ရသဆောင်းပါးစုံ

ကောသလအိပ်မက်တို့ ပျက်ပြယ်ချိန်မှာ

ကံထွန်းသစ်
မေ ၁၂၊ ၂၀၁၂
ဖုန်းမြည်လာ၍ နာရီကိုတချက်ကြည့်လိုက်တော့ ည (၁၁) နာရီထိုးလုလု၊ သည်အချိန်မှာဆက်လေ့ရှိသူသည် သူဟု သိလိုက်၏။ သူတာ ၀န်ပြီးချိန်နှင့် ကိုယ့်အားလပ်ခါချိန်၍ ဖုန်းဆက်လေ့ရှိသူမဟုတ်လား။

မန္တလေးမြို့၊ မိုးကောင်းတိုက်၊ ညောင်ရမ်းပါဠိတက္ကသိုလ်ရိပ်မှာ အတူခိုလှုံကြစဉ်က (၁) သုံးလုံးဇောတိကရယ်လို့ စာသင်သားလောကမှာ နာမည်ကြီးခဲ့သည့် ညီတော် North Carolina ရောက် “အရှင်ဇောတိကာ ဘိဝံသ” …။

“ဟလို အရှင်လေး”
“ဘုန်းကြီး … တပည့်တော်တို့ သိန်းသန်းကျောင်းဆရာတော် ဘန်ကောက်မှာ ဆေးရုံလာတက်တယ်တဲ့ .. အဲဒါ ….”

ဘုရားဘုရား ဆရာတော် ဘာများဖြစ်ပါလိမ့်။ သည်ကိုမထွက်ခွာခင် သွားရောက်ကန်တော့ခဲ့တာကို အမှတ်ရသည်။ တရားမှတ်နေစဉ် တိတ်တဆိတ်ဓာတ်ပုံပင် ရိုက်ခဲ့သေး။

“ဘာ … ဘာဖြစ်တာတဲ့လဲ”
“အသည်းလား၊ သည်းခြေလား .. သေချာမသိသေးဘူး။ ပြုစုဖို့လိုက်လာတဲ့ကိုယ်တော်နဲ့ပဲ စကားပြောရသေးတယ်။ အဲဒါ လှမ်းအကြောင်း ကြားတာ”

ဖုန်းချသွားတော့ မဆိုင်းပင် သူပေးသွားသောနံပါတ်များဖြင့် ဘန်ကောက်ကိုဖုန်းခေါ်လိုက်သည်။ ဆရာတော် ခုလေးတင်ကျိန်းစက်သွားလို့ နောက်မှပြန်ခေါ်ပါဟု တဖက်က တုန့်ပြန်လာမှ အော် .. ဟုတ်ပါရဲ့ ဒီကညဟာ သူတို့ဆီကနေ့ပါလား။ ဆွမ်းစားပြီး နားနေချိန်ပါလားဟု အမှတ်ရလိုက်သည်။

ဘာမှမဖြစ်ပါစေနဲ့။ ဆရာတော်၏ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် သာသနာကိုချစ်တဲ့ ဂုဏ်၊ လောကကိုစောင့်ရှောက်တဲ့ ဂုဏ်တော် တွေကြောင့် အမြန်ဆုံး ရောဂါမှ ထမြောက်ပါစေ၊ ထမြောက်ပါစေ …။

ကိုယ့်စိတ်တွေသည် ကိုယ်တို့တတွေ ပညာရင်နို့သောက်စို့ခဲ့ရာ မန္တလေးမြို့က မိုးကောင်းတိုက်ဆီ ပြေးသွားတော့သည်။

ညောင်ရမ်းပါဠိတက္ကသိုလ်တဲ့။ ဆဋ္ဌသံဂါယနာတင် အမှူးထေရ် ညောင်းရမ်းဆရာတော်ကြီးမှသည် ဒုတိယ ညောင်ရမ်းဆရာတော် ဦးလက္ခ ဏ၊ တတိယဒေးဝန်းဆရာတော်တို့မှအစ …. ဘဒ္ဒန္တပဏ္ဍိစ္စာဘိဝံသ ဆရာတော်တိုင် ကိုယ်တို့၏ အာစရိယပါစရိယများ။

ကိုယ်သာမဏေဘ၀နှင့်ရောက်တော့ ဆရာတော်က “ညောင်ရမ်းမင်းသား” ဟု တည်ရာဌာနနှင့် ဥပဓိသမ္ပတ္တိကိုစွဲကာ အမည်တွင်နှင့်ပြီ။

ဥပဓိကလည်းကောင်း၊ အရပ်အမောင်းကလည်းခန့်၊ ပညာကလည်းမြင့်၊ စာချကလည်းကျော်၊ အနေအထိုင်ကလည်းကောင်းမို့ ကျော် သင့် သောဂုဏ်၊ စာသင်သားတွေက ကြည်ညိုလေးမြတ်စွာပေးသောအမည်ပင်။

ဆရာတော်ကို ဆွမ်းခံကြွစဉ်နှင့် စာချစဉ်တွေမှာသာ တွေ့ရလေ့ရှိသည်။ သို့သော် စာသင်သံဃာတော်များ၏ အာရုံမှာမူ အမြဲမပြတ်ထင်နေ တော့သည်။

ဆရာတော်နှစ်ရှည်လျှားစွာပို့ချခဲ့သည့်ပဋ္ဌာန်းနှင့် ယမိုက်ဆိုသည့် အဘိဓမ္မာစာဝါများ၊ အလင်္ကာ၊ သဒ္ဒါ စသည်နှင့် ပါရာဇိကဏ်၊ သီလက္ခန်၊ အဋ္ဌသာလိနီ စာဝါများကား မလိုက်ဖူးသောစာသင်သား မရှိသလောက်ပင်။

သာမဏေ သကျသီဟနှင့် ရဟန်းသကျသီဟ စာဝါများကို ပို့ချပေးသည့်ပြင် အခြားလိုအပ်နေသော စာဝါများကိုလည်း လပ်သည့်နေရာမှာ ဖြည့်ပေးတတ်သေးသည်။ တနေ့ကို ကလပ်စ် ၅ ခုထက်မနည်း ရှိနေတတ်သည်။ ပြီး သိစေလိုသောစိတ်၊ တတ်စေလိုသောစေတနာကဲ လှသည်။

စာဝါနားသည့် ကာလများမှာမူ ဘုရားဝတ်ပြုလျှင် ပြု၊ မပြုလျှင် တရားမှတ်နေတတ်သည်။ ပထမညောင်ရန်း ဆရာတော်ဘုရားကြီး၏ ချ မှတ်လမ်းအတိုင်း တည်သူပင်၊ ပရိယတ်နှင့် ပဋိပတ်ယှဉ်နေစေခြင်းပင်။

ယခုဆိုလျှင် ကိုယ်တိုင်ကျင့်ရုံမျှမက နွေရာသီ စာဝါပိတ်ချိန်တိုင်း အားထုတ်လိုသူတိုင်း လိုက်ပါစေလျှက် နောက်ပါသံဃာ ၁၀၀ ခန့်နှင့် နှစ် စဉ် မေမြို့ကိုသွားကာ ပဋိပတ်ကို ပြသပေးနေခဲ့ပြီ။

ကိုယ်တို့တွေကမူ ကံမကောင်းခဲ့၊ တရေမြေခြားရာ ရောက်နေခဲ့ပြီ။ ကိုယ်တို့တတွေရှိနေခဲ့လျှင် ….။

သည်နှယ် ဂန္ထ၊ ၀ိပဿနာ နှစ်ဖြာဓူရနှင့် ပြည့်စုံသလို ကရုဏာဓာတ် အားကြီးပုံကလည်း …။

မှတ်မိသေးတော့ …။ ကိုယ်မန္တလေးမှာရှိစဉ် ကိုယ့်အမေက နှစ်စဉ်သီတင်းကျွတ်တိုင်း သားကိုလာတွေ့တတ်သည်။ လာတိုင်း သားရဲ့ဆရာ သမားတွေကို ကန်တော့လေ့ရှိသည်။ ၀ါကျွတ်ကန်တော့ခြင်းပေါ့။

ကိုယ့်ဆရာများဖြစ်သည့် အောင်မင်္ဂလာဆရာတော်၊ ဒေးဝန်းဆရာတော်၊ ဇေယျသိန်ဆရာတော်၊ ဆရာတော် ဦးမကုဋဥာဏာဘိဝံသ၊ ဆရာတော် ဦးပဏ္ဍိစ္စာဘိဝံသ စသည်လေ။

ကန်တော့ပွဲကတော့ ဖွယ်ရာလှသည်မဟုတ်။ ငှက်ပြောဖီးဆိုင်နှင့် ကိတ်မုန့်ဗူးသာ။ အဲ … တခါတလေ ရက်ထည် ဖျင်ပိုင်းလေးတွေ ပါတတ် သည်။

တနေ့ ကိုယ်တို့သားအမိ ဆရာတော်ကိုသွားကန်တော့ကြသည်။ ဆရာတော်က နေကောင်းရဲ့လားမေးတော့ “တပည့်တော်မ မြေးရှင်ပြု တုန်းက အရှင်ဘုရားဟောခဲ့တဲ့ အတိုင်း ရုပ်ကိုလည်းပြင်၊ စိတ်လည်းပြင်တော့ ကျမ္မာတယ်ဘုရာ့”။ ဆရာတော်က ပြုံးပြီးခေါင်းညိတ်နေသည်။ ပြီး အမေက “ဒါလေးက တပည့်တော်မတို့ လက်ဖြစ်ထည်လေးဘုရာ့။ ဆရာတော် လက်သုတ်သုတ်၊ ခြေသုတ်သုတ် သုံးဖို့ဘုရာ့”

ဆရာတော်က ဘာမှမပြော၊ ခေါင်းမူညိတ်သည်။ ကိုယ်က အားနာသည်။ ဖျင်ကြမ်း မျက်နှာသုတ်ပုဝါလေး။ အမေက ကိုယ့်အတွက်တထည်၊ ဆရာတော်အတွက်တထည် ယူလာသည်။ အမေ့သဒ္ဓါမို့ ကိုယ်မတားသာ၊ ထမင်းရည်ကော်တင်ထားသော ထိုမာခေါက်ခေါက် ဖျင်တဘက် ကလေးသည်။

ဆုပေးပြီး တရားအနည်းငယ်ဟောအပြီးမှာတော့ ကိုယ်တို့ကျောင်းကို ပြန်ခဲ့ကြသည်။

သည်လိုနှင့် ရာသီတွေ ပြောင်းခဲ့သည်။ ကိုယ်လည်း အောက်ပြည်အောက်ရွာ စုန်သွားခဲ့သည်။ စာပေနယ်မှာ နစ်နေခဲ့သည်။ ကိုယ့်ညီ ဖိုး ကျော် မန္တလေးကိုရောက်၍ဆုံလျှင်တော့ “ဒကာမကြီး နေကောင်းရဲ့လား” ဟု ဆရာတော်က မေးတတ်သည်တဲ့။

တနေ့မှာတော့ ရွာမှ ကိုယ့်ငယ်ဆရာတော်ကြီး၏ ၇၅ နှစ် စိန်ရတုမှာ တရားချီးမြှင့်ရန်ပင့်ဖို့ ကြုံလာသည်။ အားလုံးက မပင့်ရဲ။ ဆရာတော်က စာချဖျက်၍ လိုက်ခဲသည်ကို အားလုံးကသိကြသည်။ ပြီး လှည်းကြမ်းတတန်၊ လှေကြမ်း တလှည့်ခရီး။

ကိုယ်တို့ကိုဆိုလျင် ဆရာတော်ကချီးမြှောက်မည်ကိုသိကြလေတော့ ကိုယ့်ကိုတာဝန်ပေးကြတော့သည်။ သည်တော့ မတွေ့တာ ကြာပြီဖြစ် သော ဆရာထံ ချဉ်းကပ်ရပြန်သည်။

စိန်ရွှေရတနာကုန်သည်ကြီးတဦးက ဆောက်လုပ်လှူဒါန်းထားသော သိန်းသန်းရတနာဆိုသည့် ခမ်းနားသောကျောင်းပေါ် ကိုယ်လှမ်းတက် ခဲ့သည်။ “ဦးဇာဂရကြီးပါလား …။ ဘယ်ရောက်နေတုန်း” စာကြည့်နေရာကလှမ်းမိန့်တော့ ကိုယ်လည်း ကန်တော့ဖို့ရန် ဆရာတော် အခန်း ထဲ တန်းဝင်လိုက်သည်။ ကိုယ်ကြက်သေ သေသွားသည်၊ ဇဝေဇ၀ါဖြစ်ရာမှ အံ့သြသွားသည်။ ဟုတ်မှဟုတ်ရဲ့လား။

ဆရာတော်၏ခေါင်းအောက် ခေါင်းအုံးထက်က အရာလေးသည် ဘယ်လိုမှမထင်မှတ်သည့်အရာလေး။ သေချာသည်။ ဖျင်တဘက်ကြမ်း ကလေး။ အမေ၏ တောဖြစ်ဖျင်တဘက်ကြမ်းကလေး။ နုညက်သော ခေါင်းအုံးပေါ်က ဖျင်ထည်လေး။

ကိုယ့်ရင်သည် ရွာပြန်ရောက်သည့်တိုင် ကြည်နူးမပြေ။ တောကျေးလက်သူတို့၏သဒ္ဓါကို ဆရာတော် ချီးမြှောက်ခဲ့ပါပကော။ ကံအကောင်း ဆုံးသောအမေတို့တွင် ကိုယ့်အမေပါခဲ့ပြီ။

ထိုအကြောင်းကြားရ၍ ပီတိစိမ့်စိုသွားသော အမေ့သဏ္ဍာန်သည်လည်း ယနေ့တိုင်တွေးမိတိုင်း မမှိန်၊ ထိုနှယ် ကရုဏာ၊ မေတ္တာ အားကြီး သလောက် သုတပညာကော။ ကောက်ကာငင်ကာ သာဓကတခုဆောင်ရလျင် မြန်မာ ပန်းရံ၊ ပန်းတမော့နယ်က ရိုးရာယဉ်ကျေးမှုစည်း မျဉ်းလေးတခုပင်။

ဗုဒ္ဓဘာသာ ဘုရားစေတီတို့ရှေ့တွင် မပါမဖြစ်သော ကနုတ်လက်ရာ၊ ခြင်္သေ့ရုပ်ကြီးများ၊ ထိုခြင်္သေ့ကြီးများကို အဖို + အမ ခွဲခြားသတ်မှတ် ချက်စည်း။ ထိုစည်းကိုမသိသူများက အထီးအမကွဲအောင် ကိုယ်အင်္ဂါအစိတ်အပိုင်းတို့တွင် မြင်လျင်မဖွယ်၊ မတင့်တယ်သောအင်္ဂါများ ထု လုပ်ကာ ခွဲကြတော့သည်။

အစဉ်အလာကြီးမားသော မြန်မာ့ယဉ်ကျေးမှုတွင်ကား ထိုသို့မဟုတ်။ ခြင်္သေရုပ်၏လက်အောက်တွင်ရှိသော သားကောင်ကိုကြည့်၍ ခွဲရ သည်။ သားကောင်က အားကြီးသော ကျား၊ တောဝက်စသည်ဖြစ်လျှင် ထိုအရုပ်သည် အဖို။ သမင်ဒရယ် စသည်သားကောင်ငယ် လက် အောက်တွင်ရှိနေမူ ထိုခြင်္သေ့သည် အမ။ ကိုင်း ဘယ်လောက်လှပသိမ်မွှေ့တဲ့ ခွဲခြားနည်းပါလဲ ..။

သည်အချက်ကို ပိသုကာတော်တော်များများပင် သိမှသိကြပါလေစဟု ကိုယ်သံသယဖြစ်မိသည်။ ကိုယ်တို့ ခုလိုပြောပြနိုင်ခြင်းကလည်း ဆရာတော်၏မှတ်စုလေးကို ဖတ်လိုက်ရသောကြောင့်ပင်။

သည်နှယ် စွယ်စုံမုံသောက်၊ လဇ္ဇီပေသလ သိက္ခာကာမထေရ်မြတ်ပင် မျက်မှောက်ကာလတွင် “ကံပင်ကောင်းလျှက် အကြောင်းမလှ” ဖြစ် ခဲ့ရသည်။ သာသနာတည်တန့်စေလိုသူဆိုသူများ၏ ထုချေလွှာတောင်းမှုကို ခံခဲ့ရရှာလေသည်။

အကြောင်းသော် … သူတို့ဆက်ကပ်သောဘွဲ့တံဆိပ်ကို လက်မခံသောကြောင့်တဲ့။

ကိုယ်တို့မှာ “ဖြစ်မှ ဖြစ်ရပလေ” ဟု စုတ်သတ်အံ့သြခံပြင်းခဲ့ရ။

ဆရာတော်ကမူ စာချပျက်မှာစိုး၍က တကြောင်း၊ အခြားအခြားသောထေရ်များသာ ရသင့်ခြင်းကတကြောင်းကြောင့်ဟု ထုချေခဲ့ရပါသတဲ့။

မစိုးရိမ်ဆရာတော် ဦးကောဝိဒ၊ ဦးရာဇဓမ္မ၊ တိပိဋက ဦးသုမင်္ဂလဆရာတော်၊ အင်းစိန် ဦးတိလောက ဆရာတော်၊ မေဒိနီဆရာတော် စ သည် သူတော်သူစင်တွေ အချုပ်အနှောင်ခံယူရစဉ်တွင် အဘယ်ပညာရှိ သူတော်ကောင်းသည် ထိုသူတို့ပေးသောဘွဲ့ကို သာယာလိုပါ အံ့နည်း။

မည်သို့ဆိုစေ လာဘ်၊ ပူဇော်၊ အကျော်အစောကို လွန်မြောက်စွမ်းသောအာဇာနည်ကို သာသနာ့သမိုင်းကရလိုက်သလို မြန်မာ့သမိုင်းက လည်း ရရှိလိုက်ပေပြီ။

ကျောက်ဖျာကြီးတွေ ရေပေါ်တွားနေချိန်မှာ ဗူးတောင်းနစ်၍ နေကောင်းနေမည်။ ကျီးကို ဟင်္သာတွေခြံရံချိန်မှာ ဖော်မဲ့ဟင်္သာ ဖြစ်ကောင်း ဖြစ်နေပေမည်။ အိပ်မက်ပျယ်ချိန်မှာတော့ ……။

ဘာဘဲဖြစ်ဖြစ်လေ ကိုယ်တို့အဖို့တော့ သည်လိုဆရာသမားမျိုးရဲ့တပည့်ဖြစ်ရတာ မည့်သည့်ဆုထူးနှင့်မျှ မလဲနိုင်။ သည်အကြောင်း ကိုယ် တို့တတွေ မကြာခဏ ပြောဖြစ်ခဲ့သည်။ သည်ညတော့မူ ……

ဆရာတော် ဆေးရုံမှာတဲ့။ ဘုရားမ, လို့ ဆရာတော် ကျမ္မာပါစေ ….. ဝေဒနာက ထမြောက်ပါစေ ….

သာသနာတော်၏ ထေရ်မြတ်ပြယုဂ်၊ တပည့်တွေ၏ မီးရှူးလမ်းပြ၊ ကိုယ်တို့တတွေ၏ ရိုးမော်ဒယ်မို့ ကျမ္မ ပါဦးဘုရား၊ ခန့်ကျန်းပါဦးဘုရား။

မနက်ဖြန် ဖုန်းဆက်မည်။

အဦးဆုံး “ယထာဘူတံ ဉာဏဒဿနာယ သတ္ထာ ပရိယေသိတဗ္ဗော”

ပစ္စုပ္ပန် သံသရာအကျိုးများဖို့ရာ ဆရာကောင်းကိုရှာကြရန် အကြိမ်အကြိမ်တိုက်တွန်းတော်မူခဲ့သော ဘုရားရှင်၏စကားတော်သည် ဆရာ တော်ကြောင့် ပြည်စုံလွယ်ခဲ့ရကြောင်း လျှောက်ထားမည်။ ပြီးမှ …..။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “ကောသလအိပ်မက်တို့ ပျက်ပြယ်ချိန်မှာ
  1. ဗဟုသုတရသလို ဖတ်လို့ အလွန်ကောင်းပါသည် ဘုရား။ နောင်များမှာလဲ အဲဒီလို စာမျိုးလေးတွေ မစပါ ဘုရား။ ဆရာတော် ဘုရားကြီး ကျန်းမာချမ်းသာပါစေ ဘုရား။

  2. ဒီလိုဆရာတော်မျိုးက စစ်တပ်ကြီးစိုးတဲ့ ခေတ်ဆိုးကာလဆိုးမှာ ကိုယ်ရဲ့လမ်းကြောင်းကိုပဲ မဖဲ့မစောင်းလျှောက်တဲ့ဆရာတော်ဟာ ရှာပါးပစ္စည်း ပါပဲ

  3. ကောင်းတာပေးရင်
    ကောင်းတာ ယူတတ်ရတယ်..ဆိုတဲ့ ဆရာတော်ဘုရားကြီးရဲ့ နှလုံးအလှ အဆုံးအမ ကို အောက်မေ့ တ.သ ရင်း
    အကြိမ်ကြိမ် ဦးညွတ်နေဆဲပါပဲ ဘုရား

    ဆရာတော်ဘုရား ကျန်းခံ့သာ လို့ မာပါစေဘုရား

Comments are closed.