သတင်းပဒေသာ

Masoeyein Sayadaw – ဦးကောဝိဒါဘိဝံသ၏ ကျေးဇူးဂုဏ်သတိရပွဲ မန္တလေးတွင် ကျင်းပ

မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒါဘိဝံသ၏ ကျေးဇူးဂုဏ်သတိရပွဲ မန္တလေးတွင် ကျင်းပ

မိုးမခသတင်းကောက်နုတ်ချက်၊ မေ ၁၊ ၂၀၁၂

            ဧပြီလ ၂၉  ရက်နေ့က မန္တလေးမြို့၊ စိန်ပန်းယဉ်ပုံရပ်၊ ယဉ်ပုံပရိယတ္တိစာသင်တိုက်တွင် ကျင်းပသည့် ၂၀၀၈ နှစ်ဆန်းက အမေရိကန်ပြည်တွင်  ပျံလွန်တော်မူခဲ့ပြီဖြစ်သည့် မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒအား ကျေးဇူးဂုဏ်သတိရပွဲသို့ မစိုးရိမ်တိုက်ကြီး၊ မစိုးရိမ်တိုက်သစ်နှင့် မန္တလေးမြို့ လေးပြင်လေးရပ်ရှိ ဆရာတော်ကြီးများ၊ တပည့်သံဃာများ၊ ဒကာ/ဒကာမများ တက်ရောက်ကြကြောင်း၊ မစိုးရိမ်တိုက်ကြီး အာဂမနယူပဒေသကျောင်းနာယကဆရာတော် ဘဒ္ဒန္တဉေယျာဘိဝံသက အနူမောဒနာ တရားဟောကြားတော်မူခဲ့ကြောင်း၊ အလှူဒကာ/အလှူဒကာမများနှင့် ၈၈ -နိုင်ငံရေးမျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက ဆရာတော် သံဃာတော်များအား သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများ ဆက်ကပ် ခဲ့ကြကြောင်း သိရပါသည်။

            အဆိုပါ ၈၈ အဖွဲ့၌ ကိုဂျင်မီ၊ ကိုအောင်သူ၊ ကိုချစ်ကိုလင်း၊ ကိုသော်ဇင်ထွန်း၊ ကိုပဏ္ဍိတ်ထွန်း၊ မနီလာသိန်း၊ မမီးမီး၊ မသက်သက်အောင်၊ မအေးစန္ဒာဦးတို့ ပါဝင်ပြီး စုစုပေါင်း အင်အားအစိတ်ခန့်ရှိကြောင်းသိရှိရပါသည်။

            ဆက်လက်၍ ဆရာတော်အရှင်ဝီရသူနှင့် ၈၈ နိုင်ငံရေးမျိုးဆက်အဖွဲ့ဝင် ကျောင်းသားခေါင်း ဆောင်များသည် ဆရာတော်ဦးကောဝိဒအထိမ်းအမှတ်အဖြစ် ပြုလုပ်ထားသော ကျောက်စာတိုင်နှင့် ဆရာတော် ဦးကောဝိဒ၏ အရိုးပြာအိုးတော်များကို လေ့လာကြည်ညိုခဲ့ကြပါသည်။

            မစိုးရိမ်ဆရာတော်ကြီးဦးကောဝိဒါဘိဝံသသည် အမေရိကန်နိုင်ငံ၊ နယူယော့ခ်ပြည်နယ်၊ ဘရုတ်ကလင်းမြို့၊ ၁၅လမ်း၊ သာသနာ့ဇောတိကကျောင်း၌ ၂၀၀၃-ခုနှစ်မှစ၍ နှစ်စဉ်ဝါကပ်တော်မူပြီး အဘိဓမ္မာသင်တန်း၊ ပရိတ်ကြီးသင်တန်း၊ ပဋ္ဌာန်းသင်တနုးများ ပို့ချတော်မူခဲ့ကြောင်း တောင်ဥက္ကလာပမြို့နယ်၊ ငွေကြာရံ စာသင်တိုက်၌ နှစ်ပေါင်း ၂၀ကျော် နှစ်စဉ်ဓမ္မာစရိယတန်းဆိုင်ရာ  စာဝါများ ပို့ချတော်မူခဲ့ကြောင်း၊  ၂၀၀၇-ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအပြီးတွင် အမေရိကန်နိုင်ငံ သာသနာ့ဥသျှောင်အဖွဲ့ ဖွဲ့စည်းရာတွင် နာယကဆရာတော် တာဝန်ထမ်းဆောင်ရင်း ဧပြီလ ၂၉ ၊ ၂၀၀၈-ခုနှစ်တွင် အမေရိကန်နိုင်ငံမှာပင် ပျံလွန်တော်မူခဲ့ကြောင်း၊  ရုပ်ကလာပ်တော်ကို မြန်မာပြည်သို့ သယ်ဆောင်ခွင့် မရ၍ ဈာပနပွဲခြိမ့်ခြိမ့်သဲ ကျင့်ပခွင့် အစီအစဉ်ဖျက်ဆီးခံရကြောင်း ဆရာတော်၏ အရိုးပြာတော်ကို ပင့်ဆောင်ဖို့ရာ သုံးနှစ်ကျော်ကြိုးစားခဲ့ရကြောင်း၊ ယခုလေးနှစ်ပြည့်ကာလရောက်မှ လျှို့ဝှက်စွာ ပင့်ဆောင်နိုင်ခဲ့ကြောင်း သိရပါသည်။

            မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒါဘိဝံသသည် ခုနှစ် ပတ္တနိကုဇ္ဇနကံဆောင်မှုဖြင့် အရေးယူခံခဲ့ရသူဖြစ် ကြောင်း၊ အာဏာရှင်နှင့်လောကဓံကို ရင်ဆိုင်ရာ၌ ဒူးလည်းမထောက် လက်မမြောက်ဘဲ ဘယ်သောအခါမျှ ကြောက်ရွံ့နောက်တွန့်ခဲ့ခြင်းမရှိသော မစိုးရိမ်သွေး အပြည့်ပါသည်။ ရဲရဲတောက် သာသနာ့အာဇာနည် တစ်ပါးဖြစ်ကြောင်း အရှင်ဝီရသူ၏
ဆရာတစ်ဆူဖြစ်ပြီး အရှင်ဝီရသူ အကျဉ်းကျနေစဉ် အရှင်ဝီရသူ လွတ်မြောက်ရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်တော်မူခဲ့သော ကျေးဇူးရှင်တစ်ပါး ဖြစ်ကြောင်း အရှင်ဝီရသူက ပြောကြားခဲ့ပါသည်။

     မြန်မာပြည်အရေးနှင့် အမျိုး ဘာသာ သာသနာအရေးအတွက် စွန့်လွှတ် စွန့်စားခဲ့ကြသော ရွှေဝါရောင်မြန်မာရဟန်းတော်များအား ၂၀၀၇-ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်တွင် ဂုဏ်ထူးဆောင်ဘွဲ့ဖြင့် ဂုဏ်ပြုပူဇော်ခြင်းကို ဆန်ဖရန်စစ္စကိုတက္ကသိုလ် ဘွဲ့နှင်းသဘင်တွင် ကျင်းပခဲ့ရာ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအစည်းအရုံးဖြစ်သော သာသနာ့ဥသျှောင်အဖွဲ့ နာယကဆရာတော်ဖြစ်သော ဆရာတော်ကြီး ဦးကောဝိဒါဘိဝံသက ထိုဂုဏ်ထူးဆောင်ဘွဲ့ကို မြန်မာရဟန်းတော်များကိုယ်စား လက်ခံတော်မူခဲ့ ကြောင်းလည်းသိရပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts