ပင်တိုင်ကဏ္ဍ မာမာအေး

သံသာလေကမ်းတိုင် – Mar Mar Aye

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၁၈)
မာမာအေး
ဧပြီ ၂၁၊ ၂၀၁၂



“—- မာအေးလဲ ဒီဖက် ကမ္ဘာတခြမ်းကို ရောက်လာတော့ အထီးကျန်လိုက်တာ လွန်ရောကိုး၊ ဆွေမျိုးစင်စစ် သီချင်းတွေထဲ နှစ်ထားရင် သက်သာမလားလို့ပေါ့။ ကိုယ့်သီချင်းတွေလဲ ရသမျှပြန်စု၊ တခြားအနုပညာရှင်တွေရဲ့ သီချင်းတွေလဲ စုဖြစ်တော့ နားထောင်ဖြစ်သွားတာပေါ့ —”


သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ …
မာအေး မွှေနှောက် ရောက်တတ်ရာရာ တေးကဗျာတွေ တမင် ရှားပေးခဲ့တာနဲ့ ‘သူဋ္ဌေးဝါဒ’ ခေါ်တဲ့ စာဆိုကျော်လူပျော်ကြီး နန်းတော်ရှေ့တင် ရေးသွားတဲ့ သီချင်းတပုဒ်ဟာလဲ နာမည်တူ နှစ်ပုဒ်ရှိတာဘဲလို့ ကေါင်းကေါင်းကြီး သိပြီပေါ့နော်။ ဒီသီချင်းဟာ သူ့ကျွန်ခေတ်က စိတ်ဓါတ်ကျနေတဲ့ ကိုယ့်အမျိုးသါးတွေ စိတ်အားပေးဘို့အကြောင်းခံနဲ့ ရေးဖြစ်ခဲ့တာလို့လဲ ကြားဖူးခဲ့ရပါတယ်ရှင်။

ကဗျာတပုဒ်ဟာ စာတအုပ်လို့ မှတ်ယူကြတယ်ဆိုရင်၊ ကဗျာဂိုဏ်းဝင် ‘သီချင်း’ ဆိုတဲ့အရာမှာလဲ သည်မူကိုဘဲ ကေါက်ယူဘို့ရှိတာဘဲ၊ စိတ်ကူးယဉ်တည်တဲ့ ဇါတ်အိမ်နဲ့ ဖြစ်ရပ်မှန်နဲ့တည်တဲ့ ဇါတ်အိမ်၊ တခုခုတော့ ကိုယ်စီ ရှိနေမှာပါရှင်။

မာအေးလဲ ဒီဖက် ကမ္ဘာတခြမ်းကို ရောက်လာတော့ အထီးကျန်လိုက်တာ လွန်ရောကိုး၊ ဆွေမျိုးစင်စစ် သီချင်းတွေထဲ နှစ်ထားရင် သက်သာမလားလို့ပေါ့။ ကိုယ့်သီချင်းတွေလဲ ရသမျှပြန်စု၊ တခြားအနုပညာရှင်တွေရဲ့ သီချင်းတွေလဲ စုဖြစ်တော့ နားထောင်ဖြစ်သွားတာပေါ့။ ဟိုတုန်းက သီချင်းနားထောင်ဖြစ်တယ်ဆိုတာ အသံလွှင့်နေရင်း အလုပ်ခွင်ထဲမှာပါ၊ တာဝန်ချိန်ထဲမှာ သီချင်းလေး လွှင့်ပေးထားရင်း၊ အချိန်စာရင်းတွေ၊ နောက်နေ့အစီအစဉ်တွေကလဲ ရေးရမှတ်ရသေးတာ ဆိုတော့ အာရုံစိုက်မိတာခြင်း ဘယ်တူပါ့မလဲ ရှင့်။ ခု ပြန်ကြားရတော့ အသစ်လိုပါဘဲ။ ဟိုအချိန်တုန်းက ဘယ်လိုဘာညာတွေကိုပါ သတိရ၊ ကိုယ့်ကမ္ဘာ ကိုယ့်လောကကိုတမ်းတ၊ အစီအရီ ရင်ထဲက ရုပ်ရှင်ရုံမှ တပြပြ ဖြစ်လာပါတယ်။

အဲဒီအထဲကနေပြီး သောတရှင်တွေကို ပြောပြပေးဘို့ကေါင်းတဲ့အကြောင်း တွေးမိခဲ့ရင် ပျော်လို့ရတယ်။ ကိုယ်ပြောပြမယ့်အကြောင်းနဲ့ တိုက်ဆိုင်တဲ့ သီချင်းလေးတွေ တွေ့ရင်လဲ အတူတူဘဲ။ ချစ်ဆွေတို့ကို တခုခု လက်ဆောင်ပေးလို့ရပြီ ဆိုတဲ့ မျှဝေခြင်း၊ သဒ္ဓါပျော်ခြင်းမျိုး ခံစားရပါတယ်လို့ ဆိုချင်တာ၊ အချိန်အခါ အခြေအနေကို ကြည့်ပြီး အချိန်မတန်သေးပါဘူးလေလို့ ချန်ထားတာမျိုး၊ ပြောပြလို့ကေါင်းပါ့မလားလို့ သိမ်းထားမိတဲ့ သီချင်းမျိုးလေးတွေလဲ မာအေးဆီမှာ ရှိပါတယ်၊ အထူးသဖြင့် ပုဂ္ဂိုလ်ရေးအကြောင်းရင်းခံနဲ့ ပြောပြရမယ့်သီချင်းမျိုးပေါ့ရှင်။

မာအေးဟာ မွေးကတည်းက သဘင်နဲ့ဂီတသားတွေကြားမှာ ကြီးပြင်းလာခဲ့တာမို့ အားလုံးဟာ ရင်းပြီးသားတွေချည်းပေါ့။ သူတို့အကြောင်းကြောင်းတွေကို သူတို့ပြောပြော မပြောပြော မျက်စေ့ဖွင့်နားစွင့် သည်အကျင့်ကြောင်း မသိမရှိဖြစ်နေလောက်ပြီပေါ့ရှင်။ အကိုချစ်ဆွေတို့၊ အကိုလှထွတ်တို့၊ ဖိုးသန်းဖေတို့ဆို ပြောမနေနဲ့တော့ – သူတို့အိမ်ထောင်မကျခင် ကတည်းက ညီအကိုလိုနေလာတာဘဲဟာ – သူတို့ချစ်ချစ်တွေထက် မာအေးက ပိုသိနိုင်တာ ဆန်းသလား။

အဲဒီအရင်းဆုံးသုံးယောက်မှာတောင် ဇါတ်လမ်းတွေ ရှိခဲ့ပေမယ့် အကိုလှထွတ်ရဲ့ ဆောင်းမင်းသမီးဖွဲ့သီချင်းလေးအကြောင်းဘဲ ပြောခဲ့တယ်၊ တောင်ကြီးပြည်ထောင်စုပွဲသွားရင်း ‘ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ်’ ရေးဖြစ်ကြောင်း ပြောပြတုန်းကလေ – မှတ်မိတယ်မို့လား၊ တဖက်က သာမန်လူမသိတဲ့ အမျိုးသမီး ဖြစ်နေတော့ ပြဿနာ ပေါ်ဖို့မှ မရှိဘဲကိုး။ လူသိတဲ့နှစ်ဦးသာဆိုရင် ခက်တယ်၊ ကိုယ့်နိုင်ငံက ဟောလီဝုဒ်လို ဖြစ်ချင်ရာဖြစ်မောင်ဘချစ်လုပ်ဖို့ ကိုယ့်ယဉ်ကျေးမှု၊ လူမှုရေးအမြင်နဲ့ ရင်ထဲက ခွင့်မပြုချင်တတ်ဖူးရှင့်။ ပရိသဒ်ဖက်မှာ ကိုယ်ချစ်တဲ့အနုပညာရှင်ကို ပြစ်မျိုးမှည့်မတင်ဖြစ်စေချင်တဲ့ စေတနာ ရှိနေတာကို နားလည်နေတော့ စိတ်မကွက်အောင် ရှောင်ရတာပေါ့နော်။

ဒီနေ့တော့ ကိုယ့်အတွေးနဲ့ကိုယ် သိမ်းထားမိတဲ့ သီချင်းလေးတပုဒ်ကို ထုတ်ပြတော့မလို့ စကါးတွေ ပလ္လင်ခံနေတာ ကြာသွားပါတယ်ရှင်။ ဒီသီချင်းလေးကို ရေးခဲ့တဲ့သူ၊ အသံရှာထည့်ပေးခဲ့တဲ့သူ၊ သီချင်းရဲ့ အကြောင်းခံ ဇါတ်အိမ်ဖွဲ့ခဲ့တဲ့သူတွေ အားလုံး မရှိတော့တဲ့သီချင်းလေးပါ။ အရင် နားဆင်ကြပါနော်။ နာမည်က ‘သံသာလေကမ်းတိုင်’ တဲ့။ မြန်မာအသံမှာ သီးသန့် အသံသွင်းပေးခဲ့ရတဲ့ အမှတ်တရတပုဒ် ဖြစ်ပါတယ်။ ပြီးမှ ဆက်ပြောကြတာပေါ့။

(*သံသာလေကမ်းတိုင်)
ရေ – အညာသား
အသံ – ကိုတင်အောင်သန်း

ဘ၀နဲ့တင်စား … ပန်းချီကါးတချပ်အမြင် … သာယာသော ပိတောက်နန်းမှ (ပန်းဝါ၀ါ အခက် အခက်)၂ x သံသရာကမ်းတဖက်တွင် … xxx

တွဲလက်ကယ်တူယှဉ်၊ အသဲနှစ်မွှာ အမြဲသာ မခွဲမခွာ လှန်းပြိုင်မယ်လို့၊ ချစ်မဏ္ဍိုင် မယိုင်မလဲ၊ ခိုင်မြဲတူတူ ကူးခတ်ခဲ့တယ်ရှင် xxx

မုန်တိုင်းမမွှေ လှိုင်းလေ မကြမ်းပေမယ့် ဟိုမှာဖက်ကမ်းမရောက်မီတွင်၊ တယောက်မေ … တယောက်မေမှာ ကျန်ရစ်ခဲ့လို့ပင် xx ဘ၀ခရီးဖေါ် ချစ်သူမောင်က ခရီးတဖန်ဆက်လက်၊ အထီးကျန်သက်သက် ကူးသွားပါရင် အားငယ်ညှိုးမှာ စိုးပါတယ်ရှင်။ အားမာန်ပျောက်မှာ ကြောက်ပါတယ်ရှင် xxx

လျှောက်လိုက်စမ်းပါ … ၊ ကြင်နာသူနှင့်၊ ပင့်သက်လှိုက်ဇေါ၊ မက်မက်မောလည်း၊ ချစ်တောဘယ်ခါ – မရောက်သာမို့၊ ကြည်သာညွတ်နူး၊ အချစ်မှူးရှင်၊ နှစ်ဦးလျှောက်တာ မြင်ပါချင် …၊ သံသာလေကမ်းတိုင် တူပြိုင်ပြိုင်အရောက် ကူးမြောက်စေကြောင်း … ဆုတောင်းပါတယ်ရှင် xxx

 

ဘီဘီစီ အသံလွှင့်ဌာနhttp://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

စာစီစာရိုက် – မျိုးဇော်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts