ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

အာဟာရဒါနကုသိုလ်နှင့် ဆေးကုသိုလ်

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဧပြီ ၂၆၊ ၂၀၁၂

• မျိုးဆက်သစ်တို့အတွက် အင်အား
၂၃.၄.၂၀၁၂ (တနင်္လာ) နေ့ နံနက် (၆း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်မှ အသင်းသား/သူများတို့သည် ဘုရင့် နောင်ပွဲရုံရှိ ရွှေစင်စင်္ကြာ ဆန်ရောင်းဝယ်ရေးသို့သွားရောက်ကာ အလှူရှင် ဦးလှမိုးလှိုင်+ဒေါ်ဝေဝေခိုင် (ရွှေစင်စင်္ကြာ အဆင့်မြင့်ခရီးသွားပို့ ဆောင်ရေးမိသားစု) တို့မှ လှူဒါန်းသော (၄) ပြည်ဝင်ဆန်အိတ် (၂၀၀၀) အိတ်တို့အား ဆယ်ဘီးကားကြီ (၂) စီးဖြင့်တင်ဆောင်၍ ရွှေစင် စင်္ကြာ ခရီးသွားပို့ဆောင်ရေးအဖွဲ့သားများ၏လှူဒါန်းမှုများအား နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသား/သူများနှင့်ပူးပေါင်း၍ ကော့မှူး မြို့နယ်တွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့လိုက်ပါ၍ လုပ်အားဒါနပြု လှူဒါန်းမှုများပြုလုပ်ခဲ့သည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူသည် ၂၂.၄.၂၀၁၂ ရက်နေ့ ညနေပိုင်းအချိန်တွင် ဟင်္သတမြင့်ငွေ၏မိခင်၊ တေးသံရှင် ဖြိုးကြီး၊ ယုဇနတို့၏ အဖွားဖြစ်သူ ဒေါ်ခလေးမ အသက် (၉၉) နှစ်၏ နာရေးကူညီမှု ဈာပနလမ်းကြောင်းအား နိဗ္ဗာန်ယာဉ်မောင်းနှင်နေစဉ်တွင် ရင်ဘတ်၌အောင့်လာရာမှစ၍ ညထမင်းစားချိန်၊ ၂၃.၄.၂၀၁၂ ရက်နေ့ နံနက်ပိုင်းချိန်အထိ သက်သာမှုမရှိခဲ့သည့်အတွက် ရွှေစင်စင်္ကြာ ခရီး သွားပို့ဆောင်ရေးအဖွဲ့နှင့်လိုက်ပါလာနိုင်ခြင်းမရှိဘဲ အောင်ရတနာဆေးရုံရှိ အစာအိမ်နှင့်အူလမ်းကြောင်း အထူးကုဆရာဝန်ကြီးထံသို့ သွား ရောက်ပြသကာ မှန်ပြောင်းဖြင့် အစာအိမ်တွင်းသို့ ကြည့်ရှုစစ်ဆေးမှုကိုခံယူခဲ့သည်။ ထို့ကြောင့် နံနက်ပိုင်းတွင် အသင်းသား/သူများ မထွက် ခွာပြီး ဥက္ကဋ္ဌဦးကျော်သူမှ “ကိုယ့်ကိုယ်ကို လူကြီးလို့သတ်မှတ်၊ လုပ်ငန်းလုပ်ဆောင်ရာမှာ စည်းကမ်းတကျစီမံခန့်ခွဲပြီး သေသပ်အောင် လုပ် ကိုင်လှူဒါန်းခဲ့ကြ၊ ကိုယ့်ကိုယ်ကို နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌအဖြစ် သတ်မှတ်ကြပြီးလုပ်ဆောင်ကြ” ဟူ၍ မှာကြားခဲ့သည်။

ဦးစွာပထမ ကော့မှူးမြို့နယ်၊ ဆင်ခြံကျေးရွာရှိ “အောင်ဇမ္ဗူ ပရိယတ္တိစာသင်တိုက်” ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ရောက်ရှိခဲ့သည်။ အောင်ဇမ္ဗူပရိယတ္တိစာသင်တိုက်အား ၂၂.၄.၁၉၉၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဘုန်းတော်ကြီး သင်ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအား ၂၇.၃.၁၉၉၁ ခုနှစ်တွင် တည်ထောင်ဖွင့်လှစ်ခဲ့သည်။ ဆရာတော်သည် အနယ်နယ်အရပ်ရပ်မှ မိမဲ့၊ ဖမဲ့၊ မိဘမဲ့၊ ဆင်းရဲနွမ်းပါး အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားရန်ခက်ခဲနေသော ရပ်နီးမှ ကလေးသူငယ် များအား နေ့တက် ကျောင်းသား/သူအဖြစ်လက်ခံ၍ (စာရေးကိရိယာနှင့် ပညာသင်စရိတ်) အခမဲ့ဖြင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (အလယ်တန်းအဆင့်) ဖွင့်လှစ်ကာ လောကီအတန်းပညာများ သင်ကြားပေးခြင်း၊ ရပ်ဝေးမှ တိုင်းရင်းသား ကလေးသူငယ်များအား လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာဖွင့်လှစ်ကာ ကျောင်းတွင်းစည်းမျဉ်းစည်းကမ်းများနှင့်အညီလက်ခံ၍ ပထမငယ်၊ ပထမလတ်၊ ပထမကြီး၊ ဓမ္မာစရိ ယစသော လောကုတ္တရာစာပေများနှင့် လောကီအတန်း ပညာရပ်များကိုလည်း ဘွဲ့ရသည်အထိ တာဝန်ယူသင်ကြားပေးခြင်း၊ အနာဂတ်တွင် နိုင်ငံ့သားကောင်း ရတနာများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် စာရိတ္တပညာများကို သင်ကြားပေးခြင်း၊ စားရေး၊ ဝတ်ရေး၊ ကျန်းမာရေးနှင့် နေထိုင်ရေးအတွက် ပင်ပန်းကြီးစွာ ကျောင်းနေကလေး (၂၀၀) ဦးနှင့် မူကြို (၆၀) ဦး၊ မူလတန်းလွန် (၄၁၆) ဦး၊ အလယ်တန်း (၄၀၂) ဦး၊ အထက်တန်း (၃၂) ဦး စုစုပေါင်း (၉၁၀) ဦးတို့အား ရှာဖွေကျွေးမွေးကာ သင်ကြားပြုစုပျိုးထောင်ပေးနေသည့်အပြင် အရွယ်ရောက်သူ လူငယ်တိုင်း အသက် မွေးဝမ်းကျောင်း အတတ်ပညာရရှိစေရန် ရည်ရွယ်၍ ၂၀၁၀ ခုနှစ်မှစတင်၍ (ဆံပင်ညှပ်သင်တန်း၊ ကွန်ပြူတာသင်တန်း၊ သူနာပြုအကူသင်တန်း) အစရှိသည့် သင်တန်းအချို့များ ဖွင့်လှစ်ပို့ချနိုင်ခဲ့သည့် ကျောင်းအုပ်ဆရာတော်ကြီး၏ မွန်မြတ်သောပရဟိတ စေ တနာအား ကြည်ညိုလေးစားကာ ရွှေစင်စင်္ကြာခရီးသွားပို့ဆောင်ရေးအဖွဲ့မှ (၄) ပြည်ဝင်ဆန်အိတ် (၁၀၀၀) အိတ်အား လှူဒါန်းပေးအပ် မည်ဖြစ်ရာ ရွှေစင်စင်္ကြာအဖွဲ့သားများ၊ နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသား/သူများနှင့် ဘုန်းတော်ကြီးကျောင်းရှိ လူငယ်/ရွယ်များတို့ မှ ဝိုင်းဝန်းကူညီကာ မော်တော်ယာဉ်ပေါ်မှ (၄) ပြည်ဝင်ဆန်အိတ် အလုံးရေ (၂၀၀၀) အနက် ဆန်အိတ် (၁၀၀၀) လုံးအား လက်ဆင့်ကမ်းကာ သယ်ဆောင်ခဲ့ကြသည်။ ယင်းနောက် ဆရာတော်ကြီးမှ အလှူရှင်ဂုဏ်ပြုလွှာအား ပြန်လည်ပေးအပ်ကာ အမှတ်တရမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ပြီးနောက် ဆရာတော်ကြီးအားနှုတ်ဆက်ကာ ဆက်လက်လှူဒါန်းမည့်နေရာသို့ ခရီးဆက်ခဲ့ကြတော့သည်။

ဒုတိယခရီးစဉ်အဖြစ်ခရီးဆက်ခဲ့ရာ တွံတေးမြို့နယ်၊ ဘုရားကြီးရွာရှိ လူမှုဝန်ထမ်းဦးစီးဋ္ဌာန၏ အသိအမှတ်ပြု (ဒုတိယအဆင့်) “မင်္ဂလာလူ ငယ်ဖွံ့ဖြိုး ရေးပရဟိတဂေဟာ” သို့ ရောက်ရှိခဲ့သည်။ မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသင်တန်းကျောင်းအား ၁၉၉၉ ခုနှစ်၊ မေလ ပိုင်းတွင် စတင်ထူထောင်ခဲ့သည်။ အစိုးရ အ.မ.က မူလွန်ရှိ၊ မိမဲ့၊ ဖမဲ့၊ မိဘမဲ့ ဆင်းရဲနွမ်းပါး တိုင်းရင်းသား၊ နာဂစ်ကျောင်းသား/သူ များ အပါအဝင် ထိန်းသိမ်းစောင့်ရှောက်ကျွေးမွေးထားခဲ့ရာ ယနေ့အထိ (၁၃) နှစ်တာကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ မိဘမဲ့ကလေးသူငယ် စုစုပေါင်း (၇၀၀) ကျော်အား လက်ရှိအချိန်တွင် ဆရာတော် ဘဒ္ဒန္တစန္ဒိမာ (မိဘမဲ့ဆရာတော်) ဘုရားကြီးမှ နိုင်ငံသားကောင်း သမီး ကောင်း ရတနာများပေါ်ထွန်းလာစေရန်၊ လူ့ဘဝ၊ လူ့လောကအလယ်၌ အသိပညာ အတတ်ပညာများ ပြည့်စုံကြစေရန်၊ ကျောင်းသား/သူများ၏ ဘဝရှေ့ရေး အဆင့်မြင့်ပြီး ကိုယ်ကျင့်တရားကောင်းမွန်စေရန်နှင့် ရှေ့အနာဂတ်ခရီး၌ တိုင်းပြည်အတွက် အထောက်အကူပြုနိုင်ကြမည့် ရည်ရွယ်ချက်များဖြင့် ပြုစုပျိုးထောင် စောင့်ရှောက်လျှက်ရှိသည်။ မင်္ဂလာ ပရဟိတသင်တန်းကျောင်းသို့ (၄) ပြည်ဝင်ဆန်အိတ် (၁၀၀၀) အိတ်တို့အား နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသား/သူများနှင့် ရွှေစင်စင်္ကြာ ခရီးသွားပို့ဆောင်ရေးအဖွဲ့သားများသည် မော်တော် ယာဉ်ပေါ်မှ ဆန်အိတ်များအား လက်ဆင့်ကမ်းကာ သယ်ယူခဲ့ကြပြီးနောက် ဆရာတော်ကြီးမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချပေးခဲ့သည်။

ရွှေင်စင်္ကြာ အဆင့်မြင့်ခရီးသွားပို့ဆောင်ရေးမိသားစု အလှူရှင်များနှင့်အတူ စည်းစည်းလုံးလုံး တိုင်တိုင်ပင်ပင်ဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှာကြားခဲ့သည့်အတိုင်း စည်းစနစ်ကျစွာဖြင့် လှူဒါန်းမှုအစုစုတို့အား အောင်အောင်မြင်မြင်ပြီးမြောက်ခဲ့သော ကြောင့် ဤအလှူဒါနသည် အနာဂတ်တိုင်းပြည်၏ ခေါင်းဆောင်ကောင်းလေးများ ပေါ်ထွက်လာရန်အတွက် ပညာသင်ကြားနေကြသော မျိုးဆက်သစ်လူငယ်များအတွက် မရှိမဖြစ်လိုအပ်သောအင်အားများအတွက် အာဟာရဒါနကုသိုလ် ကောင်းမှုတစ်ရပ်ပင်ဖြစ်တော့သည်။
…….. …….

• သုခကုသိုလ်ဖြစ်ဆေးခန်း (ပဲခူး) ဖွင့်ပြီ

Buddha who nurses the sick (သူနာပြုသောဗုဒ္ဓ) ဟူ၍ မြတ်စွာဘုရားရှင်မှ နာမကျန်းဖြစ်နေသော သံဃာတော်တစ်ပါးအား ဆေး၊ ရေ တိုက်ကျွေးနေသောပုံတော်ပါ သုခကုသိုလ်ဖြစ်ဆေးခန်း (ပဲခူး) ဆေးကုသရေး ဖွင့်ပွဲအခမ်းအနားဖိတ်ကြားလွှာတွင် ပဲခူးမြို့၊ ဒက္ခိဏသာခါရာမကျောင်းတိုက်ဝင်းအတွင်းတွင် သုခကုသိုလ်ဖြစ်ဆေးခန်း (ပဲခူး) အား နံနက် (၅း၀၀) နာရီအချိန်တွင် အာရုဏ်ဆွမ်းဆပ်ကပ်ခြင်းနှင့် ဘုရားအနေကဇာတင်ခြင်း၊ နံနက် (၈း၀၀) နာရီမှ (၁၀း၀၀) နာရီအချိန်ထိ ဧည့်သည်တော်များအား ဧည့်ခံ ကျွေးမွေးခြင်းနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းတို့အား ၂၅.၄.၂၀၁၂ (ဗုဒ္ဓဟူး)နေ့ တွင် ကျင်းပပြုလုပ်ခဲ့သည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့ဦးဆောင်၍ အလုပ်အမှုဆောင်အဖွဲ့များ၊ နာရေး ကူညီမှုအသင်း (ရန်ကုန်) ၏ ရာသက်ပန်ဧည့်အသင်းသား ကိုဆောင်းဦးလှိုင်နှင့် အသင်းသား/သူများတို့မှ သွားရောက်ချီးမြှင့် လေ့လာမှုများ ပြုခဲ့ကြသည်။ ပဲခူးမြို့၊ ဒက္ခိဏသာခါရာမကျောင်းဆရာတော်ကြီး၏ ကျောင်းဝင်းကျယ်ကြီးအတွင်းတွင် နာရေးကူညီမှုအသင်းနှင့် ပညာဒါန သင်တန်းများအပြင် ယခုဆိုလျှင် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ သုခကုသိုလ်ဖြစ် ဆေးခန်းခွဲဖြစ်သော သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး) ဟူ၍ ထပ်မံတိုးချဲ့ကာ ပရဟိတလုပ်ငန်းများကို လုပ်ဆောင်နေပြီဖြစ်သည်။ သုခကုသိုလ်ဖြစ်ဆေးခန်း (ရန်ကုန်) အနေဖြင့် သုခကုသိုလ်ဖြစ် ဆေးခန်း(ပြည်) အပြင် သုခကုသိုလ်ဖြစ်ဆေးခန်း (ပဲခူး) ဟူ၍ဖွင့်လှစ်ကာ အများပြည်သူတို့၏ ကျန်းမာရေးအား (အခမဲ့) ကုသပေးနေပြီ ဖြစ်သည်။

သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)တွင် လုပ်အားပေးဆရာဝန် (၁၈) ဦးတို့မှ အလှည့်ကျကုသပေးကာ ပဲခူးမြို့၊ ပြည်သူ့ဆေးရုံကြီးမှ သားဖွား သူနာပြုဆရာမများနှင့် သူနာပြုဆရာမများကလည်း အစိုးရရုံးပိတ်ရက်ဖြစ်သော တနင်္ဂနွေနေ့တွင် အလှည့်ကျလာရောက်၍ ကုသိုလ်ဖြစ် ကူညီဖေးမကြမည် ဖြစ်သည်။ သုခကုသိုလ်ဖြစ်ဆေးခန်း (ပဲခူး) ဟူ၍ ဖြစ်ပေါ်လာခြင်းမှာ သုခကုသိုလ်ဖြစ်ဆေးခန်း (ပြည်) ပေါ်ပေါက်လာပုံ နှင့် ဆင်တူယိုးမှားဖြစ်သည်။ လွန်ခဲ့သော (၂) နှစ်ခန့်က မြန်မာပြည်အရပ်ရပ်တွင် ရေရှားပါးမှုပြဿနာများဖြစ်ပေါ်လာ၍ မြန်မာပြည် အ လယ်ပိုင်းဒေသများအား ပြည်မြို့မှ မိုးမေတ္တာပရဟိတသွေးလှူအဖွဲ့ခေါင်းဆောင် ကိုညီညီအောင်နှင့်ကိုမိုးကြီးတို့ အကူအညီဖြင့် အဝီစိတွင်း များတူးဖော်ခြင်း၊ အုတ်ကန်များတည်ဆောင်ခြင်း၊ ရေပိုက်များသွယ်တန်းပေးခြင်း၊ ရေစုပ်စက်များ တပ်ဆင်ပေးခြင်း စသည့် ကူညီဖေးမမှုများ ကို ပြုလုပ်ခဲ့ရာတွင် မိုးမေတ္တာပရဟိတသွေးလှူအဖွဲ့၏ ပရဟိတစိတ်ဓါတ်ရှိခြင်း၊ ငွေစာရင်းရှင်းတမ်းများအား တိကျစွာပြန်လည်ရှင်းလင်းနိုင် ခြင်းတို့အပြင် ကိုယ်ကျိုးစွန့်၍ အများအကျိုးကိုပေးဆပ်လိုသောစိတ်ဓါတ်များရှိခြင်းကြောင့် သုခကုသိုလ်ဖြစ်ဆေးခန်း (ပြည်) ဟူ၍ မွေးဖွား ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုနည်းတူစွာ မြန်မာပြည်အရပ်ရပ်တွင် ရေရှားပါးမှုကြောင့် ရေတူးဖော်ပေးခြင်း၊ အုတ်ကန်၊ အဝီစိ၊ ရေပိုက် စသည့် ရေကုသိုလ်များကို ပဲခူးတိုင်းတစ်ဝိုက် ပဲခူးမြို့နယ်ဝန်းကျင်တွင် ပြုလုပ်ပေးခဲ့ရာတွင် ဒေသခံလူမှုရေးသမားဖြစ်သော ကိုသူရိန်တို့အဖွဲ့ အ ကူအညီဖြင့် အများပြည်သူတို့အား ကူညီဖေးမမှုများ လုပ်ကိုင်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယခုဆိုလျှင် ပဲခူးမြို့တွင် ကျန်းမာရေးချို့တဲ့၍ ဆေးဝါးကုသရန် ခက်ခဲသောဝေဒနာရှင်များအတွက် (အခမဲ့) ကုသပေးနိုင်ရန် သုခကုသိုလ်ဖြစ်ဆေးခန်း (ပဲခူး) အား ဖွင့်လှစ်ပေးခဲ့ခြင်း ပင်ဖြစ်သည်။

သုခကုသိုလ်ဖြစ်ဆေးခန်း (ပဲခူး) အား တပတ်လျှင် (၃) ရက် (ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေ) နေ့များတွင် နေ့လည် (၁၂း၀၀) နာရီမှ ညနေ (၃း၀၀) နာရီအထိ လုပ်အားပေးဆရာဝန်ကြီး (၁၈) ဦးတို့သည် ပဲခူးမြို့ ပရဟိတလူငယ်များဖြစ်သော ကိုသူရိန်အဖွဲ့နှင့် ပူးပေါင်းကာ အများ ပြည်သူတို့၏ကျန်းမာရေးအား သူနာပြုသောဗုဒ္ဓဟူသည့်ပုံတော် ပါ မြတ်စွာဘုရား နှစ်သက်အားပေးခဲ့သောလူနာများအား ကူညီဖေးမ ပြုစု ကုသပေးခြင်းတည်းဟူသော မြတ်ဗုဒ္ဓအလိုကျသော လုပ်ငန်းကြီးအား စတင်၍ထမ်းဆောင်နေပြီ ဖြစ်တော့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts