တင်မိုး ပင်တိုင်ကဏ္ဍ

ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၃၇) – treasure of my life, poems from my heart


တင်မိုး
စက်တင်ဘာ ၈၊ ၂၀၁၂


“သံဃာတော်များကို သင်္ကန်းတွေဆွဲချွတ်၊ ထောင်ဝတ်ထောင်စားလဲပေးပြီး ထောင်ထဲဝင်လာကြတော့ အကျဉ်းသားများပင်လျှင် မျက်ရည်ကျကြရပါတော့တယ်။ ထောင်ထဲမှာ အရုဏ်ဆွမ်းမရှိ။ အုတ်၊ သမံတလင်းခုံမှာ သံဃာတော်များ ဖြစ်သလို သီတင်းသုံးရရှာတာ အလွန်ရင်နာဖွယ်ကောင်းပါတယ်”


(၁)
သီလ၊ သမာဓိ၊ ပညာဆိုတဲ့ ဂုဏ်သိက္ခာနဲ့ ပြည့်စုံတော်မူတဲ့ သာမညတောင် ဆရာတော်ဘုရားကြီးဟာ သက်တော်(၉၃) နှစ်အရွယ်မှာ လူ့ဘုံငြီး၍ နတ်ထီးစံတော်မူခဲ့လေပြီ။ မြန်မာနိုင်ငံရဲ့သာသနာသမိုင်းမှာ ထွန်းတောက်ခဲ့တဲ့ သာမညဆရာတော် ပျံလွန်တော်မူတာဟာဖြင့် နေမင်းကြီးတဆူ၊ သီတဂူ လမင်းကြီး တပါး ကွယ်သွားသလို အားငယ်စရာခံစားမိပါတယ်။

ဆရာတော်ကြီးဟာ ခရီးလမ်းပန်း သာယာကောင်းမွန်ရေး၊ ပညာတတ်လူငယ်များ ထွန်းပေါက်ရေး၊ သာသနာရောင် ဘာသာရောင် ထွန်းပြောင်ရေး၊ လူတွေရဲ့အကျင့်စာရိတ္တ တိုးတက်ကောင်းမွန်ရေး စတဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့တာဟာ အလွန်တရာ အံ့သြချီးကျူးလောက်ပါပေတယ်။ မိမိ၏ ဘုန်းတန်ခိုးကြီးမားရေးအတွက်မဟုတ်ဘဲ ရဟန်းရှင်လူ ပြည်သူအများရဲ့ အကျိုးစီးပွားကို အဓိကထားပြီး ဆောင်ရွက်ခဲ့တာဟာဖြင့် မမေ့နိုင်စရာ၊ ဂုဏ်ယူစရာ ကောင်းလှပါပေတယ်။

အထူးသဖြင့် ဒီနေ့ခေတ်မှာ အာဏာပိုင်တွေက နည်းအမျိုးမျိုးနဲ့ ဆရာတော် သံဃာတော်တွေရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းအောင် ကြံဆောင်တတ်ကြတာ ပြည်သူတရပ်လုံး အသိပါပဲ။ ဆရာတော် သံဃာတော်တွေရဲ့ ဂုဏ်သိက္ခာ သမာဓိရိပ်ကို ခိုလှုံပြီး မိမိတို့အကျိုးစီးပွားအတွက် အမြတ်ထုတ် အသုံးချတတ်ကြပါတယ်။ စည်းလုံးညီညွတ်နေတဲ့ သံဃာထုထဲကို ထိုးဖောက်ပြီး သံဃာတော်တွေကို ဂိုဏ်ခွဲသင်းခွဲဖို့ သပ်လျှိုကြပါတယ်။ သံဃဘေဒကကံလို့ခေါ်တဲ့ သံဃာဂိုဏ်းခွဲ သင်းခွဲမှုကို ကျူးလွန်တဲ့ကံကို ပြောင်ပြောင်တင်းတင်း ၀ံ့ဝံ့စားစား ကြံစည်ရဲခဲ့ကြပါတယ်။ အလွန်ကြီးလေးတဲ့ပြစ်မှုကြီးကို အတင့်ရဲရဲ ကျူးလွန်ခဲ့ကြပါတယ်။ အံ့မခန်းနိုင်တဲ့ လုပ်ရပ်ကြီးတခုပါ။

သာမညတောင် ဆရာတော်ဘုရားကြီးဟာ အာဏာပိုင်တွေရဲ့ မသမာတဲ့ကျော့ကွင်း သို့မဟုတ် ထောင်ချောက်က လွတ်မြောက်အောင် ရဲရင့်တည်ကြည်တဲ့သမာဓိ၊ ကြည်လင်စူးရှတဲ့ဥာဏ်နဲ့ တွန်းလှန်နိုင်ခဲ့ပုံဟာဖြင့် ထူးခြားတဲ့ ဂုဏ်ရည်တခုလို့ ဆိုရပေမယ်။

(၂)
ရဟန်းတော်၊ သံဃာတော်များကို တန်းစီဆွမ်းခံကြွလာခိုက် နအဖရဲ့ကြေးစားတပ်တွေက တုတ်နဲ့ရိုက်၊ ခြေထောက်နဲ့ကန်၊ သပိတ်တွေရိုက်ခွဲ၊ သေနတ်နဲ့ပစ်၊ သေနတ်ဒင်နဲ့ဦးခေါင်းကိုရိုက်ခွဲ စတဲ့ ရက်စက်ယုတ်မာတဲ့ အပြုအမူကြီးကို မကြားဝံ့မနာသာ ကျူးလွန်ခဲ့ကြတာ ဘယ်နည်းနဲ့မှ မမေ့နိုင်စရာပါ။ မန္တလေးဈေးချိုတော်မှာ ၁၉၈၉-၉၀ တ၀ိုက်က ဖြစ်ရပ်ဆိုးကြီးတခုပါ။

အဲဒီလို သာသနာတော်ကို ကိုယ်ထိလက်ရောက် စော်ကားခဲ့ကြတဲ့အတွက် မန္တလေးသံဃာထုတရပ်လုံးက ဗုဒ္ဓရဲ့ သြ၀ါဒ ပညတ်တော်အတိုင်း လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်တဲ့ စစ်တပ်နဲ့ ရဲတို့ထံမှ မည်သည့်ပစ္စည်းကိုမှ အလှူမခံရ၊ သာရေးနာရေး ပင့်ဆောင်သမျှ မလိုက်ရဆိုတဲ့ သပိတ်မှောက်ကံ (ပတ္တနိကုဇ္ဈနကံ) ကို ဆောင်လိုက်ကြလိုက်ပါတယ်။ ရန်ကုန်သံဃာထုကလည်း ရွှေတိဂုံစေတီ ရင်ပြင်တော်မှာစုရုံးပြီး မန္တလေးသံဃာထုရဲ့ ဆုံးဖြတ်ချက်ကိုထောက်ခံပြီးသပိတ်မှောက် ကံဆောင်လိုက်ကြပါတယ်။ ဗုဒ္ဓရဲ့သားတော်များဟာ ဗုဒ္ဓရဲ့ ၀ိနည်းတော်နဲ့အညီ ကျင့်သုံးခဲ့ကြပါတယ်။

အဲဒီမှာ န၀တအစိုးရ သံဃာထုကို အကြမ်းဖက်ဖြိုခွဲပါတော့တယ်။ သံဃာအစည်းအဝေးကို တက်ရောက်တဲ့ သံဃာတော်များရော၊ ကျောင်းမှာနေခဲ့ကြတဲ့ သက်ကြီးရွယ်အို ဆရာတော်ကြီးများနဲ့ ကိုရင်ကလေးများပါမကျန် ဖမ်းဆီးပြီး ထောင်သွင်းအကျဉ်းချခဲ့ကြပါတယ်။ မြန်မာ့သမိုင်း၊ သာသနာ့သမိုင်းမှာ အရိုင်းစိုင်းဆုံးလုပ်ရပ်ကြီးပါ။ ရှက်ဖွယ်ကောင်းလှပါတယ်။

(၃)
သံဃာတော်များကို သင်္ကန်းတွေဆွဲချွတ်၊ ထောင်ဝတ်ထောင်စားလဲပေးပြီး ထောင်ထဲဝင်လာကြတော့ အကျဉ်းသားများပင်လျှင် မျက်ရည်ကျကြရပါတော့တယ်။ ထောင်ထဲမှာ အရုဏ်ဆွမ်းမရှိ။ အုတ်၊ သမံတလင်းခုံမှာ သံဃာတော်များ ဖြစ်သလို သီတင်းသုံးရရှာတာ အလွန်ရင်နာဖွယ်ကောင်းပါတယ်။ နယ်ချဲ့သမားနဲ့ ဖက်ဆစ်တွေတောင် မကျူးလွန်ရဲခဲ့တဲ့ အပြစ်မျိုးကို မျက်နှာပြောင်ပြောင် ကျူးလွန်ခဲ့ကြတာ ရင်နင့်စရာပါ။ သံဃာတော်တွေကိုချမှတ်ထားတဲ့ အပြစ်ဒဏ်များကလည်း ကြီးလေးလှပါတယ်။ (၁၀) နှစ်၊ (၈) နှစ်၊ (၇) နှစ်၊ (၅) နှစ် စသဖြင့် အလွန်ကြီးလေးတဲ့ ပြစ်ဒဏ်များပါ။
ထောင်ထဲက သံဃာတော်များကလည်း သတ္တိရှိရှိ၊ ရဲရင့်တော်မူကြပါပေတယ်။ “ထောင်ပိုင်တန်းစီ” လို ကိစ္စမျိုးနဲ့ကြုံလို့ မွန်းလွဲသွားရင် အဲဒီနေ့မှာ ဆွမ်းဘုဉ်းပေးခြင်းမပြုရရှာဘဲ ဆွမ်းအငတ်ခံပါတယ်။ ၀ိနည်းတော်အတိုင်းနေလေ့ရှိပါတယ်။

ဒါပေမယ့် ထောင်ကလွတ်သွားပြီဆိုရင် ၀ါဆိုသင်္ကန်းအတင်းကပ်၊ သိက္ခာထပ်ပွဲလုပ်၊ ငါးထပ်၊ လေးထပ်ကျောင်းတွေ မဟားတရားဆောက်ပေးနဲ့ သူတို့လောက် သာသနာချီးမြှင့်သူ မရှိဘူးထင်ရအောင် အတင်းဝင်ရောက် ပူးကပ်ဖူးမြော်ကြတော့တာပါပဲ။ ဒါဟာလည်း ဗျူဟာတမျိုးလို ဇွတ်ရော၊ အဓမ္မရော ကျင့်သုံးလေ့ရှိတဲ့ နည်းပရိယာယ်များပါ။ သဒ္ဓါတရားကြောင့် မဟုတ်၊ ၀ါဒဖြန့် အမြတ်ထုတ်လိုတဲ့ ရည်ရွယ်ချက်ပါ။ အချို့အချို့ သာယာတတ်တဲ့ သံဃာများကတော့ အာစေးထည့်ထားသလို နှုတ်ပိတ်ရေငုံလုပ်ပြီး သင်းတို့နဲ့ ဆရာဒကာ လုပ်ကြလေကုန်သတည်းပေါ့လေ။

(၄)
အဲဒီလို ခြိမ်းခြောက်လိုက်၊ ဖိနှိပ်လိုက်၊ မြှောက်ပင့်လိုက်၊ လာဘ်ထိုးလိုက်နဲ့ သိက္ခာမဲ့ကျင့်သုံးနေတဲ့ အာဏာပိုင်များရဲ့ အသုံးချလိုမှုကို တိတ်ဆိတ်စွာငြင်းပယ်ပြီး အရောတ၀င် လူမြင်မတော် အကျိုးမျှော်ပြီး ဆက်ဆံလေ့မရှိတဲ့ သာမညဆရာတော်ရဲ့ တည်ကြည်တဲ့အမူအရာကို မြင်တွေ့ရသူအပေါင်းက အလွန်နှစ်ထောင်းအားရ ကြည်ညိုကြပါတယ်။
ဘွဲ့တွေ၊ တံဆိပ်တွေဆက်ကပ်ပြီး လက်မှတ်တွေနဲ့ မြှူဆွယ်ဖြားယောင်းပေမယ့် အဲဒီဂုဏ်အတုအယောင်တွေကို ပြစား ပလွှားခြင်းမပြု၊ ဥပေက္ခာပြုနိုင်ခဲ့တဲ့ ဆရာတော်ကြီးပါ။

ပြည်သူထဲကတယောက်ဖြစ်တဲ့ ကဗျာသမားကလည်း သူ့သဒ္ဓါတရားကို ဒီလိုထုတ်ဖော်ပြီး ဆရာတော်ကို ပူဇော်ခဲ့ပါတယ်။ လေးချိုးကဗျာ ဓမ္မပူဇာရတနာပါ။

လွမ်းစရာ့ သာမညတောင်

သာမညဆိုပေမယ့် အထူးမြတ်ဆုံး
ဖူးအပ်တဲ့ ဘုန်းဘုန်းပါ။
ဂုဏ်သာရာ မျက်နှာမလိုက်
မျက်နှာမဲ့သူတွေဘက်က
မျက်နှာလိုက်
ဘုရားအကြိုက် တရား၌မွေ့လျော်တဲ့
တောင်ပေါ်က မြတ်ဆရာ။
အများအကျိုးဆိုရင်ဖြင့်
တအားကိုးလောက်ပါရဲ့
ခါးချိုး၍ဆောင်ရွက်ရှာ
တသက်တာပတ်လုံး။
ဖြူဖြူမည်းမည်း
လူဟူသမျှ အတူတူပဲမို့
ဘယ်သူပဲ ဘယ်ဝါပဲ
အယူအစွဲမထား
လူမွဲလား လူချမ်းသာလားမရွေး
အသေးအမွှားက အကြီးကြီးအထိ
သမာဓိခိုင်ပါပေရဲ့
ဂနိုင်ဝနာဗွေမှာ ပြိုင်စရာလေမရှိတဲ့
အာစရိယဂိုဏ်းဝင်ထေရ်ရှင်တပါးပေမို့
ညွှတ်တွားကာ
အကျွန်ကန်တော့လိုက်ပါရဲ့
လွမ်းရော့သက်ဆုံး။ ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၂၈)၊ ဇန်န၀ါရီ ၂၀၀၄

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts