ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

မျိုးဆက်သစ်တို့၏ လေ့လာရေးခရီး

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
မေ ၂၆၊ ၂၀၁၂

နာရေးကူညီမှုအသင်း (ရန်ကုန်) သည် ပညာရေးကဏ္ဍတစ်ရပ်အား ၂ဝ၁ဝ ခုနှစ်မှစတင်၍ တိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး မျိုးဆက်သစ်ကလေးငယ်များအတွက် “အဖြူထည်တို့၏ပွဲ” အမည်ဖြင့် ပန်းချီပြပွဲ (၂) ကြိမ်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။ ယခု ၂ဝ၁၂ ခုနှစ် နွေရာသီကာလတွင် ကလေးသူငယ် စုစုပေါင်း (၇ဝဝ) ကျော်ခန့်တက်ရောက်ခဲ့ကြပြီး အခြေခံအင်္ဂလိပ်စာသင်တန်း၊ ယဉ်ကျေး လိမ္မာသင်တန်းနှင့် အခြေခံကွန်ပြူတာသင်တန်းများတို့တွင် တက်ရောက်နေကြသော ကလေးသူငယ်များတို့မှ ပန်းချီပညာရပ်အား စိတ်ပါ ဝင်စားသော မျိုးဆက်သစ်ကလေးငယ်များအား ပန်းချီဆရာ ဦးဝင်းကြည်၊ ပန်းချီဆရာမ ဒေါ်နုနုနှင့် ဒေါ်ရီရီခင်တို့မှ မေတ္တာစေတနာများဖြင့် (အခမဲ့) ပညာဒါနအဖြစ် ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသည်။

၂၂.၅.၂ဝ၁၂ (အင်္ဂါ) နေ့ နံနက် (၁ဝး၃ဝ) နာရီအချိန်တွင် ပန်းချီသင်တန်းသို့ တက်ရောက် သင်ကြားနေသည့် မျိုးဆက်သစ်ကလေးငယ်များအား လေ့လာရေးခရီးစဉ်အဖြစ် ပြင်ပ (ရန်ကုန်မြို့တွင်း) ရှိ ပန်းချီပြခန်းများသို့ ပန်းချီဆရာ ဦးဝင်းကြည်၊ ပန်းချီဆရာမ ဒေါ်နုနုနှင့် ဒေါ်ရီရီခင် တို့မှဦးဆောင်၍ အသင်းသားဖြစ်သူ ဦးစည်သူ၏ BM မော်တော်ယာဉ်ကြီး အကူအညီဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်မှ ဦးစွာ ပထမ ဗဟန်းမြို့နယ်၊ သံလွင်လမ်းရှိ New Treasure Art Gallery ၌ Second Group Show 2012 အဖြစ် ပန်းချီဆရာ မင်းဝေအောင်၏ ပန်းချီကားချပ်များနှင့် အခြားပန်းချီဆရာများ ရေးဆွဲပုံဖော်ထားသည့် ပန်းချီကားချပ်အားလည်းကောင်း၊ KZL art studio & gallery တွင် Big Bigger Biggest art exhibition ပန်းချီပြပွဲသို့လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းဈေးရှိ The Myanmar Traditional Artists and Artisans Organization (Central) တွင် Atmosphere in Water Colr Art Exhibition ပြပွဲ အစရှိသည့်အခမ်းအနားများသို့ နာရေးကူ ညီမှုအသင်း (ရန်ကုန်) မှ မျိုးဆက်သစ်ကလေးငယ်များသွားရောက်၍ ပန်းချီလက်ရာများအား ကြည့်ရှုလေ့လာခဲ့ကြသည်။ ဗိုလ်ချုပ်အောင် ဆန်းဈေးရှိ ပန်းချီပြခန်းတွင်း၌ ပန်းချီဆရာအောင်မင်းမင်းမှလည်း ကလေးငယ်များ၏လက်ထဲရှိ ပန်းချီပြပွဲဖိတ်စာများပေါ်တွင် အမှတ်တရ အဖြစ် ကယ်ရီကေးချား ရုပ်ပုံများရေးဆွဲပေးခဲ့သည်။ မျိုးဆက်သစ်ကလေးငယ်များတို့သည် ပန်းချီပြပွဲများသို့ အားကြိုးမာန်တက် သွား ရောက်လေ့လာမှုများပြုလုပ်ခဲ့ပြီး ကိုယ်တိုင်ရေးဆွဲကြဖို့ ပြင်ဆင်လျှက်ရှိသည်။

“ပန်းချီအစ ပုံဆွဲက” ဆရာကြီး ဦးဘကြည်ဆိုခဲ့ပါသည်။ အမှန်စင်စစ် “ပန်းချီအစ ရေဆးက” ဟူ၍လည်း ဆိုနိုင်ပါသည်။ ကမ္ဘာပေါ်ရှိ ပန်းချီ ဆရာတိုင်း ရေဆေးနှင့်မကင်းနိုင်ခဲ့ချေ။ ထို့အတူ နာရေးကူညီမှု အသင်း (ရန်ကုန်) ရှိ မျိုးဆက်သစ်ကလေးငယ်များအား ပန်းချီဆရာများ ဖြစ်ကြသည့် ဦးဝင်းကြည်၊ ဒေါ်နုနု၊ ဒေါ်ရီရီခင်တို့မှ စေတနာအပြည့်အဝဖြင့် အားထုတ်သင်ကြားခဲ့ရာ ကလေးငယ်များတို့သည်လည်း စိတ် ပါဝင်စားစွာဖြင့် ပန်းချီပညာရပ်အား အခြေခံသဘောတရားများစ၍ ရေဆေးပန်းချီကားချပ်များရေးဆွဲနိုင်သည်အထိ စာတွေ့၊ လက်တွေ့ သင်ကြားရေးဆွဲနေသလို ရံဖန်ရံခါများတွင် ယင်းကဲ့သို့သော ပန်းချီပြပွဲခန်းမများသို့ သွားရောက်၍လေ့လာမှုများလည်း စီစဉ်ဆောင်ရွက် ပေးခဲ့ပြီး မကြာမီကာလတွင် “အဖြူထည်တို့ရဲ့ပွဲ” Vol:3 အဖြစ် မျိုးဆက်သစ်ကလေးငယ်များတို့၏ ရိုးသားကြိုးစား စိတ်အားထက်သန်မှု၊ စိတ်ထဲရှိ ခံစားချက်ပုံရိပ်များတို့အား အရှိအတိုင်း ရိုးရှင်းစွာဖော်ကျူးရေးဆွဲကြမည့် ပန်းချီလက်ရာမွန်၊ အနုပညာဖော်ကျူးမှုများကို သဘာ ဝအတိုင်း လက်တွေ့ရေးဆွဲကာ အများပြည်သူတို့အား ခင်းကျင်းတင်ပြခွင့် ရရှိတော့မည်ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts