ပင်တိုင်ကဏ္ဍ မာမာအေး

Mar Mar Aye – 423


“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၂၃)
မာမာအေး
မေ ၂၀၊ ၂၀၁၂

၂ဝဝ၂ ခုနှစ်က တွေ့ရသော မေဆွိ၊ မြန်မာပြည်သိန်းတန် (ဓာတ်ပုံ – Kha & Mra)

“—-မောင်သိန်းတန်တို့ – ဆွိလေးတို့နဲ့တော့ ဒီဖက်မှာ ပွဲတက်ရင်း ဆုံရတတ်ပါတယ်၊ ဆိုအားကေါင်းတုန်း အနုပညာသည်တွေ—”


သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ …
ရှေ့အစီအစဉ်မှာ မာအေးပြောမိသလိုဘဲ လေထိမခံတဲ့ အမေရိကန်မဘ၀ မကျွတ်သေးလို့ နေ့တိုင်း ခေါင်းလျှော်ဆေးလူး၊ အလှပြင်ဆိုင်နဲ့အိမ်နဲ့ ကူးနေနိုင်မှ တော်ကါကျတာမို့ မဆီမဆိုင် ရှေးမင်းသားကြီး စိန်ဂတုံး ကိုယ်တိုင်ရေးဆိုသွားတဲ့ ‘ညီတော်မင်းနန်’ သီချင်းထဲက “သစ်ငုတ်တိုခြောက် အစပေါ်က မျောက်မနဲ့ပမာညီ၊ ကလျာဏီနဲ့ဘယ်သူလှ” အဲဒီ စာကြောင်းလေး ပြေးသတိရနေမိပါတယ်၊ မဟာဂရုဏါရှင် ဗုဒ္ဓဘုရားသခင်ရဲ့ ခယ်မတော် – ကလျာဏီလို လှတာနဲ့
မနှိုင်းကြောင်းတော့ သိမှာပါ၊ ‘အလာဂျီ’ ဆိုတဲ့ဟာလေးတွေဆီ လက်တမြှောက်မြှောက် ရောက်ရောက်သွားချင်နေလို့ စိန်မျောက်မျောက်တို့ဂိုဏ်းဝင်သာ ဖြစ်ချင်ဖြစ်ဖို့ပါဘဲ။

အမြဲတစေ အိမ်ကပ်မနေတတ်တဲ့ ခြေရှည်ခြင်းကိုတော့ မျက်လုံးနဲ့လိုက်ရှည်လို့ရတဲ့ ဘလောက်တွေ၊ E မဂ္ဂဇင်းတွေ၊ ကွန်ယက်တွေ လိုက်ဖွင့်ဖတ်လို့ရတာနဲ့ တော်သေးရဲ့ဟဲ့ပေါ့လေ၊ ကိုယ့်နိုင်ငံက နောက်ပေါ်တဲ့ အသံလွှင့်လိုင်းတွေ ဖမ်းလို့ရတဲ့စက်တော့ မတတ်ထားပါဘူး၊ ရောက်ရာအရပ်မှာ သင့်အောင်နေစိတ်နဲ့ နေရတာမို့လား – ဘာမှ မတတ်နိုင်ချိန်မှာ ‘အိမ်သတိရ’ မဖြစ်အောင်နေရတာကိုးရှင့်။

သူများနိုင်ငံမှာ နေရပြီ ဆိုတဲ့ အခြေအနေမျိုး တိုးလာတဲ့အခါ အထီးကျန်စွာ ငြိမ်သက်မှုကို ဆောက်တည်ရပါတယ်၊ မာအေးတို့အရွယ်ကေါင်းမှာ နိုင်ငံတကါဘာသာလိုက်စားခွင့် အနည်းအပါးဘဲရှိခဲ့တာ၊ တခြားနိုင်ငံသားတွေနဲ့ ဆက်ဆံခွင့် ပြောဆိုခွင့် မရှိသလောက်ပါဘဲ၊ မာအေး ဆိုရင် ကိုယ့်နိုင်ငံသားတွေရေးတဲ့စာသားနဲ့အသံကိုတောင် မြန်မာဘာသာစကါးနဲ့သာ ဆိုခွင့်ပေးခဲ့တာပါ၊ အဲဒီတော့ – တခြားနိုင်ငံမှာ ဘယ်လောက်နေနေ လေယူလေသိမ်းကတော့ ဟုတ်လို့ဘဲ၊ ပြောရင်းမတ်တတ် သူများက ကြားဝင်ဖြတ်ပြောလိုက်ရင် ဘာဆက်ရမှန်းမသိတာတွေကြုံရပါတယ်၊ အမေရိကန်ကလဲ ကိုလိုနီဖြစ်ခဲ့ဖူးတော့ အမေရိကန် English ဖြစ်အောင် အသံထွက်တွေ စာလုံးပေါင်းတူတာတောင် မတူပါဘူး၊ သင်တန်းတခုခု တက်တယ် ဆိုလဲဘဲ သူ့ဆိုင်ရာ စာလုံးတွေ သီးသန့်ပြဋ္ဌာန်းထားတာမျိုးဖြစ်တော့ သင်တဲ့ဘာသာရပ်ရဲ့ စာလုံးတွေအဓိပ္ပါယ်တွေဘဲ သိတော့တယ်၊ ဒါကြောင့် တချို့ကိစ္စတွေမှာ မသိရင် မသိဘူးလို့ အမှန်ပြောတာပါ၊ ခုတော့ ၀မ်းမနာသားများကေါင်းမှုနဲ့ ဟိုအင်တာနက်ဝင်ကြည့်၊ ကွန်ယက်တွေလိုက်ဖတ် နည်းနည်းတော့ လုပ်တတ်ပါပြီ။

ကိုယ့်နိုင်ငံက စာစောင်တချို့လဲ ဖတ်လို့ရကြောင်း၊ အရုပ်တွေရော အသံတွေရော အိမ်မှာနေရင်း အပျင်းလဲပြေ၊ သတင်းလဲဝေပေါ့။ တိုင်းပြည်မှာ ဖြစ်နေတဲ့ အခြေအနေကိုလဲ အသင့်အတင့် သိနိုင်နေတာဘဲ၊ ကိုယ့်အကြောင်းလဲ ပြောကြပြီ ကိုယ့်နာမည်ကိုယ့်သီချင်းလဲ ဖေါ်ပြနိုင်ပြီလို့ မီဒီယာကတဆင့် သိနေရပါတယ်။

ဒါကြောင့် လူငယ်ဂီတသမးတွေ ‘စု’ဆီ သွားကူနေကြတာတွေ တွေ့ပါတယ်။ ကိုကျော်သူတို့ ဇနီးမောင်နှံရဲ့ အထူးခြားဆုံး စွန့်လွှတ်မှု လူမှုရေးဆောင်ရွက်ချက်ကြောင့်လဲ ကြက်သီးထစရာပါဘဲ၊ ဒီသတင်းတွေ တွေ့ရတော့ ‘ငှက်သွင်ပျံကြွရောဂါ’ ရတာပေါ့။ ဒီ ကျန်းမာရေးနဲ့ ဘာလေးများလုပ်ပေးနိုင်သေးလဲ၊ စိတ်က အမြဲ အဲဒီနားတွေမှာဘဲ ရောက်နေတာကြာပေါ့။

မောင်သိန်းတန်ကလေးတို့ – တူမချော မေဆွိတို့ရဲ့ ဂီတပွဲတွေလဲ အတော်ကို စည်ကါးတာဘဲ၊ တကယ်ဝမ်းသာပါတယ်။ ကိုဇာဂနာလေးနဲ့တွေ့တော့လဲ မေတ္တာစကါးပါးလိုက်တာတွေ ကြားခဲ့ရပါတယ်။ ကျေးဇူးပါဘဲရှင်။ ချက်ချင်းကြီးတော့ ဘယ်ဖြစ်ပါ့မလဲ။ ကျန်းမာရေးက အစ စစ်ဆေးရဦးမှာ၊ အချိန်လဲယူ၊ အရှိန်လဲ ယူရဦးမယ်လေ၊ ပလောင်ကလေး အတက်နှေးတာလောက်ပါ။ ညောင်သီးလဲစား မျှားသံလဲ နားထောင် ဆိုတာလိုပေါ့။

ရှေ့ကရောက်နှင့်သူတို့ ဘာတွေလုပ်နိုင်သလဲ၊ ပရိသဒ်ကို ဘယ်လိုပေးမလဲ၊ လေ့လာနေဆဲပါလို့ ပြောရမှာပါရှင်။ သူတို့လေးတွေက ပရိသဒ်နဲ့သိတ်မကွာဘူး၊ မာအေးဆိုရင် ကွာနိုင်တယ်လေ၊ ခုခေတ်ထဲအရွယ်ရောက်လာတဲ့အသက်အစိတ်လောက်ဆို သိချင်မှသိမှာနော၊ ကိုယ့်ကူမယ့် ဗမာသံစစ်ကူတွေကလဲ တချို့ဆို ကိုယ်က ဦးချရတော့မယ့်အရွယ်တွေ ဖြစ်နေပြီ၊ ဒီကွာဟမှုကို မေ့လောက်တဲ့ အစီအစဉ်မျိုး တင်ဆက်နိုင်ဖို့ လိုမယ် ထင်တယ်၊ ဒါတွေ ဒါတွေ ရှိနေသေးလို့ နားလည်ပေးပါလို့ ကြိုပြီး တောင်းဆိုထားပါရစေရှင်။

မောင်သိန်းတန်တို့ – ဆွိလေးတို့နဲ့တော့ ဒီဖက်မှာ ပွဲတက်ရင်း ဆုံရတတ်ပါတယ်၊ ဆိုအားကေါင်းတုန်း အနုပညာသည်တွေမို့ ထူးပြောစရာ မရှိပါဘူး၊ မေဆွိကတော့ သူ့အသက် (၃၅)နှစ်တုန်းက မြန်မာနိုင်ငံရဲ့ တခုတည်းသောအသံလွှင့်ဋ္ဌာနကြီးမှာ မွေးနေ့ပြုခွင့် သီချင်းဆိုခွင့် ရခဲ့တယ်။ ခု ရွှေရတုမှာလဲ ကိုယ့်နိုင်ငံမှာ စင်တင်မွေးနေ့ပွဲ ကျင်းပခွင့်ရတယ်၊ ပျော်စရာကြီးနော်။ သူ့အစီအစဉ်မှာ မကွေးလှိုင်ဝင်းမောင်တို့အဖွဲ့က စေါင်း (၅) လက်နဲ့ ကွက်ဆန်းတီးပေးတဲ့၊ လှေကလေး သီချင်းကိုလဲ ကြားလိုက်ရပါတယ်။ တီးလုံးသက်သက် နိုင်ငံတကါ ဂီတ အပြင်အဆင်နဲ့ ထွက်ဦးစက ကြားဖူးတော့ ချိုချိုအေးအေး ရင်ထဲပြေးဝင်လာသလို ခံစားခဲ့ရတယ်၊ ပုလွေလေးနဲ့ ခြောက်လုံးပတ်စုံကလေး လိုက်ထားတာ မြန်မာ့ဟန်ပေးတာပေါ့လေ၊ မြန်မာ့စောင်း သန္ဓေပျက်ပေမယ်လို့၊ ရောသမမွှေလို့ ဇွတ်ကြီးမဟုတ်လို့ တော်သေးရဲ့ရှင်။

‘လှေကလေး’ သီချင်းကို ဆရာရွှေတိုင်ညွန့် စာဆိုခဲ့ပါတယ်၊ မူရင်းအဆိုက ခေတ်ဟောင်းအဆိုတော်ကြီး ဘိလပ်ပြန်သန်းပါ၊ တပြည်နဲ့တပြည် ဂီတရေစီးမှာ ဆရာလဲ ‘လှေကလေး’ နဲ့ မျှောခဲ့ပေတယ်ပေါ့။ ဆရာကြီးက စာကို ထောင့်ကျိုးအောင် ဖြည့်နိုင်တော့ နိုင်ငံတကါက သီချင်းလို့တောင် မသိနိုင်ဘူး၊ “Red sails in the Sunset”က ယူထားတာပါ။ တူမလေးဆွိက မမထားကို ကိုယ်တိုင်ဖိတ်ခေါ်တော့ ‘စည်သူဘွဲ့ရထား’လို့ ကြားလိုက်ရတယ်၊ ငြိမ်ငြိမ်ကလေး အပြုံးပေးနေတတ်တဲ့ မမထားတောင် ‘စည်သူ’တွေ ဘာတွေ ရပြီဘဲ လို့ ရင်ထဲက လွမ်းတယ်၊ ဆွိလေးနဲ့ ထား အတူဆိုတာလေး နားဆင်ကြည့်ပါနော်။

(လှေကလေး – မေဆွိ+ထား)

ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။
စာစီစာရိုက် – မျိုးဇော်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts