မျက်မှောက်ရေးရာ သတင်းပဒေသာ

ကမ္ဘာ့ အလုပ်သမားနေ့ အထိမ်းအမှတ်အခမ်းအနား ရန်ကုန်တိုင်း ဒေသကြီး သန်လျင်တွင်ကျင်းပ – May Day


 မိုးမခ အထောက်တော်၊ ရန်ကုန်
 မေလ ၁ ၊ ၂၀၁၂ 

ဓာတ်ပုံများ – မိုးမခ

 

၁၂၂ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ဖြစ်သည့် ယနေ့မေလ ၁ ရက်နေ့တွင်
ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားများကို ရန်ကုန်တိုင်းတွင် ၃ နေရာ
အနည်းဆုံးကျင်းပခဲ့ကြရာ ယင်းတို့အနက်မှ တခုဖြစ်သည့် သန်လျင်မြို့တွင်
အလုပ်သမားနှင့် လယ်သမားအရေး ဆောင်ရွက်သူ မစုစုနွေးဦးစီးကာ
ပြုလုပ်ခဲ့သည်။ 

ယင်းအခမ်းအနားမှ ကြေညာချက် တစောင်ထုတ်ပြန်ရာတွင် “လူမဆန်သည့်
ဖိနှိပ်ခေါင်းပုံဖြတ်မှုများအောက်တွင် တနေ့ (၁၄) နာရီခန့်ပင်ပန်း၊
အန္တရာယ်များစွာ လုပ်ကိုင်နေရသည့်တိုင် ၀မ်းမ၀နိုင်ပဲ ဒုက္ခ သောက
ခံစားနေရသည့် လယ်ယာ လုပ်သားများ အပါအ၀င်ဖြစ်သော အလုပ်သမားတို့၏ ဘ၀”
ဟုဖေါ်ပြပါရှိသည်။ 

 ယခင်က ကမ္ဘာ့အလုပ်သမားနေ့ (မေဒေးနေ့) အခမ်းအနားကို လွတ်လွတ်လပ်လပ်
ကျင်းပခွင့်မရှိခဲ့ပဲ အစိုးရသစ်တက်လာသည့်နောက်
အလုပ်သမားသမဂ္ဂဖွဲ့စည်းခွင့် ဥပဒေပြဋ္ဌာန်းပြီးသည့်နောက် ယခုနှစ်
ပထမဆုံးအကြိမ် လွတ်လွတ်လပ်လပ် ကျင်းပခွင့်ရခြင်းလည်းဖြစ်သည်။ 

ယင်းအခမ်းအနားမှ ကြေညာချက်တစောင်ထုတ်ပြန်ရာတွင် အလုပ်သမားအရေးနှင့်
ပတ်သက်၍ ယခုလက်ရှိ အစိုးရသို့ အချက် ၇ ချက်ကို ဆောင်ရွက်ပေးပါရန်
လေးနက်စွာမေတ္တာရပ်ခံ လိုက်သည်။ 

ယင်းတို့အနက်တွင်
အရှေ့တောင်အာရှနိုင်ငံများထက် မနိမ့်သည့် အခြေခံ လုပ်ခလစာ ပြဋ္ဌာန်း
သတ်မှတ်ပေးရန်၊ လုပ်သက် ၆ လပြည့်သည့် လုပ်သားများအား အမြဲတမ်း
လခစားအလုပ်သမား ၀န်ထမ်းအဖြစ် မပျက်မကွက်ခန့်ထားရေး ၊ အလုပ်ချိန် တနေ့ ၈
နာရီ သတ်မှတ်ပေးရေးနှင့် နိုင်ငံတကာ စံနှုန်းများနှင့် ညီသည့်
လုပ်အားခရရှိရေးတို့ပါဝင်သည်ကို တွေ့ရသည်။ 

သင့်တင့်သည့် လုပ်အားခရရှိရေးအတွက် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလဆန်းက
ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံမှ အလုပ်သမား
ထောင်ကျော် ၃ ပတ်ကြာ ဆန္ဒပြခဲ့ကြရာ နောက်ဆုံး ၀ါဏိဇ္ဖပဋိပက္ခခုံရုံးသို့
ရောက်ရှိခဲ့သည်။ 

ယင်းအခမ်းအနားသို့ တက်ရောက်လာသူ ပရိသတ် ၁၅၀ ကျော်ရှိသည်ဟု
တက်ရောက်ခဲ့သူတဦးက ပြောသည်။ ၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts