ကဗျာ

ဆိုကရေးတီး … လိပ်ပြာ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ကမာပုလဲ
မတ်လ ၁၉၊ ၂၀၁၂

အမှန်တရားသည် အမှန်တရားအတွက်
ပြစ်ဒဏ်အဆိပ်ခွက်ကို ရွေးချယ်သောက်သုံးလိုက်တဲ့အခါ …။

ထားရစ်ခဲ့
ခေတ်အဆက်ဆက် မျက်ရည်တွေ ထားရစ်ခဲ့
မမေ့သင့် မမေ့အပ်တဲ့ သွေးစွန်းအထိမ်းအမှတ်နေ့တွေ ထားရစ်ခဲ့
မျှော်တလင့်လင့် သက်ပြင်းမောတွေ ထားရစ်ခဲ့
မေတ္တာတရားနဲ့ ရှေ့ဆက်ရမယ့် အနာဂတ်နေ့တွေ ထားရစ်ခဲ့ …။

ထားရစ်ခဲ့
ကမ္ဘာစစ်ကြီးနှစ်ခုကို ထားရစ်ခဲ့
ဟီရိုရှီးမား၊ နာဂါစကီ မြို့ပျက်ကြီးတွေရဲ့
အနုမြူဗုံးသင့်ပြည်သူတွေကို ထားရစ်ခဲ့
ဗီယက်နမ် ကျူးကျော်စစ်ကို ထားရစ်ခဲ့
စစ်ဆန့်ကျင်ရေးအဆိုတော် ဂျွန်လင်နွန်ကိုထားရစ်ခဲ့
ပြဿနာတပြုံတထွေးနဲ့ အရှေ့အလယ်ပိုင်းဒေသကို ထားရစ်ခဲ့
ခုခံကျဆုံးသူတွေရဲ့ သမိုင်းဂုဏ်ရောင်ပြောင်မှုမှာ ….
လွတ်မြောက်မှုကို ထားရစ်ခဲ့
မီးလောင်နေတဲ့ကမ္ဘာကြီးမှာ စစ်အေးခေတ်ကိုထားရစ်ခဲ့
ကိုယ်ရေပြားရောဂါသည်တွေရဲ့ ပြည်တရွှဲရွှဲလက်တွေထဲမှာ …
မာသာထရီဇာ … သူတော်စင်မကို ထားရစ်ခဲ့
ဂလိုဘယ် ၀မ်းမီးတွေရဲ့ မီးတောက်မီးလျှံတွေထဲမှာ …
ခိုကိုးရာမဲ့ ကျေးလက်ကလေးတွေကို ထားရစ်ခဲ့
အပျိုရည်ပျက်နေတဲ့ ငြိမ်းချမ်းရေးယဇ်ပလ္လင်ထက်မှာ …
နိုင်ငံတော်လူသတ်မှုတွေကို ထားရစ်ခဲ့
ခက်ခက်ခဲခဲ လျှောက်လှမ်းခဲ့ရတဲ့ ယုံကြည်ချက်ခရီးကြမ်းလမ်းမှာ
သစ္စာမြဲမှုရဲ့သင်္ကေတ ဘ၀တံတားကလေးတွေကို ထားရစ်ခဲ့ …။

ထားရစ်ခဲ့
နေ့အလင်းမသစ်မီ
ကမ္ဘာပျက် အဝေးပြေးလမ်းမတွေအပေါ်
အရှက်အကြောက်ကင်းမဲ့ မျက်နှာများ
မျက်နှာပြောင်တိုက် မင်းမူနေချိန်
ခေါင်းမာမာနဲ့ မိုက်မိုက်ကန်းကန်း ဆက်ချစ်နေဆဲ .. ဒီကဗျာကို
ဆိုကရေးတီးရဲ့ အဆိပ်ခွက်ထဲမှာ … ထားရစ်ခဲ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts