ပင်တိုင်ကဏ္ဍ မာမာအေး

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၄၂) – Mar Mar Aye

မာမာအေး
အောက်တိုဘာ ၂၀၊ ၂၀၁၂
  

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … အရင်တပါတ်က “မြခြူသံ” သီချင်း အစပိုဒ် နားထောင်ရင်း ကျန်နေရစ်တာ မဟုတ်လား။ ဇါတ်ကါးအကြောင်းတော့ ပြန်ပြောပြစရာလိုမယ် မထင်တော့ပါဘူးရှင်။ ကဗျာသခင် ဗန်းမော်ညိုနွဲ့ ဆိုတဲ့ ဆရာကြီး စာရေးလာတာနဲ့ ပြောပြပြီးခဲ့တာ ကြာလှပါပြီ။ ဒါပေမယ့် မြခြူသံထဲမှာ ပြန်သုံးတဲ့ ၀င်းဝင်းရုံ၊ ပြဇါတ်ခေတ်က သီချင်းလေးတပုဒ်ကိုတော့ ပြန်ပြီး နားထောင်စေ့ချင်ပါသေးတယ်။ ပြဇါတ်သီချင်းတွေကို ဟိုတုန်းက ရေဒီယို ပရိတ်သဒ်တွေကလဲ ကြိုက်ကြပါတယ်ရှင်။ ရန်ကုန်မှာ ပြဇါတ်လာမကြည့်ဖြစ်နိုင်ပေမယ့် စနေမနက်တိုင်း ပြဇါတ်သီချင်းတွေကို တိုက်ရိုက်အသံလွှင့်တာကြောင့် ကြိုက်နှစ်သက်စွာ စေါင့်စားနားထောင်နိုင်သေးလို့ပါဘဲ။
အဲဒီ ၀င်းဝင်းရုံ ပြဇါတ်တခေတ် ကုန်သွားလို့ မနက်ပိုင်း အသံမလွှင့်နိုင်တဲ့အခါ အပျော်တမ်းကါလပေါ်သီချင်း အသံလွှင့်အဖွဲ့တွေ ပေါ်လာခဲ့တာပေါ့ရှင်။ အသံလွှင့်ချိန်က ၁၅ မိနစ်လောက်ပဲ ရတာမို့ သီချင်းနှစ်ပိုဒ်လေါက်ပဲပါတဲ့ သီချင်းတိုလေးတွေ (နှစ်နှစ်ဆယ်ကဏ္ဍ)မှာ များနေကြောင်း လေ့လာသိရှိနိုင်ပါတယ်ရှင်။

ခု မာအေး ပြန်ပြီး ကြားစေ့ချင်တဲ့ ပြဇါတ်သီချင်းလေးကတော့ “မျှော်တလင့်လင့်”တဲ့ရှင့်။ ချစ်သူကို မျှော်နေသူတယောက်ရဲ့ ခံစားချက်ကလေးကို ရေးဖွဲ့ထားတာပါ။ ဘယ်ပြဇါတ်မှာ ပါဝင်ခဲ့တာလဲတော့ မသိဘူး။ မာအေးက အမေကြည်လို့ ခေါ်ခဲ့တဲ့ ဂန္တ၀င် အနုပညာရှင် အကယ်ဒမီ ကြည်ကြည်ဋ္ဌေးရဲ့ ဓါတ်ပြားကို ကြားပြီး သဘောကျခဲ့ရတာပါရှင်။ မွေးခဲ့ရာ ဇာတိအချိန်ကနေ ဇရာ၊ ဗျာဒိ၊ မရဏ၊ အဆင့်ဆင့် ပြောင်းကြွ ကြွေလွင့် အသင့်အမှန် သိတန်သိနေပါသော်လဲ မခွဲရည်တူ ချစ်ရသူနဲ့ ကြည်ဖြူမြေ့ချမ်း မေတ္တာလမ်းကို မျှော်မှန်းတမ်းတနေနေရတော့တယ် လို့ လိုရင်း တိုရှင်းလေးနဲ့ ဆွေးပုံပြတဲ့သဘော ရေးစပ်ထားတဲ့ သီချင်းအေးလေးပါ။

‘မြခြူသံ’ရဲ့ ဇာတ်အိမ်ကလဲ ဇါတ်ပွဲလိုဘဲ ဇါတ်ခုံနဲ့ကပြ အသုံးတော်ခံတဲ့ ပြဇါတ်အဖွဲ့ တည်ထောင် ဖျော်ဖြေရေးလုပ်ငန်း လုပ်ကြတဲ့သူတွေနဲ့ ပါဝင် ဖျော်ဖြေပေးကြတဲ့ စာရေးဆရာ၊ အဆိုတော်၊ သရုပ်ဆောင်တွေကြားမှာ တွေ့ကြုံရတတ်တဲ့ အသီးသီးသော မေတ္တာတွေထဲမှာ မိဘနဲ့သားသမီးတို့ရဲ့ သံယောဇဉ် ဘယ်လိုကြီးခဲ့တယ် ဆိုတာလေးတွေနဲ့ တင်ပြတဲ့ တေးဂီတ အသားပေးတဲ့ ဇါတ်လမ်းမျိုးမို့လို့ “မျှော်တလင့်လင့်”ကို ရုပ်ရှင်အတွက် ပြန်အသုံးပြုတာလို့ မြင်မိပါတယ်။ ရုပ်ရှင်ကိစ္စ ပြောရရင် … ရွှေဟင်္သာရုပ်ရှင်ကုမ္မဏီက မကြာခဏ မာအေးကို ရုပ်ရှင်ရိုက်ဖို့ ပြောဖူးတယ်။
ဒိအရင်က ကိုဝဏ္ဏတို့ ကိုသုမောင်တို့အဖေ စာရေးဆရာ ဒါရိုက်တာကြီး “သာဓု”က  “မကျည်းတန်” နာမည်နဲ့ ရိုက်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ မာအေးရဲ့ ချစ်သူက – မယူဖြစ်ခင်မှာကိုဘဲ သဘောမတူပါဘူး ဆိုလို့ မရိုက်တာပါဘဲ။ နောက်တယောက် နာမည်က နာမည်ကျော်မင်းသားကြီး ၀င်းဦးပါပါရှင်။ အကိုဝင်းဦး ဂရင်းဘင့်(ဂ)လမ်း အင်းလျားကန်စပ်နားက အိမ်ကလေး ပြောင်းလာနေတော့ မာအေးတို့က ၀င်ဒါမီယာလမ်းမှာမို့ အနီးဆုံး ဖြစ်နေတာကိုး။ သူက ညတိုင်း လာပြီး အိမ်ကလူနဲ့အတူ ပလောင်ထင်းကြလို့ ညီနောင်တမျှ ရင်းလာကြချိန်မှာ မာအေးနဲ့ ရုပ်ရှင်ရိုက်ဖို့ ပြောပါတယ်။ အဲဒါက “တကြော့နှစ်ကြော့တေးကိုသီ” ဇါတ်ကားအတွက် တဲ့။ ၀င်းဦးနဲ့ အဆိုတော်တင်တင်မြ၊ အဆိုတော်ချိုပြုံးတို့နဲ့ ရိုက်ဖြစ်သွားတဲ့ဇါတ်ကါးပေါ့ရှင်။ ချိုပြုံးက – အမကြီး တင်တင်မြရဲ့ ချစ်သူ ဖြစ်မယ့်သူကို – မြှူချူ ယူလိုက်ရတာမျိုး ကါရိုက်တာကို ကြည့်ဖူးခဲ့တဲ့သူတွေတော့ သိမှာပေါ့နော်။ အဲဒီနေရာဟာ မအေားကို အကိုဝင်းက ယာထားတာလေ။ ဇါတ်လမ်းအရကတော့ အမကြီးနေရာက အဓိက ဖြစ်နေတာမို့လား။ ဒါကြောင့် မာအေးခင်ပွန်းက မေးပါတယ်။ “ကျန်တာတွေကို ဘာမှ မပြောတော့ဘူး ဆိုပေမယ့် တခုတော့ မေးမှ ဖြစ်မယ်။ ပဏါမထိပ်အထွက် စာတမ်းတွေထိုးတဲ့အခါ မာမာအေးနဲ့ တင်တင်မြ ဘယ်နာမည်ကို အရင် စာတမ်းထိုးမှာလဲ။ အကိုဝင်းဥိးတောင်မှ မြန်မာ့ထုံးစံအရ ပုရိသကို ဦးစားပေးရလို့ ယဉ်ကျေးမှုကို လေးစားပြီး ဘာမှ မပြောတာ။ နိုင်ငံတကါလိုသာ ဆိုရင် အေးအရင် ဘယ်သူ့နာမည်မှ အတင်မခံနိုင်ပါဘူး။ အကိုသဘောတူရင် ပြန်ပြောပါ” ဆိုလို့ အကိုဝင်းဦးကြီး အီလယ်လယ်နဲ့ ကေါက်သွားရှာတယ် ထင်ပါရဲ့။
“မြခြူသံ”  နဲ့ အပြိုင် အမြန်လိုက်ရိုက်ပြီး ပြသခဲ့တာ တလောကထဲဘဲဟာ မသိမရှိပါဘူး။ နောင် လိုတဲ့အခါကျမှ ထပ်ပြောပါဦးမယ်။ ခုဟာက ဗိုလ်ကလေးတင့်အောင်ရဲ့ ရုပ်ရှင်ကို ဘယ်လို ခံစားနိုင်အောင် ကြံစီရိုက်ကူး ပေါင်းစပ်တယ် ဆိုတာလေးကို “မျှော်တလင့်လင့်”သီချင်းနဲ့ သရုပ်ဖေါ်တဲ့ ပြကွက်အကြောင်းဖြစ်နေလို့ပါ။

အဲဒီအခန်းကတော့ ‘အမာ’ ဆိုတဲ့ သီချင်းဆို အသံကေါင်းမလေးဟာ မိဘတွေနဲ့အတူ ကဇါတ်ရုံကို လိုက်လာတယ်၊ သူတို့အလုပ်လုပ်နေစဉ်မှာ ဇါတ်ခုံပေါ်က စန္ဒရားကြီးတွေ့တော့ စင်ပေါ် တက်သွားပြီး “မျှော်တလင့်လင့်”ကို ဆိုတီး တီးနေတာနဲ့ စပါတယ်။ ပြီးတော့ လောင်းကုတ်ကြီးဝတ်ထားတဲ့လူတယောက် ကြောပေးပြီးဆေးလိပ်သောက် နားထောင်နေပုံကို မီးခိုးငွေ့တွေနဲ့အတူ ပြသခိုက်မှာ မာအေးအသံကနေပြီး ကြည်ကြည်ဋ္ဌေးရဲ့ အသံ ပြောင်းသွားပါတယ်။ အမေကြည် ဆိုတဲ့အပိုဒ်က စာသားလေးက “စေ့စေ့တွေးပြန်တော့ မအေးတဲ့လူ့ဘ၀ပြေ ဇာတိဆို မွေးစကနေ၊ ဇရာအိုခြင်း၊ ဗျာဒိယိုယွင်း၊ သေမင်းနဲ့တွေ့ရန်အချေ၊ စခန်းဗွေ လမ်းရှည် နွမ်းပစေ မနားဘဲ အားခဲလို့ လျှောက်ကြရပေ့မယ်လဲ တို့အတူပါနေ၊ ယနေ့ထက် နက်ဖန် – အော် ရက်မြန် အနိစ္စ တွေ့ရမျာတွေ၊ ဆိုတဲ့ အဓိပ္ပါယ်တွေနဲ့ လှေကါးထစ်တွေကို နင်းတက်နေတဲ့ လူကြီးရဲ့ ခြေလှမ်းတွေကို ပြတယ်။ သီချင်းဆုံးလို့ လှည့်ကြည့်တဲ့အခါ မျက်နှာမှာ ဒဏ်ရာကြီးနဲ့လူကို တွေ့တော့ လန့်အော်လဲကျ သတိမရတော့တာကို ရိုက်ပြခဲ့ပါတယ်။ ဒီပြကွက်ကြောင့် ဒီလူကြီး ကြားယောင်နေတာ သူ့ဇနီး ဖြစ်ခဲ့သူရဲ့ အသံလို့ သဘောပေါက်သွားစေတယ်။ မာမာအေးနဲ့ ကြည်ကြည်ဋ္ဌေး သားအမိလုပ်ရင်း တွဲဆိုတာလဲ လူသိစေတယ် ခံစားစေပါတယ်။
သောတရှင်တို့လဲ အရုပ်မမြင်ရသော်လဲ အသံပေါ်မှာ ခံစား နားထောင်လိုက်ပါတော့နော်။

(မျှော်တလင့်လင့်) ရေး – ဗိုလ်ကလေးတင့်အောင်
(အော် တနေ့ …. တနေ့ ရက်ပြောင်းကါ ရွေ့ပေမယ့် မမေ့တဲ့ချစ်သူရေ ပေါ်လာနိုး မျှော်ကိုးရပေ xx) ၂ x
စေ့စေ့တွေးပြန်တော့ မအေးတဲ့လူ့ဘ၀ပြေ၊ ဇာတိဆို မွေးစကနေ ဇရာအိုခြင်း၊ ဗျာဒိယိုယွင်း၊ သေမင်းနဲ့တွေ့ရန်အခြေ xx စခန်းဗွေလမ်းရှည်နွမ်းပါစေ မနားဘဲ အားခဲလို့လျှောက်ကြရပေ၊ မယ်လဲထို့အတူပါနေ၊ ကနေ့ထက်နက်ဖန် အော် … ရက်မြန် အနိစ္စ တွေ့ရမှာတွေ၊ သိပေမယ့် တရား မမြင်နိုင်သေး၊ စုလျားယှဉ်ပြိုင်ရေး၊ မောင့်ကို တွေး မျှော်ငေးကါသာနေ xxx


ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

စာစီစာရိုက် လုပ်အားပေး- မျိုးဇော်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts