မောင်းကွင်းထဲထည့်ပြီး
အပစ်ရပ်၊ ငြိမ်းချမ်းရေးစကားကို လူကြားကောင်းအောင်ဆိုလို့ …။

နှစ်ဆယ့်လေးနှစ်မှာ
စိတ်ကောက်ခဲ့တဲ့ စူပါပါဝါ နိုင်ငံခြားရေးဝန်ကြီးလာတယ်
အရှေ့မျှော်ခေါင်းဆောင်ကြီးက
ဇိနတိုင်းနဲ့ ကိုယ်ကျိုးစီးပွားအပြိုင်ရိုက်ဖို့
အမေရိကန်ဒေါ်လာ သန်းငါးရာကိုကိုင်ကာ မျက်နှာချိုသွေးဖို့လာတယ်
ကုလ၊ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေးကြေးရန်ပုံငွေအဖွဲ့တွေက
ရွှေတံခါး၊ ငွေတံခါးကိုကို သူ့ထက်ငါ အပြိုင်ဖွင့်တယ်
အီးယူ၊ အာဆီယံ၊ ကိုရွှေဂျပန်တို့ကလည်း
လူသတ်သူကြီးကို ရွှေစလွယ်၊ ငွေစလွယ်တွေချတယ် ….။

နှစ်ဆယ့်လေးနှစ်မှာ
၈၈၈၈၊ ဒီပဲယင်း၊ ၂၀၀၇ သားသတ်သမားတွေဟာ
ငြိမ်းချမ်းရေးနိုဘယ်ဆုတွေ ချီးမြှင့်ခံရလေမလား …
နှစ်ဆယ့်လေးနှစ်မှာ
ဆိုခဲ့တဲ့သစ္စာစကားအပေါ် သေကွဲရှင်ကွဲမြဲခဲ့သူများ
သူတို့အပေါ်တရားသေ၊ အစွန်းရောက်သမားတွေအဖြစ်နဲ့
သတ်မှတ်စွန့်ပစ်ထားခဲ့မယ်လား ….

နှစ်ဆယ့်လေးနှစ်မှာ
မြစ်က
ဒေါသတကြီး ပေါက်ကွဲတယ် ..လှိုင်းအဖြစ်
မြစ်က
ငိုကြွေးတယ် …အရှိန်အဟုန်ပြင်းစွာစီးဆင်းရင်း
မြစ်က
ရယ်မောတယ် … အောက်ခြေလွှတ် မိုးတိမ်တွေကိုကြည့်ရင်း
မြစ်က
စကားပြောတယ် …. ဥပေက္ခာတောင်တန်းတွေကို သက်သေပြုရင်း …။

မြစ်တစင်း
သူ့အချစ်နဲ့သူ
မဖောက်မပြန် စီးဆင်းနေဆဲ
နှစ်ဆယ့်လေးနှစ် ….။

(ဒီပဲယင်း အစုလိုက် အပြုံလိုက် လူသတ်မှုကြီး (၉) နှစ်ပြည့်မှာ ဒီကဗျာကို ရေးဖြစ်ပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts