ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

ဘက်စုံပေးဆပ်မှုများ

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဧပြီ ၂၁၊ ၂၀၁၂

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ထပ်မံ၍ တိုးချဲ့ပေးဆပ်မည်ဖြစ်သော အရေးပေါ်ကူညီ ကယ်ဆယ်ရေးတည်းဟူသော မီးလောင်ကျွမ်းမှု၊ မော်တော်ယာဉ်တိုက်မှု စသည့်မှုခင်းများတွင် အသက်အန္တရာယ်စိုးရိမ်ရသောလူနာများအား အချိန်မီအသက်ကယ်တင်နိုင်ရန်အတွက် သက်ဆိုင်ရာအစိုးရဆေးရုံကြီးများသို့ ပို့ဆောင်ကယ်တင်နိုင်ရန်ရည်ရွယ်ကာ နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ အရေးပေါ်လူနာတင် ယာဉ်အား မေလဆန်းပိုင်းတွင် စတင်အကောင်အထည်ဖော်တော့မည်ဖြစ်သည်။ လူနာတင်ယာဉ်ပေါ်တွင် လိုက်ပါကြမည့် လူမှုရေးသမား အားလည်း မြန်မာနိုင်ငံ တိုင်းကြက်ခြေနီအဖွဲ့မှလာရောက်၍ အရေးပေါ်ရှေးဦးသူနာပြုစုနည်းသင်တန်းအား စာတွေ့လက်တွေ့ သင်ကြား ပို့ချခဲ့ရာ လူမှုရေးသမား အယောက် (၃၀) ဦးတို့သည် သင်တန်းဆင်း အောင်လက်မှတ်များကိုလည်း ရရှိခဲ့ပြီးဖြစ်သည်။

၁၉၊ ၄၊ ၂၀၁၂ ရက်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသားဖြစ်သူ ဦးသန်းစိန်၏ မိခင် ဒေါက်တာဒေါ်ကြည်ကြည်သည် အ သက်အရွယ်ကြီးမြင့်လာသည်နှင့်အမျှ အမောဖောက်ကာ အသက်ရှုရန်ခက်ခဲသည့်အတွက် သုခကုသိုလ်ဖြစ်ဆေးခန်း (ရန်ကုန်) မှ အောက်ဆီဂျင်အိုးသွားရောက် ပေးပို့ခဲ့သော်လည်း လူနာ၏အခြေအနေမှာ အသက်အန္တရာယ်စိုးရိမ်ရသည့်အတွက် ဆရာဝန်၏ ညွှန်ကြား ချက်အရ အရေးပေါ်ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ရန် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ဆက်သွယ်အကြောင်းကြားခဲ့သည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိသီတဂူဆရာတော်ဘုရားကြီး လှူဒါန်းထားသော အရေးပေါ်လူနာတင်ယာဉ်အား ဥက္ကဋ္ဌ ဦးကျော်သူနှင့် ကြက်ခြေနီသင်တန်းဆင်း၊ နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသား/သူများမှ လျင်မြန်စွာဖြင့် ရန်ကင်းမြို့နယ် ဘောက်ထော်ရှိ ဦး သန်းစိန်၏နေအိမ်သို့သွားရောက်ကာ မိခင်ဖြစ်သူ ဒေါက်တာဒေါ်ကြည်ကြည်အား လူနာတင်ယာဉ်ပေါ်သို့ သယ်ဆောင်ပြီး ဆရာဝန်ညွှန်ကြား ထားသော အလုံမြို့နယ်ရှိ အာရှတော်ဝင်ဆေးရုံသို့ အောက်ဆီဂျင်ပေး၍ ပို့ဆောင်ခဲ့သည်။ အာရှတော်ဝင်ဆေးရုံသို့ရောက်ရှိသော် အရေး ပေါ်ကုသဆောင်တွင်းသို့ အချိန်မီသယ်ဆောင်ပို့သခဲ့ကာ ဆေးရုံရှိ ဆရာဝန်ကြီးများ၏ကုသမှုကိုခံယူခဲ့သည်။

မိခင်ကြီး ဒေါက်တာ ဒေါ်ကြည်ကြည်သည် ယနေ့ ၂၀၊ ၄၊ ၂၀၁၂ ရက်နေ့တွင် ကျန်းမာရေးပြန်လည်ကောင်းမွန်ကာ သတိပြန်လည်ရရှိ နေပြီဖြစ်ကြောင်း သိရှိရသည့်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် များစွာဝမ်းမြောက်ပီတိ ဖြစ်မိသည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) သည် လူ့လောကထဲသို့ ရောက်ရှိလာသောကလေးငယ်များအတွက် ကိုယ်ဝန်ဆောင်မိခင်များအား ခွဲစိတ်မွေးဖွားပေးခဲ့သလို၊ ကလေးငယ်များ၏ ပညာရေး (ယဉ်ကျေးလိမ္မာသင်တန်းများ၊ အင်္ဂလိပ်စာ အခြေခံသင်တန်းများ) ကို ပို့ချသင်ကြားပေးခဲ့သည့်အပြင် လူငယ် /ရွယ်များအတွက်လည်း ကွန်ပြူတာသင်တန်း၊ အင်္ဂလိပ်စာ (ရေး – ဖတ် – ပြော) သင်တန်းများ၊ လူမှုရေးသင်တန်းများအပြင် အလုပ် အကိုင်ရှာဖွေရေးအတွက် စာရင်းကိုင်သင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်း၊ ဒီဇိုင်နာသင်တန်းများကိုပါ (အခမဲ့) ဖွင့်လှစ်သင်ကြား ပေး ခဲ့သည်။ ၎င်းအပြင် ကျန်းမာရေးချို့တဲ့သော လူနာများအားလည်း (အခမဲ့) ဆေးဝါးကုသပေးခြင်းတို့ကိုပြုလုပ်ပေးကာ ဘဝတစ်ပါးသို့ ကူး ပြောင်းသွားသော သူတို့အတွက်လည်း နာရေးကူညီမှုလုပ်ငန်းအား (အခမဲ့) ကူညီဖေးမပေးဆပ်ခဲ့သည်။ ယခုဆိုလျှင် အသက်မဆုံးရှုံး သင့် ဘဲ မဆုံးရှုံးရအောင် အချိန်မီ အသက်ကယ်တင်နိုင်ရန် အရေးပေါ်ကူညီကယ်ဆယ်ရေးဝန်ဆောင်မှုအားလည်း တိုးချဲ့လုပ်ကိုင်ပေးဆပ် နိုင် ပြီဖြစ်တော့သည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ကမ္ဘာမြေပြင်သို့ရောက်ရှိလာသော လူသားများ၏ ကမ္ဘာမြေပြင်မှ ပြန် လည်ထွက်ခွာသွားသည့်အချိန်အထိ လိုအပ်မှုများကို အရှိန်အဟုန်မြင့်စွာဖြင့် လူသားချင်းစာနာစိတ်မွေး၍ ဘက်စုံပေးဆပ်ကူညီမှုများကို တိုးချဲ့လုပ်ဆောင်နေပြီဖြစ်တော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts