နိုင်ငံတကာရေးရာ

စိတ်ဝင်စားမိတဲ့ နိုင်ငံတကာသတင်းခေါင်းစဉ်များ – ဧပြီ ၂၁ – News

နိုင်ငံတကာသာဂိ၊ ဧပြီ ၂၁၊ ၂၀၁၂

နိဒါန်း
– နိုင်ငံတကာသတင်းခေါင်းစဉ်တွေ ကောက်နုတ်ချက်ကို မရေးတာကြပြီ။ အခုတော့ ဧပြီ ၁ မြန်မာပြည်ရွေးကောက်ပွဲအပြီး၊ ဧပြီ လလယ် သင်္ကြန်နှစ်သစ်ကူးပွဲတော်အပြီးမှာ  မှတ်ထင်ထင်ဖြစ်မိတဲ့ နိုင်ငံတကာသတင်းခေါင်းစဉ်များကို
ချရေးလိုက်ပါတယ်။

ရီပတ်ဘလစ်ကန်သမ္မတလောင်းအဖြစ် မစ်ရော်နီ သေချာ

          ၂၀၁၂ နှစ်ဆန်းကတည်းက အမေရိကန်ပြည်မှာ အတိုက်အခံပါတီကြီး (ရစ်ပတ်ဘလစ်ကန်ပါတီ)ရဲ့ သမ္မတလောင်းရွေးပွဲ ချိမ့်ချိမ့်သဲ စည်ကားခဲ့တယ်။ ရှေးရိုးစွဲတဲ့သဘောထားရှိသူ နိုင်ငံရေးခေါင်းဆောင်တွေ အပြိုင်အဆိုင် ပါတီဝင်တွေ၊ မဲဆန္ဒရှင်တွေကို အပြိုင်အဆိုင်မဲဆွယ်လိုက်ကြတာမှာ လက်ယာစွဲ အရင်းရှင် မစ်ရော်နီက ခရစ်ယာန်အစွဲသန် ဆန်တိုရမ်နဲ့ သူတင် ကိုယ်တင်ဖြစ်နေရာက  ဆန်တိုရမ်က သူ့မိသားစုကိစ္စကြောင့် သမ္မတလောင်း မဲဆွယ်ပွဲကနေ နောက်ဆုတ်လိုက်ပါပြီ။ သည်တော့ လက်ယာအစွန်းရောက် ရစ်ပတ်ဘလစ်ကန်ပါတီကြီးအတွက် အရင်းရှင်စီးပွားရေးလုပ်ငန်းရှင်တို့ စိတ်ကြိုက် မစ်ရော်နီဟာ လာမယ့် သြဂုတ်ပါတီညီလာခံမှာ ပါတီသမ္မတလောင်းအဖြစ် အတည်ပြုခံရဖို့ သေချာနေပြီ ဖြစ်ပါတယ်။ နောက်မေးခွန်းတခုကတော့ သူ့အတွက် ဒုသမ္မတလောင်း ဘယ်သူဖြစ်မလဲ ဆိုတာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ အမြင့်မားဆုံးဗဟိုတရားရုံးချုပ်က အိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကို နာကြား

          ၂၀၁၀ မှာတုန်းက အိုဘားမားနဲ့ ဒီမိုကရက်တစ်ကြီးစိုးတဲ့ ကွန်ဂရက်လွှတ်တော်ကနေ အမေရိကန်ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို ရစ်ပတ်ဘလစ်ကန်တွေ တားဆီးဖို့ အစွမ်းကုန်ကြိုးစားတဲ့ကြားက အတည်ပြုနိုင်ခဲ့ပါတယ်။ သို့သော်လည်း ရစ်ပတ်ဘလစ်ကန်အားကောင်းတဲ့ ပြည်နယ်ပေါင်း ၂၆ ခုက ဗဟိုတရားရုံးချုပ် (Supreme Court) မှာ အယူခံဝင်ပြီး အိုဘားမားဥပဒေဟာ အခြေခံဥပဒေနဲ့ မညီဘူးလို့ စောဒက တက်ထားပါတယ်။

သူတို့ပြောတာကတော့ ကျန်းမာရေးဥပဒေမှာ အမေရိကန်ပြည်သားတိုင်းမှာ ကျန်းမာရေးအာမခံ (Health Insurance) ၀ယ်ယူရမယ်ဆိုတာက လူ့အခွင့်အရေးကို စော်ကားတယ်လို့ ပြန်လှန်စွတ်စွဲထားတာ ဖြစ်ပါတယ်။ အစိုးရက ပြည်သူတွေကို မည်သည့် ကုန်ပစ္စည်း၊ ၀န်ဆောင်မှုကိုမျှ ဥပဒေနဲ့ အတင်းအကြပ် ၀ယ်ခိုင်းခွင့်မရှိလို့ ထောက်ပြထားပါတယ်။   သို့သော် အမေရိကန်မှာက ကျန်းမာရေးစာရိတ်ကြီးလွန်းတာကြောင့်  ကျန်းမာရေးအာမခံချက်မရှိရင် (၀ယ်မထားရင်) ဆေးရုံ၊ ဆေးခန်းတွေမှာ ဆေးကုသမှာ ကုသဖို့၊ စောင့်ရှောက်မှု ရဖို့ အခက်အခဲတွေ အကန့်အသတ်တွေ ရှိနေတာကြောင့်တကြောင်း၊ အာမခံချက်မရှိသူတွေကို  အစိုးရတွေ ပြည်နယ်တွေက အစိုးရဘဏ္ဍာနဲ့ စိုက်ထုတ်ကုသရတာကလည်း စာရိတ်ထောင်း အကြွေးတင်တာကြောင့်တကြောင်း အခုလို ဥပဒေနဲ့ စီစဉ်တာဖြစ်ပါတယ်။ ဆက်လက်စောင့်ကြည့်ရမယ့် ဥပဒေရေးရာ အငြင်းပွားမှု ဖြစ်ပါတယ်။
ဖလော်ရီဒါမှာ ၁၇ နှစ်သား လူမည်းကို သီးသန့်ရပ်ကွက်စောင့် လူဖြူကင်းသမားက ပစ်သတ်မှု
          လွန်ခဲ့တဲ့ မတ်လကုန်ခန့်က ဖလော်ရီဒါပြည်နယ်၊ မြို့ငယ်လေးတခုမှာ ဆိတ်ငြိမ်ရပ်ကွက်တခုက ကိုယ်ထူကိုယ်ထ ကင်းသမားက ရပ်ကွက်ထဲဖြတ်ပြီး မုန့်သွားဝယ်တဲ့ လူမည်း ၁၇နှစ် ကျောင်းသားကလေးကို  မသင်္ကာလို့ နောက်ယောင်ခံလိုက်ရာက အငြင်းအခုံဖြစ်ပြီး သူ့ကိုင်ထားတဲ့ သေနတ်နဲ့ အသေပစ်သတ်လိုက်တဲ့ အမှုဟာ အတော်ကို အမေရိကန်ကို ဂယက်ရိုက်သွားပါတယ်။
          ဖလော်ရီဒါပြည်နယ်မှာ ဥပဒေတခုက  Stand your ground ဆိုတဲ့ အခွင့်အရေး၊ မိမိအသက်ကို ကာကွယ်ဖို့ တပါးသူကို လိုအပ်ရင် လိုက်လံခုံခံကာကွယ်ခွင့်၊ သတ်ဖြတ်ခွင့်ရှိတယ် ဆိုတယ်။ သည်တော့ သတ်တဲ့လူဖြူက အဲသည်ကလေးကို မသင်္ကာလို့ လမ်းမှာ နောက်ကလိုက်ပြီး မေးမြန်းစုံစမ်းရင်း အငြင်းအခုံဖြစ်လို့ ရန်ဖြစ်လို့ မိမိအသက်အတွက် ခုခံပြီး သတ်ရတာလို့ ပြောတဲ့အတွက် ရဲက မဖမ်းပဲ လွှတ်ပေးလိုက်တာကြောင့် တပြည်လုံးက လူမည်းတွေ၊ လူ့အခွင့်အရေးသမားတွေက မခံမရပ်နိုင်ဖြစ်ပြီး လမ်းပေါ်ထွက်၊ မြို့ကလေးအထိသွားပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြရတယ်။
          အခုတော့ ပြည်နယ်က အထူးတရားသူကြီးခန့်အပ်ပြီး အဲသည် လူသတ်သူ လူဖြူကို ပြန်လည်ဖမ်းဆီးလိုက်ပြီ။ ဒုတိယအဆင့်လူသတ်မှု (2nd degree murder) နဲ့ အမှုစွဲဆွဲပြီး အရေးယူ ကြားနာမှာ ဖြစ်ပါတယ်။ အဲသည်အမှုကိုလည်း စိတ်ဝင်စား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts