မိုးမခကို ပေးတဲ့စာ

Pho Thee Cho – ထားဝယ်က ဖိုးသီးချို ကိုယ်ပိုင်မီးအားပေးလုပ်ငန်းကို စားသုံးသူတို့ မီတာခလျော့ရန် တောင်းဆိုမည်

မိုးမခပေးစာကဏ္ဍ၊ မေ ၁၊ ၂၀၁၂

လက်ခံရရှိသော ပေးစာမှာ အောက်ပါအတိုင်းဖြစ်သည်။
“ထားဝယ်မြို့နယ်တွင် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးလျက်ရှိသော ဖိုးသီးချိုကုမ္မဏီမှ မီတာခကောက်ခံရတွင်  မတရားမှုများ ရှိနေသဖြင့် ထားဝယ်သူ ထားဝယ်သားများ မကျေမနပ် ဖြစ်ကာ မီတာခလျှော့ချပေးဖို့  တောင်းဆိုရန် ဆောင်ရွက် လျက်ရှိပါသည် ။ အဓိကအကြောင်းရင်းမှာ ဖိုးသီချိုမှ ကျောက်ဖြူမြို့တွင် ကောက်ခံသော  မီတာခအား ၁၀ ယူနစ်အောက်သုံးစွဲသူများအတွက် အစိုးရနှုန်းအတိုင်း တစ်ယူနစ် ၅၀ ကျပ်အထိ  လျှော့ချပေးလိုက်သော်လည်း ထားဝယ်မြို့တွင်မူ တစ်ယူနစ်ကို ၅၀၀ ကျော် ၆၀၀ နီးပါအထိ ကောက်ခံလျက် ရှိသောကြောင့် ဒေသခံအများစုမှာ မကျေမနပ်ဖြစ်လျက်ရှိပါသည်။” (ဆက်သွယ်ရန် – ကို ဇော်ဝင်း (၀၉ ၄၉၈၅၂၃၁၄)၊  ကို ဌေးဦး (၀၉ ၄၉၈၅၁၃၃၃)၊  ဖိုးသီးချို (၀၅၉ ၂၂၄၅၆))
ထားဝယ်မြို့နှင့် တနသာင်္ရီတိုင်း နယ်တလျောက် ကိုယ်ပိုင်မီးစက်ဖြင့် ဓာတ်အားပေးလုပ်ငန်း လုပ်ကိုင်နေသော ဖိုးသီးချိုလုပ်ငန်းအကြောင်းကို ၂၀၁၀ ဇွန်လခန့်က မိုးမခမှာ
ဖော်ပြခဲ့ဖူးသည်။ ထိုအကြောင်းကို ဒီနေရာကနေ ပြန်ဖတ်နိုင်ပြီ။

ကောက်နုတ်ချက် (ဇွန် ၂၀၁၀ သတင်းဆောင်းပါး)

ထားဝယ်မြို့မှာ ၂၄ နာရီလျှပ်စစ်မီး ရနေတာ ၆ နှစ် ရှိပြီ

တနင်္သာရီတိုင်းရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ ထားဝယ်မြို့မှာ တယူနစ်ကို ၄၅၀ ကျပ်နဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တဦးက အစိုးရလျှပ်စစ် ဓာတ်အားပေး လုပ်ငန်းနဲ့ ပူးပေါင်းပြီး
ဖြန့်ဝေပေးနေပါတယ်။ ဒီဇယ် ဆီ အတက်အကျ (အဆိုပါ ဒေသပေါက်ဈေး) အပေါ်မူတည်ပြီး တယူနစ် ဓာတ်အားခ အပြောင်းအလဲ ရှိနိုင်တယ်လို့ လည်း သိရပါတယ်။ ၄၅၀ ကျပ်ကတော့ ယခုလတ်တလော ဒီဇယ်ဈေးအရ ဖြစ်ပေါ်နေတဲ့ နှုန်းပါ။ အချို့သော ပုဂ္ဂလိက လျှပ်စစ်မီးတွေလို ညဘက် အချိန်ပိုင်းမဟုတ်ပဲ ၂၄ နာရီပတ်လုံး ပေးနိုင်အောင် စီစဉ်ထားတာ တွေ့ရပါတယ်။
ဖိုးသီးချို လုပ်ငန်းစုလို့ အမည်ရတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်က အဲဒီလုပ်ငန်းကို လုပ်ကိုင်တာဖြစ်ပါတယ်။ အစိုးရရဲ့ နကိုရှိပြီးသား ဂျင်နရေတာတွေ အပြင် ဒီဇယ်သုံး ဂျင်နရေတာတွေ ၄၊ ၅လုံး ထပ်မံ တပ်ဆင်ပြီး ထားဝယ်မြို့ရဲ့ သုံးစွဲမယ့် လျှပ်စစ်ဓာတ်အားကို လုံလောက်အောင် ပေးဝေနေတာ အခုဆိုရင် ၆နှစ်နီးပါး ရှိပြီ လို့ ထားဝယ်မြို့ခံတွေက ပြောပါတယ်။
စတင်သွယ်တန်းတဲ့ အချိန်မှာတော့ စပေါ်ငွေ ၄သောင်းကျပ် ပေးသွင်းရပြီး မီးမမှန်၊ အားမပြည့်တဲ့ အဖြစ်မျိုးကြောင့် သုံးစွဲသူက မသုံးတော့ဘူး ဆိုရင် အထက်ပါ လိုင်းကြေး
ပြန်အမ်းပေးမယ် လို့ဆိုပါတယ်။ လျှပ်စစ်မီး သုံးစွဲသူ တဦးအနေနဲ့ အနည်းဆုံး တလ ၁၀ ယူနစ် သုံးစွဲရမှာ ဖြစ်ပြီး အများဆုံး ၂၀၀ ယုနစ် အထိ သုံးစွဲနိုင်တယ် လို့လည်း သိရပါတယ်။
ဒိထက်ပိုတဲ့ ယူနစ် သုံးလိုရင်တော့ လျှပ်စစ်ဓာတ်အား ဖြန့်တဲ့ဆီမှာ ညှိနှိုင်းပြီး သီးခြား မီတာပုံးနဲ့ သွယ်တန်းရမယ်လို့ ဆိုပါတယ်။
တလကို ယူနစ် ထောင်နဲ့ချီသုံးစွဲတဲ့ တည်းခိုခန်း၊ ဟိုတယ်လို လုပ်ငန်းတွေလည်း ရှိတယ်လို့ မြို့ခံ တဦးက ပြောပါတယ်။ မိမိကိုယ်ပိုင် မီးစက်နဲ့ သုံးတာနဲ့စာရင် အကုန်အကျ
ပိုသက်သာပြီး မီးစက်ထိန်းသိမ်းရတဲ့ ဒုက္ခ၊ လောင်စာဆီ ဖြည့်ရ၊ သိုလှောင်ရတဲ့ ဒုက္ခတွေ မခံစားရတော့ဘူး လို့လည်း သိရပါတယ်။
ထားဝယ်မြို့သူ မြို့သားတွေ အနေနဲ့ တယူနစ်ကို ၄၅၀ ကျပ်ဆိုတဲ့ အချက်ကြောင့် လျှပ်စစ်မီးကို လိုအပ်သလောက်ပဲ သုံးစွဲကြသလို အမြဲတမ်း လာနေတယ် ဆိုတဲ့ အသိကြောင့် အခြားမြို့တွေမှာလို မီးလာချိန်မှာ လိုတာရော မလိုတာပါ ဖွင့်ကြ လုပ်ကြတဲ့ အလေ့အထမျိုးမရှိတော့ဘူး လို့မြို့ခံတွေက ပြောပါတယ်။
       ထားဝယ်မြို့ခံ တဦးက “မီး အမြဲလာနေတယ် ဆိုတဲ့ အသိကြောင့် စိတ်က လုံခြုံတယ်။ လျှပ်စစ်မီးနဲ့ လုပ်စရာရှိတာကို ကိုယ့်စိတ်ကြိုက် အချိန်မှာ လုပ်လို့ရတယ်။ တယူနစ်နှုန်းက အခြားမြို့တွေထက် များပေမယ့် လျှပ်စစ်ကို မလိုအပ်တာ မသုံးဖို့ ချွေတာတဲ့ အလေ့လည်း ရသွားတယ်၊ အခု ပုဂ္ဂလိကလျှပ်စစ်မီး စနစ်ကို မြို့က လူအားလုံးနီးပါး သဘောကျကြတယ်”
ဟု ပြောသည်။
ပုဂ္ဂလိကမီးကို ထားဝယ်မြို့နေထိုင်သူ ရာနှုန်းပြည့်နီးပါး သုံးကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။ လျှပ်စစ်ဓာတ်အား ပေးနေတဲ့ဘက်က မီးလိုင်း ပြင်ဆင် ထိန်းသိမ်းမှု
လုပ်ဆောင်စရာ ရှိလို့ ပြတ်တောက်မယ် ဆိုရင် ကြိုတင်ပြီး အကြောင်းကြားတယ် လို့လည်း မြို့ခံတွေက ပြောပါတယ်။
ရန်ကုန်က လျှပ်စစ်မီးနဲ့တော့ ကွာပါ့လို့ ဖတ်ရတဲ့သူတွေက ယူဆကောင်း ယူဆပါလိမ့်မယ်။ ရန်ကုန်က လျှပ်စစ်မီး ဆိုတာဟာ လာချင်တဲ့ အချိန် လာမယ်။ လူတွေ သိပ်အသုံးမလိုတဲ့ အချိန်ဖြစ်တဲ့ ညသန်းခေါင်မှာ ပိုရလိမ့်မယ်။ ဖြတ်ဖို့လိုရင် အချိန်မရွေး ဖြတ်တောက်လေ့ ရှိပြီး ဂရစ်လိုင်း (မြန်မာပြည် အလယ်ပိုင်းနဲ့ အောက်ပိုင်း ဆက်သွယ်ထားတဲ့ ပါဝါလိုင်း) ပေါ်မှာ ဓာတ်အားတွေ ပိုနေပြီဆိုရင် ခွဲတမ်းချိန် မဟုတ်လည်း ဖွင့်ပေးလေ့ရှိပါတယ်။
ဓာတ်အား မလောက်တဲ့အခါမှာ သုံးစွဲသူတွေအနေနဲ့ အရေးတကြီး လိုနေပေမယ့်လည်း ဖြတ်ဖို့ ၀န်မလေးသလို ပိုနေတဲ့ အခါမှာလည်း သုံးစွဲသူတွေ မလိုအပ်လည်း လွှတ်ပေးတဲ့ စနစ်နဲ့ သွားနေတာက လက်ရှိ စစ်အစိုးရရဲ့ လျှပ်စစ်ဓာတ်အားပေး စနစ်ပဲ ဖြစ်ပါတယ်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts